ခွေးလေခွေးလွင့်နဲ့ ရေဆိုးပြဿနာတွေ ဖြေရှင်းမယ်ဆိုတဲ့ ဒုမြို့တော်၀န် ဦးစိုးလွင်

ဓာတ်ပုံ ရင်းမြစ်, U Soe Lwin Facebook
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစိုးလွင်ကို စည်ပင်ကော်မတီဝင်တွေက မဲပေးပြီးတော့ ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဦးစိုးလွင်ဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ စည်ပင်သာယာ ရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်၊ ပန်းဘဲတန်း၊ ဒဂုံ၊ တာမွေစတဲ့ မြို့နယ်ပေါင်း ၁၃ မြို့နယ်ကို ကိုယ်စားပြုတဲ့ မဲဆန္ဒနယ် အမှတ် ၃ ကနေ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန် မြို့တော်ဝန်ကို အထောက်အကူပေးဆောင်ရွက်ရမယ့် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကို ဘီဘီစီက မေးမြန်းထားပါတယ်။
ဘီဘီစီ။ ဒုတိယ မြို့တော်ဝန် တယောက် အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အတွက် ဘာတွေကို အဓိကထားဆောင်ရွက် သွားမှာပါလဲ။
ဦးစိုးလွင်။ မဲဆွယ်တုန်းကတော့ ခွေးလေ ခွေးလွင့် ပြဿနာတွေ ၊ ရေဆိုး ပြဿနာတွေ ကိုင်တွယ်ဖို့ ပြောထားတာ ရှိတယ်။ ခုတော့ နိုင်ငံခြားက လာကူပေးနေတာလည်း ရှိတယ်လို့ ပြောတယ်။ ဒီ ရေဆိုး ကိစ္စ ၊ မြောင်းကိစ္စ ၊ ခွေးလေ ခွေးလွင့် ကိစ္စတွေလည်း ရှိတယ်။ အဲဒါကို ပြည်ပက အကြံပေးနေတာ ရှိတယ်တဲ့ ။ ဒါတွေကို ကြည့်ပြီး ထပ်လုပ်ရမှာပေါ့ ။

ဓာတ်ပုံ ရင်းမြစ်, U Soe Lwin Facebook
ဘီဘီစီ။ လက်ရှိမှာ စည်ပင် ဥပဒေ ထွက်ထားတယ်။ ဒီဥပဒေသစ်မှာ လမ်းဘေး စျေးသည် ကိစ္စ ၊ အမှိုက် စွန့်ပစ်တဲ့ ကိစ္စ ၊ ဒါတွေကို ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ဥပဒေတွေလည်း ထည့်ထားတယ်။ ဒီဥပဒေသစ်ကို လူတွေ လိုက်နာကြဖို့ ၊ ဝန်ထမ်းတွေကလည်း ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ ဒါတွေကို ဘယ်လို လုပ်ဆောင်သွားမှာပါလဲ။
ဦးစိုးလွင်။ ပညာပေးရမယ် အရင်ဆုံး ၊ ဒီဥပဒေသစ်တွေ ဒီလို ရှိပါတယ် ဆိုပြီးတော့လေ။ စစ်ဆေး အရေးယူဖို့တော့ မသင့်လျော်သေးဘူးပေါ့နော်။ အနည်းဆုံး တလ ၊ နှစ်လ ပညာပေးရမယ်။
ဘီဘီစီ။ ပညာပေးရမယ် ဆိုတော့ ဥပဒေက ထွက်ထားတာ ၂၀၁၈ ဇွန်လကတည်းက အခုဆို ခြောက်လကျော်နေပြီ ဆိုတော့ ပညာပေး ကာလ ထပ်တိုးရမယ့် သဘောလားရှင့်။
ဦးစိုးလွင်။ အခု ဥပဒေသစ်က ခြောက်လကျော်နေပြီ၊ ဒါပေမဲ့ ပြည်သူတွေက မသိသေးဘူး ဆိုတော့ ဒီဟာကို သိအောင် လုပ်ရမယ်၊ ထောင်ဒဏ် ငွေဒဏ်တွေ များလာတာကို လူထုကို အသိပေးရမယ်၊ အခု မြို့နယ် တွေမှာလည်း ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်သစ်တွေ၊ အတွင်းရေးမှူးတွေလည်း ရှိလာပြီ ဆိုတော့ သူတို့က ပညာပေးလိမ့်မယ်။
ဘီဘီစီ။ ပြည်သူတွေကလည်း စည်းမျဉ်း လိုက်နာမှု အပိုင်း အားနည်းတယ် ၊ တဖက်ကလည်း စည်ပင်၀န်ထမ်းတွေ ကိုယ်တိုင်ကလည်း ဥပဒေ အရ ဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိနေတော့ ၀န်ထမ်းတွေ ဘက်မှာရော ပြုပြင်ဖို့ လိုနေလား။
ဦးစိုးလွင်။ လိုတာပေါ့။ ကိုင်တွယ်တော့ ကိုင်တွယ်ရမှာပဲ၊ သူတို့ ကြည့်ပြီး လုပ်ရမှာပဲ။ သူတို့ အခက်အခဲ ဘာတွေ ရှိလဲ၊ ပြည်သူတွေ အခက်အခဲ ဘာရှိလဲပေါ့ ။ တအားတင်းရင်လည်း မရဘူးလေ။
ဘီဘီစီ။ ရန်ကုန်တိုင်း စည်ပင်အတွက် အကြီးမားဆုံး အခက်အခဲက ဘာတွေ ဖြစ်မလဲ ။
ဦးစိုးလွင်။ ယာဉ်ကြောပိတ်တာပေါ့။ အခက်အခဲ ကတော့ အများကြီးပဲ၊ သေချာပြောဖို့ ခက်တယ်၊ အခက်အခဲ အများကြီးကို ရှိတယ် ။ အဲ့ဒါတွေ လုပ်ရမှာပေါ့။
ဘီဘီစီ။ ဦးစားပေး ဖြေရှင်းရမှာက ဘာတွေလဲ။
ဦးစိုးလွင်။ ဦးစားပေးရမှာ ကတော့ အကုန်လုံးပဲ။ အရေးကြီးတာက အကုန်လုံး လိုလိုပါပဲ။ စည်းကမ်းရှိအောင် ထိန်းရမှာပဲ။ တိုင်းပြည်က ဆင်းရဲနေသေးတယ်လေ ။ စည်းကမ်းရှိအောင် အရင်ဆုံး လုပ်ရမယ် ။ စည်းကမ်းနဲ့ ထိန်းရမှာပေါ့။

ဓာတ်ပုံ ရင်းမြစ်, U Soe Lwin Facebook
သူ့အပေါ် ယုံကြည်စွာမဲပေး၊တာဝန်ပေးခဲ့တဲ့ အတွက် ရန်ကုန်မြို့တော်သူ၊မြို့တော်သားများအတွက် စည်ပင်သာယာလုပ်ငန်း ဆောင်ရွက်ချက်တွေကို အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ပေးဖို့ ကတိပြုကြောင်း၊ စည်းရုံးရေးကာလ အတွင်း ပြည်သူတွေရဲ့ စည်ပင်ဆိုင်ရာ အခက်အခဲတွေကို ကြားသိခဲ့ရတဲ့အတွက် ဒါတွေကို သူ့ရဲ့ ကော်မတီဝင် သက်တမ်း ၂ နှစ်တာ ကာလအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ စည်ပင်ရွေးကောက်ပွဲပြီး နောက်ရက်ဖြစ်တဲ့ ဧပြီ၁ရက်နေ့မှာ ဦးစိုးလွင် ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။








