ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် အထမြောက်

မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင်

ဓာတ်ပုံ ရင်းမြစ်, VITOR PHYO

ဓာတ်ပုံ ပုံစာ, မဲပေးသူတွေထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်းပါဝင်
ရေးသားခဲ့သည်။

မတ်လ ၃၁ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ မဲလာပေးကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ရွေးကောက်မှာ မဲပေးသူ ၁၀ ရာခိုင်နှုန်းသာ ရှိပေမယ့် စည်ပင်သာယာရေး ဥပဒေသစ်အရ နည်းပဒေမှာ ရာခိုင်နှုန်း ဘယ်လောက်မှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုတဲ့ သတ်မှတ်ချက် မပါရှိလို့ ရွေးကောက်ပွဲက အထမြောက်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင်ရုံး အတွင်းရေးမှုး ဦးဇင်မင်းလှိုင်က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့်မလို့ ကျင်းပအပြီး ၇ ရက်အတွင်း ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်စာရင်းကို နိုင်ငံပိုင် မီဒီယာက တဆင့် ထုတ်ပြန် ကြေညာသွားဖို့ ရှိတယ်လို့ ဦးဇင်မင်းလှိုင်က ဆိုပါတယ်။

" လောလောဆယ်တော့ ဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်တွေဆီ ရွေးကောက်ပွဲစာရင်း ရလဒ်တွေ ပေးပို့နိုင်ဖို့ လုပ်ဆောင်နေတယ်၊ ပြီးတာနဲ့ အနိုင်ရ ကိုယ်စားလှယ်စာရင်း ထုတ်ပြန်ပါမယ်" လို့ ဦးဇင်မင်းလှိုင်က ပြောပါတယ်။

နိုင်ငံတကာမှာတော့ အနည်းဆုံး မဲပေးသူ ရာခိုင်နှုန်း ၂၅ သို့မဟုတ် ၃၀ ပြည့်မီမှသာ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုပြီး သတ်မှတ်ထားချက်တွေ ရှိတယ်လို့ New Myanmar Foundation က မမြနန္ဒာက ပြောပါတယ်။

မဲဆန္ဒရှင် ပြည်သူတွေထဲမှာ ရွေးကောက်ပွဲ ရှိတာကို သိရှိပြီး စည်ပင်သာယာရေး လုပ်ငန်းတွေရဲ့ အရေးပါပုံကို သိရှိသူတွေ ရှိပေမယ့် မဲရုံက လက်တွေ့လာဖို့ရာမှာ စိတ်အားထက်သက်မှု မရှိတာကို တွေ့ရှိရတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ တချို့ ကတော့ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန် နေရသူတွေဖြစ်တယ်လို့ လေ့လာသူတွေ ဆိုပါတယ်။

" စည်ပင်နဲ့ ပတ်သက်တဲ့အလုပ် အရေးပါပုံကို သိတယ်၊ သိလျက်နဲ့ကို လာမပေးတာ၊ စားဝတ်နေရေး ကျပ်တည်းသူတွေကတော့ ဘယ်သူ့ပေးရမှန်း ဘယ်မှာပေးရမယ် မသိတော့ သွားကို မဲ မပေးတော့တာ။ အရင် ရွေးကောက်ပွဲမှာ မဲ ပေးခဲ့ပေမယ့် သူတို့ဘဝတွေကို သိသိသာသာ ပြောင်းလဲမှု မရှိဘူး ဆိုပြီး နိုင်ငံရေးကို စိတ်ဝင်စားမှု လျော့နည်းတာကို တွေ့ရတယ်" လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေတဲ့ မမြနန္ဒာက ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ဖျက်သိမ်းအပြီး အသစ် ပြန်လည် ရေးဆွဲထားတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်နဲ့ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ စည်ပင် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူတွေ

ဓာတ်ပုံ ရင်းမြစ်, Susanne Kempel

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်အရ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိ

အစိုးရအဖွဲ့သစ် ရွေးချယ်တင်မြှောက်ခံရချိန်တိုင်း မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေကို ပြန်လည်ရွေးကောက် တင်မြှောက်ရပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်တုန်းကတော့ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ရေးဆွဲခဲ့အပြီး ၂၀၁၄ ဒီဇင်ဘာမှသာ စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်တင်မြှောက်ပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ရှိ NLD အစိုးရ သက်တမ်း ၂ နှစ် ကျန်ချိန်မှာ ခုလို ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

စည်ပင်သာယာရေး လုပ်ငန်းတွေဟာ နေ့စဉ်လူမှုဘဝမှာ တနည်းနည်းနဲ့ အခက်ကြုံရတာကြောင့် ပြည်သူ့ကိုယ်စားလှယ် ရွေးချင်တင်မြှောက်ခွင့်ရှိတဲ့ စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ စောစောကျင်းပ ပြုလုပ်ပေးစေချင်သလို ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ဝင်းဝင်းအေးက ပြောပါတယ်။ အခု ရွေးကောက်ပွဲမှာ ပါတီဝင် ကိုယ်စားလှယ်တွေထက် အမှန်တကယ် လုပ်ဆောင် ဖြေရှင်း ပေးနိုင်တဲ့ သူကိုသာ မဲပေးရွေးချယ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်အရ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရှိပါတယ်။ အရင်တုန်းကတော့ ၂၀၁၃ ခုနှစ် စည်ပင် ဥပဒေအရ ကော်မတီဝင် ရွေးချယ်ရာမှာ နိုင်ငံရေးပါတီဝင်တွေ ဝင်ရောက် ရွေးကောက်ခံခွင့် မပြုသလို အိမ်ထောင်စု တစ်စုမှာ မဲ ၁ မဲ သာ ပေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဥပဒေသစ်အရ မဲဆွယ်စည်းရုံးရေး ကာလမှာ နိုင်ငံရေး ပါတီတွေရဲ့ အလံနဲ့ ကိုယ်စားပြု အမှတ်တံဆိပ်ကို သုံးစွဲပြီး မဲဆွယ်ခွင့်လည်း ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ် သုံးပြီး ယှဉ်ပြိုင်ခွင့် ပေးတာဟာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေအတွက် တရားမျှတမှု မရှိသလို ဖြစ်သွားတယ်လို့ တစ်သီးပုဂ္ဂလ တွေက ထောက်ပြပြောဆိုခဲ့တာတွေလည်း ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေးပါတီ ကိုယ်စားပြုသူတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေလည်း ပါဝင်ပြီး အများအားဖြင့် စည်ပင်သာယာရေး လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူတွေပါ ပါဝင်ယှဉ်ပြိုင် ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ပြောပါတယ်။

အခု စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေက အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် စည်ပင်သာယာရေး ဥပဒေအရ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မြို့တော် ကော်မတီဝင် နေရာ ၆ နေရာ ၊ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ် အတွက် မြို့နယ်အလိုက် ဥက္ကဋ္ဌ နေရာ၊ မြို့နယ် အလိုက် အဖွဲ့ဝင် ( ၁) နေရာစီ၊ မြို့နယ် အဖွ့ဲဝင် (၂) နေရာစီ အတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦး က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲအပြီးမှာတော့ မြို့တော် ကော်မတီဝင် ၆ နေရာအတွက် ၆ ဦး နဲ့ မြို့နယ် ၃၃ မြို့နယ်က ကိုယ်စားလှယ်လောင်း ၉၉ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၀၅ ဦး ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူတွေ

ဓာတ်ပုံ ရင်းမြစ်, Susanne Kempel

ဓာတ်ပုံ ပုံစာ, ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူတွေ

ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ မြို့နယ် စည်ပင်သာယာရေး လုပ်ငန်းတွေ ဖြစ်တဲ့ သောက်သုံးရေ ရရှိရေး၊ လမ်းတံတား၊ ရေမြောင်းစနစ်၊ မိလ္လာ စနစ်၊ အမှိုက်သိမ်းစနစ်၊ လမ်းဘေးဈေးဆိုင် စတဲ့ မြို့နယ်လူထု လိုလားချက်တွေကို စီမံလုပ်ကိုင်နိုင်မှာ ဖြစ်ပြီး၊ မြို့တော် ကော်မတီဝင်အဖြစ် ရွေးချယ်ခံရသူတွေဟာ မြို့ပြစီမံကိန်း၊ အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ စတဲ့ စီမံခန့်ခွဲမှုပိုင်းတွေကိုပါ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် စည်ပင်သာယာရေး ဥပဒေအရ မြို့နယ်အဆင့် စည်ပင်သာယာရေး ကော်မတီမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒုဦးစီးမှုးက ကော်မတီရဲ့ တွဲဘက်အတွင်းရေးမှုး အဖြစ် တာဝန်ယူရမယ်လို့ ပြဋ္ဌာန်း ပါရှိတာကြောင့် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး ပုံစံဖြစ်လာပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ပိုလုပ်ကိုင်ခွင့် ရရှိလာပါတယ်။

ဒါပေမယ့် မဲပေး ရွေးချယ်တင်မြှောက်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စား အားနည်းလာတာ လျော့နည်းလာတာက ဒီမိုကရေစီကို ကူးပြောင်းရေး နှောင့်နှေးစေတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။