တရုတ် မြန်မာ နယ်စပ် မူဆယ်မှာ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှာ သစ်သီးတင်ကား တထောင် ပိတ်မိနေဆဲဖြစ် အပါအဝင် မနက်ခင်း သတင်းများ စုစည်းမှု

ပိတ်မိနေတဲ့ ကုန်တင်ကားတွေ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း

ဓာတ်ပုံ ပုံစာ, ပိတ်မိနေတဲ့ ကုန်တင်ကားတွေ
ရေးသားခဲ့သည်။

(၁) ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မရောင်းရသေးတဲ့ သစ်သီးပို့ ကုန်တင်ကား ထောင် ပိတ်မိနေဆဲ

ပြည်တွင်းက တင်ပို့တဲ့ ဖရဲသခွား သစ်သီးတင်ကုန်ကား အရေအတွက်နဲ့ တရုတ်ကို ဝင်ခွင့်ရတဲ့ ကားအစီး အရေအတွက်က မမျှလို့ သစ်သီးပို့ ကုန်တင်ကား အစီးရေ ၅ဝဝ ကျော်ဟာ ပန်ဆိုင်း-ဝမ်တိန် လမ်းပိုင်းမှာ ရှိနေပြီး မရောင်းရသေးတဲ့ သစ်သီးပို့ ကုန်တင်ကား ၁ဝဝဝ နီးပါးက ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရှိနေတယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁ဝ၅ မိုင် မှာရှိတဲ့ အဓိက ကုန်သွယ်ရေးဂိတ် ကျင်ဆန်းကျော့ဂိတ်ကို ပိတ်လိုက်လို့ ကုန်ကားတွေဟာ တခြားနယ်စပ်လမ်း တခုဖြစ်တဲ့ ပန်ဆိုင်းကနေ တရုတ်ပြည်ဘက်ကို ဝင်ထွက်သွားလာ နေရပေမယ့် ဆယ်ဂဏန်းလောက်ပဲ သွားလာနိုင်လို့ အခက်ကြုံ နေရဆဲ ဖြစ်ပါတယ်။

အဓိက ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်ဆန်းကျော့ ဂိတ်ကနေ ပုံမှန်ဆို တနေ့ကို ကုန်ကား ၇ဝဝ ကနေ ၁,ဝဝဝ အထိ တရုတ်ပြည်ဘက်ကို သွားလာနိုင်ပေမယ့် အခုဆိုရင် ပန်ဆိုင်းဂိတ်ကနေ ဆယ်ဂဏန်းလောက်ပဲ သွားလာနိုင်တဲ့ အတွက် ကုန်သည်တွေ အခက်ကြုံ နေရတာပါ။

တရုတ်ဘက်က လုံခြုံရေး တင်းကျပ်လာလို့ နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးလာပြီး ရာနဲ့ချီတဲ့ ကုန်တင်ကားတွေဟာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

အဓိက ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ ရက် ကတည်းက ပိတ်ထားတာ ၆ ရက် ကြာလာလို့ ဖရဲသီး၊ သခွားသီးတင်တဲ့ ကုန်ကားတွေဟာ အသီးအနှံတွေ ပုပ်ပြီး အဆုံးအရှုံးတွေ များနေတယ်လို့လည်း သစ်သီး ကုန်သည်တွေက ပြောပါတယ်။

" လက်ကျန်ကားတွေက ၁ ရက်ကို ၅ဝ ကျန် ၁ဝဝ ကျန်နဲ့ ရက်ရှည်လာတော့ အစီးရေ ရာချီ ပိတ်မိတယ်။ နောက်တက်လာတဲ့ ကုန်ကားတွေ အဝင်က ရပ်မသွားဘူး။ တရက် ပုံမှန် ၄၀၀ - ၅၀၀ အစီးရေ ဝင်တယ်။ ရှေ့က လက်ကျန်ကားတွေ ပုံနေချိန် နောက်ကားက ထပ်ဝင်လာနဲ့ ပိတ်နေတာက လျော့မသွားဘူး" လို့ အခက်ကြုံ နေရတာကို မူဆယ် ၁၀၅ မိုင်က အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီရဲ့ စီအီအို ဦးအောင်ကျော်မိုးက ပြောပါတယ်။

လက်ရှိ အသုံးပြုနေရတဲ့ ပန်ဆန်းလမ်းဟာ ဝေးလံပြီး ကုန်သွယ်ဖို့ အသုံးပြုတဲ့လမ်း မဟုတ်တဲ့အတွက် လမ်းက ကြမ်းပြီး ကျဉ်းမြောင်းလို့ ကုန်ကားအဝင်အထွက် အချိန်ကြာမြင့်တာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရှမ်းပြည်၊ တနင်္သာရီ၊ ကရင်နဲ့ မွန်မှာ အချိန်အခါမဟုတ် မိုးရွာမယ်

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်၊ တနင်္သာရီ၊ ကရင်နဲ့ မွန်မှာ အချိန်အခါမဟုတ် မိုးရွာမယ်

(၂ ) ရှမ်းပြည်၊ တနင်္သာရီ၊ ကရင်နဲ့ မွန်မှာ အချိန်အခါမဟုတ် မိုးရွာမယ်

ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဒီရက်ပိုင်းတွေ အချိန်အခါ မဟုတ် မိုးရွာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာလည်း နေရာကွက် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်း မုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရဲ့ အရှေ့တောင်ဘက် ၃၂၅ မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားလာတဲ့ အရှိန်ကြောင့် အချိန်အခါ မဟုတ် မိုးရွာနိုင်တာလို့ ဆိုပါတယ်။

ဆူဒန်နိုင်ငံမှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆူဒန်နိုင်ငံမှာ ဆန္ဒပြ

(၃) ဆူဒန်နိုင်ငံမှာ ဆန္ဒပြတာတွေ ဖြေရှင်းဖို့ လမ်းပြမြေပုံရှိတယ်လို့ သမ္မတပြော

ဆန္ဒပြတာတွေ ရင်ဆိုင်နေရတဲ့ ဆူဒန်နိုင်ငံမှာ သမ္မတ အိုမာ အယ်လ်ဘာရှားက နိုင်ငံ့စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လမ်းပြမြေပုံ ရှိထားတယ်လို့ ပြောဆိုပါတယ်။

မစ္စတာ ဘာရှာက ရွေးကောက်ပွဲကို ၂ဝ၂ဝ ပြည့်နှစ်မှာ ကျင်းပသွားမယ်လို့ နိုင်ငံကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ အဲဒီလို ပြောသွားတာပါ။

ဒါပေမယ့် သမ္မတသက်တမ်း နောက်တကြိမ် တာဝန် ထမ်း မထမ်း ဆိုတာတော့ မပြောသွားပါဘူး။ သမ္မတဟာ ဒီမိန့်ခွန်းကို ခါတွန်မြို့က သမ္မတအိမ်တော်ထဲကနေ ပြောခဲ့တာပါ။

အဲဒီအိမ်တော်ဟာ အစိုးရ ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲ ပြုလုပ်သူတွေ ပစ်မှတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

သမ္မတ အိမ်တော်ဝင်းကို စောင့်ရှောက်တဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြောင့် ဆန္ဒပြသူ တစ်ဦး အသေ ပစ်သတ် ခံခဲ့ရပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲခဲ့သလို လူဒါဇင်ချီကိုလည်း ဖမ်းခဲ့ပါတယ်။

သီတင်း ၂ ပတ် နီးပါးကြာလာပြီ ဖြစ်တဲ့ အခုဆန္ဒပြပွဲတွေကြောင့် လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီပမဏထက် နှစ်ဆအထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

(၄) ကန်သမ္မတနဲ့ အချိန်မရွေး တွေ့ဆုံဖို့ အဆင်သင့်ပဲလို့ မြောက်ကိုရီးယား ခေါင်းဆောင်ပြော

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အချိန်မရွေး တွေ့ဆုံဖို့ အဆင်သင့်ပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောလိုက်ပါတယ်။

သူ့ရဲ့နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားမှာတော့ သူ့အနေနဲ့ နျူကလီးယား ကင်းစင်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားလိုပဲ လိုအပ်တဲ့ အစီအမံတွေ ပြန်လုပ်ဖို့ လိုအပ်မယ်လို့ ကင်ဂျုံအွန်းက ပြောပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ စိတ်ရှည်မှုကို ကောက်ချက် အမှားချ တာ၊ တဘက်သတ် တောင်းဆိုမှုတွေ လုပ်တာမျိုး ရှိလာမယ်ဆိုရင်တော့ နောက်ထပ်လမ်းကြောင်း တခုကို သူရွေးရလိမ့်မယ်လို့ ကင်ဂျုံအွန်းက သတိပေး ပြောဆိုထားပါတယ်။

ဗီဒီယို ပုံစာ, ကန် မြောက်ကိုရီးယား ဆွေးနွေးပွဲ အောင်မြင်လို့ နှစ်ဘက်စလုံးပြော