မလုံ့တလုံ အမျိုးသမီးပုံ ပန်းချီကားတွေကတစ်ဆင့် မနှစ်မြို့စရာ အမှန်တရားကို ထုတ်ပြသူ - ခြူးဝေငြိမ်း

ဓာတ်ပုံ ရင်းမြစ်, Chuu Wei Nyein Facebook
"ပန်းချီကားထဲက မိန်းကလေးတွေက ကိုယ့်ခန္ဓာကို ကိုယ်ပိုင်တယ် ဆိုတာ နည်းနည်း ခနဲ့ ပြတဲ့ ပုံစံမျိုးပါ။
ပန်းချီကားတွေထဲက အမျိုးသမီးတွေက ခန္ဓာကိုယ်က ပွင့်ပွင့်လင်းလင်း ရှိတယ်၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတာမျိုး ဖြစ်ရင် ဖြစ်မယ်၊ ဒါပေမဲ့ မျက်နှာတွေက ပြုံးမနေဘူး၊ ခိုင်မာတယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်။
ခန္ဓာကိုယ်က ဖိတ်ခေါ်ပြီး ထိချင်စရာ ကိုင်ချင်စရာ ကောင်းတယ်လို့ မြင်ရင်တောင် မျက်နှာတွေကို ကြည့်ပြီး ထိတောင် မထိရဲတော့ဘူး ဆိုတဲ့ ပုံစံမျိုး သရုပ်ဖော် ရေးထားတယ်။"
ဒီလို ရည်ရွယ်ချက် နဲ့ အမျိုးသမီးပုံ ပန်းချီ လက်ရာတွေကို ဖန်တီးနေတာပါ ဆိုသူကတော့ ခံစားချက်တွေကို ပန်းချီနဲ့ ပုံဖော်တဲ့ ခေတ်ပြိုင် ပန်းချီတွေရေးဆွဲသူ မြန်မာ ပန်းချီ ဆရာမလေး မခြူးဝေငြိမ်း ဖြစ်ပါတယ်။
သူ ပန်းချီ စဆွဲတုန်းက လှပတဲ့ အရာတွေ ဆွဲမယ်၊ ကိုယ်ကြိုက်တာလေးတွေ ဆွဲမယ် ဆိုတဲ့ သဘောနဲ့သာ ဆွဲခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူဖန်တီးတဲ့ အဝတ်အစား မလုံ့တလုံ အမျိုးသမီးပုံ ပန်းချီကားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ဝေဖန် ခံရတာတွေ ရှိလာပါတယ်။
ဒါပေမဲ့ ဖန်တီးရှင် ပန်းချီဆရာမလေးမှာတော့ ဒီလို ပန်းချီကားတွေကို ဘာကြောင့် ဆွဲရတယ် ဆိုတာ အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
ဘာကြောင့် မလုံ့တလုံ အမျိုးသမီးပုံတွေ ဆွဲတာလဲ
မန္တလေးတက္ကသိုလ်မှာ အင်ဂျင်နီယာ ပညာရပ်ကို သင်ယူနေတဲ့ကာလ ၂၀၁၁ ခုနှစ်လောက်က မခြူးဝေငြိမ်းက သူ့ညီမကို ဆိုင်ကယ်ပေါ်တင်ပြီး အပြင်သွားခဲ့တဲ့ နေ့တစ်နေ့မှာ အမျိုးသား တစ်ယောက်က သူ့ညီမလေးရဲ့ ရင်သားကို အတင်း လာထိ ကိုင်တွယ်ပြီး ထွက်ပြေးသွားခဲ့တဲ့ ဖြစ်ရပ်ကြုံခဲ့ရပြီး နောက်ပိုင်း အမျိုးသားတွေက အမျိုးသမီးတွေ အပေါ် ဆက်ဆံကြတဲ့ ပုံ၊ အမျိုးသမီးတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝ တို့ကို လေ့လာကြည့်မိပြီး ဖော်ပြ ရေးဆွဲဖို့ စိတ် ဆုံးဖြတ် ခဲ့တာလို့ ပြောပါတယ်။
အဲဒီနေ့က ဖြစ်ရပ်ကို ရဲစခန်းမှာ တိုင်တန်းပြီး လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်ခဲ့ပေမဲ့ သူကိုယ်တိုင် ဆယ်ကျော်သက် အရွယ်ကတည်းက ကြုံခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာမျိုး မှာတော့ ဖြေရှင်းချက် ထွက်မလာခဲ့ဘူးလို့ မခြူးဝေငြိမ်းက ပြောပါတယ်။
မြန်မာ့ လူ့ဘောင် အသိုင်းအဝိုင်းမှာ မိန်းကလေးတွေကို ယောက်ျားလေးတွေက လာထိတာ ကိုင်တာ၊ စ နောက်တာမျိုး ကြုံရတဲ့အခါ အကျယ်အကျယ် မငြိမ်းဖွယ် ပြဿနာ ဖြစ်မလာအောင် ဆိုပြီး မကြားချင်ယောင် ဆောင်နေ၊ ပြန်မပြောနဲ့ ဆိုတာမျိုးကိုပဲ ကျောင်းက ဆရာ၊ဆရာမတွေ၊ အိမ်က မိဘ ဆွေမျိုးတွေ ကိုယ်တိုင်က သင်ပေးခဲ့ကြတယ်၊ မိန်းကလေးတွေရဲ့ နစ်နာမှု မကျေနပ်မှုတွေကို ကုစားပေးဖို့ မစဉ်းစားကြဘူးလို့ သူက ပြောပါတယ်။
ခေတ်အဆက်ဆက်က ဒီလိုမျိုး မကြားချင်ယောင်ဆောင်တဲ့ ဓလေ့က ရှိလာ ကြတော့ ယောက်ျားလေးတွေက သူတို့ စတာ နောက်တာ မိန်းကလေးတွေ အပေါ် ဆက်ဆံတာတွေဟာ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ်လိုပဲ သဘောထားပြီး အနိုင်ကျင့်ရာ ရောက်တယ်ဆိုတာ သတိမထားမိကြတော့ဘူးလို့လည်း သူက ဆိုပါတယ်။
သူ့ညီမလေးနဲ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ် နောက်ပိုင်း အမျိုးသမီးတွေ နေ့စဉ် ကြုံနေရတဲ့ ဘဝကို သတိထား လေ့လာ ကြည့်မိရာမှာ သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်း ကြားမှာ အလားတူအတွေ့အကြုံမျိုး ကြုံရတာတွေဟာ သတိထား ကြည့်လေ ပိုများလေ ဖြစ်တာ တွေ့ရတယ်လို့ မခြူးဝေငြိမ်းက ပြောပါတယ်။
ဒါကြောင့် လက်ရှိ ဖြစ်ပျက်နေတာတွေကို မကြားချင်ယောင် ဆောင်လို့ မရဘူး၊ အမျိုးသမီးတွေကလည်း ကိုယ်မကြိုက်တာ မကျေနပ်တာကို သတ္တိရှိရှိ ထုတ်ဖော် ပြောဖို့ လိုတယ် ဆိုတာ အမျိုးသမီးပုံ ပန်းချီကားတွေ ကတဆင့် တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
ကနုတ်ပန်း မျက်နှာ ပန်းချီကား
မခြူးဝေငြိမ်း ဖန်တီးတဲ့ အမျိုးသမီး ပန်းချီကား နောက်တစ်မျိုးကတော့ အမျိုးသမီးတွေရဲ့ မျက်နှာကို ကနုတ်ပန်းတွေနဲ့ ဖုံးထားတဲ့ ပန်းချီကားတွေပါ။
မျက်နှာကို ဒီလို ဖုံးထားလိုက်တဲ့ သဘောက အဲဒီ အမျိုးသမီးဟာ လူမှု ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူ့ဘောင် အသိုင်းအဝိုင်းက သူ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရ တော့အောင် လွှမ်းမိုး ထားတာ ခံရတယ် ဆိုတာ ပြချင်တာ ဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ သူတို့မှာ ခံစားချက်တွေ ရှိပေမဲ့ သိမ်းထား ကြရတယ်၊ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ ကိုတောင် မသိတော့ဘဲ သူ့ ပတ်ဝန်းကျင်၊ ခင်ပွန်းတို့က ဖြစ်စေချင်တာ လိုချင်တာကို ဖြည့်ဆည်း ပေးရင်းနဲ့ ပဲ ဘဝတွေ ပျောက်ဆုံးသွားကြတဲ့ အမျိုးသမီးတွေရဲ့ မွန်းကြပ်မှုကို ဖော်ပြတာ ဖြစ်ပါတယ်။
တချို့က သူတို့ ဒီလို အနိုင်ကျင့်ခံနေရတဲ့ ဘဝ ဖြစ်နေတာ သိကြပြီး တချို့က တော့ မသိကြတာတွေရှိတယ်၊ သိတဲ့သူတွေ က သူတို့ ပိုမွန်းကြပ် တယ် ဆိုတာ ထုတ်ဖော် ပြောစေချင် ပြီး မသိသေးသူတွေကို လည်း သူတို့ကို ပြုမူ ဆက်ဆံပုံတွေ မှားယွင်းနေတယ် ဆိုတာတွေကို သိသွားစေချင်တယ်လို့ မခြူးဝေငြိမ်းက ပြောပါတယ်။
အမျိုးသမီး မျက်နှာကို ဖုံးဖို့ ကနုတ်ပန်းကို ရွေးတာက မြန်မာမှု အနုပညာကို ကြိုက်နှစ်သက်လို့ ဖြစ်တယ်လို့ မခြူးဝေငြိမ်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
ကနုတ်ပန်း မျက်နှာ ပန်းချီ တီထွင်တာကတော့ မြန်မာပန်းချီဆရာတွေထဲမှာ မခြူးဝေငြိမ်းက ပထမဆုံး ဖြစ်ပါတယ်။
သူ့ပန်းချီကားတွေက Arcrylic ဆေးနဲ့ဆွဲတဲ့ ပန်းချီတွေကို စိတ်သန်တယ် ဆိုတဲ့ မခြူးဝေငြိမ်းက မြန်မာ့ရိုးရာ ဖျင်ထည်တွေ၊ ချိတ်ထည်တွေပေါ်မှာ လည်း ပန်းချီ လက်ရာတွေ ဖန်တီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
သတင်းစာဖြတ်ပိုင်း ပန်းချီ
နောက်ထပ် သူ့ရဲ့ ဖန်တီးမှု လက်ရာ တစ်ခု ကတော့ သတင်းစာ ဖြတ်ပိုင်းတွေကိုသုံးပြီး ဆွဲတဲ့ အမျိုးသမီး ပန်းချီကားတွေပါ။
ဥရောပကိုသွားဖြစ်ရာမှာ ပြင်သစ် နိုင်ငံကို ရောက်တော့ ကိုင်ကြည့်မိတဲ့ ပြင်သစ် သတင်းစာ တစ်စောင်မှာ မြန်မာ သတင်းတစ်ပုဒ်ကို တွေ့ရပြီး ဘာရေးထားမှန်း ဘာကို ဆိုလိုမှန်း မသိတဲ့ အတွက် စဉ်းစားမိရာကနေ အမျိုးသမီးပုံ ပန်းချီကား တွေကို သတင်းစာ ဖြတ်ပိုင်းတွေနဲ့ ဖန်တီးဖြစ်လာတာလို့ မခြူးဝေငြိမ်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
သတင်းကို နားမလည်ရင်တောင် သတင်းကို ပုံဖော်ပြထားတဲ့ ရုပ်ပုံတွေကို ကြည်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ ဖြစ်ပျက် ပြောင်းလဲ နေတဲ့ အရာတွေကို မြင်နိုင်မယ်၊ အဲဒီပန်းချီကားတွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာမှာ တချို့နေရာတွေမှာ ဖြစ်နေတဲ့ သိသင့်တာတွေကို သိသွားနိုင်မယ်၊ အသိပညာ ကြွယ်ဝအောင် ထပ်မံ လေ့လာဖို့ လိုသေးတယ် ဆိုတာ သိသွားအောင် သတင်းစာတွေနဲ့ ပန်းချီ ဖန်တီး တာလို့ မခြူးဝေငြိမ်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
ကိုယ့်နိုင်ငံတွင်းမှာပဲ နေခဲ့တဲ့ အချိန်က ပြည်ပနိုင်ငံတွေ အကြောင်း စိတ်ကူးနဲ့ တွေးမြင်ခဲ့တာတွေက ကိုယ်တိုင် ရောက်သွားတဲ့ အခါ မတူတာတွေ လည်း ရှိတယ်ဆိုတာ တွေ့ရလို့ ပန်းချီကားကို ကြည့်မိသူတွေ အနေနဲ့လည်း ဘောင်ကျယ်ကျယ် တွေးနိုင်၊ သိနိုင်၊ မြင်နိုင်၊ လေ့လာနိုင်အောင် ရည်ရွယ်ပြီး ဖန်တီးတာလို့ မခြူးဝေငြိမ်းက ပြောပါတယ်။
အကြိုက်ဆုံးကား
သူ့စိတ်ကြိုက် ပန်းချီကားကတော့ အမျိုးသမီး စီးရီး စဆွဲရာမှာ ပထမဆုံး ဆွဲဖြစ်တဲ့ သုံးကား ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကားတွေက လက်ရာပိုင်း အနေနဲ့ အခုနောက်ပိုင်း ဆွဲတာတွေကို မီချင်မှ မီမှာ ဖြစ်ပေမဲ့ အဲဒီပုံတွေကို ဆွဲဖြစ်လိုက်တဲ့အခါ ပန်းချီကားတွေမှာ သူ့ကိုယ်သူ တွေ့ရှိသွားတယ်၊ ဆိုလိုတာက သူပြောချင်တာ သူပြချင်တာ ဒါပဲ ဆိုတာ သိရှိသွားခဲ့ပါတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပြောစရာတွေ မကုန်မချင်း အမျိုးသမီး ပန်းချီတွေ ဆက်ဆွဲ ဖြစ်နေမှာ ဖြစ်ပြီး ဒါမျိုးပဲ ဆွဲမယ်လို့ ဘောင်ကန့်ထားတာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ကိုယ့်ကိုကိုယ် အမျိုးသမီး ဝါဒီ ပန်းချီဆရာမလို့ မထင်ပေမဲ့ အပြင်ကလူတွေကတော့ ဝေဖန် သုံးသပ်ပြီး ဒီလို ခေါင်းစဉ်တပ်တာမျိုးတော့ ရှိနိုင်တယ်လို့ မခြူးဝေငြိမ်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chuu Wai Nyein
အသက် ၂၆ နှစ် အရွယ် မခြူးဝေငြိမ်းဟာ ငယ်ငယ်ကတည်းက ပန်းချီကို ဝါသနာ ပါခဲ့သူ ဖြစ်ပါတယ်။
ပညာရေး အားနည်းမှာ စိုးရိမ်တဲ့ မိဘတွေက အားမပေးခဲ့လို့ မန္တလေး တက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ ရအောင် ပညာသင်ပြီးမှ ယဉ်ကျေးမှု တက္ကသိုလ်မှာ ပန်းချီ ပညာရပ်ကို တက်ရောက် သင်ကြားခွင့် ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရော ဥရောပနိုင်ငံတွေနဲ့ အမေရိကမှာပါ တစ်ကိုယ်တော် ပန်းချီ ပြခန်းတွေ သွားရောက် ပြသပြီး သူ့လက်ရာတွေကို လူတွေ စတင် သိရှိလာပြီ ဖြစ်ပါတယ်။
သူ့ရဲ့ လက်ရှိ ရည်မှန်းချက်ကတော့ ကိုယ်တိုင်ဆွဲ ပန်းချီကားတွေကို ပြပွဲ မလုပ်ရသေးတဲ့ နေရာတွေကို သွားပြနိုင်ဖို့ ဖြစ်ပါတယ်။
အရင်က ပန်းချီကို အချိန်ပြည့်ဆွဲပြီး ပန်းချီနဲ့ပဲ ရပ်တည်မယ်လို့ ရည်ရွယ်မထားခဲ့တဲ့ မခြူးဝေငြိမ်း တစ်ယောက် ပန်းချီ အနုပညာ လောကထဲကို ခြေစုံပစ် ဝင်ရောက်လာခဲ့ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။









