တရုတ်အာဏာပိုင်တွေ လိုက်ဖမ်းလို့ မြစ်ထဲခုန်ချထွက်ပြေးတဲ့ မြန်မာအလုပ်သမား ၃ ဦး ပျောက်ဆုံး

ဓာတ်ပုံ ရင်းမြစ်, Thierry Falise/Getty Images
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ရွှေလီမြစ်ထဲကနေတဆင့် မြန်မာဘက်ဆန်တွေကို တရုတ်ဘက်ကို တရားမဝင် တင်ပို့ရာမှာ တရုတ် အာဏာပိုင်တွေက လိုက်ဖမ်းလို့ မြစ်ထဲခုန်ချထွက်ပြေးတဲ့ မြန်မာအလုပ်သမား ၃ ဦး ပျောက်ဆုံးနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်လှေသမား ၁ ဦး အပါအဝင် မြန်မာအလုပ်သမား ၁၁ ဦးဟာ တရုတ်နယ်စပ်ဘက်ကို တရားမဝင် တင်ပို့တဲ့ ဆန်အိတ်တွေ သယ်ချနေတုန်း သေနတ်ကိုင်ဆောင်ထားတဲ့ တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးလို့ ရွှေလီမြစ်ထဲ ခုန်ချထွက်ပြေးရာက ၃ ဦး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ကျန်အလုပ်သမား ၈ ဦးနဲ့ စက်လှေသမားကတော့ မြန်မာဘက်ခြမ်းကို ပြန်လည်ထွက်ပြေးလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျောက်ဆုံးသူတွေကို ရှာဖွေနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးအလုပ်သမား တစ်ဦးရဲ့ ယောက်ဖဖြစ်သူ မူဆယ်မြို့ခံဦးထွန်းက " ရွှေလီမြစ်ထဲ တမနက်လုံး စက်လှေနဲ့ ရှာနေတာ မတွေ့သေးဘူး။ တရုတ်ဘက်ကမ်း ကုန်တင်ကုန်ချ လုပ်နေတုန်း တရုတ်ရဲတွေက စက်လှေတွေထဲအဖိ ဆင်းဖမ်းတော့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲခုန်ချကြတာတဲ့၊ ၃ ယောက်လုံးက ရေမကူးတတ်ဘူး" လို့ ပြောပါတယ်။
တရုတ် - မြန်မာနယ်စပ် မူဆယ်ကနေ တင်ပို့နေတဲ့ ဆန်နဲ့ ပြောင်း ပို့ကုန်အချို့ကို တရုတ်ဘက်က ဘိန်း အစားထိုးအနေနဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ တနှစ်ကို တန်ချိန် သောင်းဂဏန်းခန့်သာ တရားဝင်တင်ပို့ခွင့် ပြုထားတာပါ။
စပါးပေါ်တဲ့ အခုလို ရာသီမျိုးမှာ တလကို တန်ချိန် ၁ သိန်း ခွဲလောက်အထိ တရုတ်ကုန်သည်တွေက အဝယ်ရှိနေလို့ ရွှေလီမြစ်ကနေ လှေတွေနဲ့ ဆန်အိတ်တွေကိုတင်ပြီး စစ်ဆေးရေးဂိတ်တွေ မရှိတဲ့ တရုတ်ဘက်အခြမ်းကို တရားမဝင် တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း တရုတ်ဘက်က ဆန်နဲ့ ပြောင်းအဝင် တင်းကျပ်လိုက်တဲ့ အတွက် မူဆယ် နယ်စပ်မှာတော့ ကုန်အရောင်းအဝယ် အားလုံးနီးပါး ရပ်ထားရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ မူဆယ်မြို့ခံ ဆန်ကုန်သည် ဦးရွှေမိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise/ Getty Images
အခုလို တရားမဝင် လမ်းကြောင်းက တင်ပို့ရတဲ့အတွက် နစ်နာမှုတွေ ရှိနေလို့ တရားဝင် လမ်းကြောင်းကနေ တင်ပို့နိုင်ဖို့ အသင်းအနေနဲ့ လုပ်ဆောင်ပေးနေတယ်လို့ မူဆယ်နယ်စပ်ဆန် ကုန်သည်အသင်း ဥက္ကဌ ဦးသန်းဌေးဦး ပြောပါတယ်။
မြန်မာ့ပဲမျိုးစုံကို နယ်စပ်ကနေ တရားဝင် တင်ပို့ခွင့် တရုတ်ဘက်က ခွင့်ပြုပေမယ့် ဆန်နဲ့ ပြောင်းကိုတော့ သူတို့နိုင်ငံရဲ့ တရုတ်စိုက်ပျိုးသူတောင်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ ခွင့်မပြုဘူးလို့ ဦးသန်းဌေးဦး ဆိုပါတယ်။
ကုမ္ပဏီ အနည်းငယ်ကိုတော့ တရားဝင် တင်ပို့ခွင့်ပြုပေမယ့် အခွန်နှုန်းထားကိုမြှင့်ပြီး ကောက်လေ့ရှိတယ် လို့လည်း သိရပါတယ်။
လတ်တလောမှာလည်း တရုတ်ဘက်က လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နှစ်နိုင်ငံနယ်စပ်မှာ တင်းတင်းကျပ်ကျပ် လှည့်လည်စစ်ဆေးနေတဲ့အတွက် သိုလှောင်ရုံတွေမှာ ကုန်တွေ ပုံနေပြီး ကုန်သည်တွေ အခက်ကြုံနေကြသလို ကုန်တင်ကုန်ချ လုပ်ဆောင်နေတဲ့ မြန်မာအလုပ်သမား တွေလည်း ဝင်ငွေမရှိ အခက်အခဲ ကြုံနေရတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။








