ရခိုင်အစိုးရ ဝန်ကြီး ၂ ဦး အဂတိမှုနဲ့ တိုင်ကြားခံရ

ရခိုင်
ဓာတ်ပုံ ပုံစာ, ဦးကျော်အေးသိန်းဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း တိုင်ကြားခံရပြီး ပြည်နယ် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပေမယ့် အမတ် ၃ ပုံ ၂ ပုံ ထောက်ခံမှု မရတဲ့အတွက် ရာထူးမှာ ဆက်ရှိနေခဲ့
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံကိန်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်တို့ကို အဂတိ လိုက်စားမှုနဲ့ စုံစမ်း အရေးယူပေးဖို့ ဒေသခံတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။

မြောက်ဦးမြို့နယ်အတွင်း လုပ်ငန်းတခု လုပ်ကိုင်ဖို့ တင်ဒါချပေးမှုမှာ ပွင့်လင်း မြင်သာမှု မရှိတာ အပါအဝင် စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်ဆောင်ခြင်း မရှိတာတွေကြောင့် အခုလို တိုင်ကြားခဲ့တာလို့ ဝတီရွှေမြေ ကုမ္ပဏီ ပိုင်ရှင် တဦးဖြစ်တဲ့ ဦးနှင်းထွန်းတိုးက ပြောပါတယ်။

ဦးကျော်အေးသိန်းကို တိုင်ကြားသူတွေထဲမှာ ဦးနှင်းထွန်းတိုးအပြင် မြောက်ဦးဒေသခံ ၅ ဦးနဲ့ လွှတ်တော် ကိုယ်စားလှယ် ၄ ဦး ပါဝင်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့်ကတော့ ဒီအကြောင်းကို သတင်း မီဒီယတွေမှာသာ တွေ့ရပြီး တရားဝင် တိုင်ကြားစာတော့ မရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တင်ဒါချပေးတဲ့ ကိစ္စမှာ လျှောက်ပိုင်ခွင့် ရှိတယ်လို့ ပြောဆိုထားတဲ့ ကြားက မလျှောက်လို့ မရတာ ဖြစ်တယ်လို့ တိုင်ကြားခံရသူ ၂ ဦးထဲက တဦး ဖြစ်တဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ယခင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်ကိုလည်း လုပ်ငန်း ဖော်ဆောင်မှု အားနည်းချက်တွေ ရှိတယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်ကြားခဲ့ရာမှာ လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်မှုအရ သူ့ကို နိုင်ငံတော် သမ္မတက တာဝန်က ရပ်စဲခဲ့ပါတယ်။

ရခိုင်ပြည်နယ် စီမံကိန်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း အလားတူ တိုင်ကြားခံရပြီး ရာထူးနေရာမှာ ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း ပြည်နယ် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပေမယ့် ထောက်ခံသူ များတဲ့ကြားက အမတ် ၃ ပုံ ၂ ပုံ ထောက်ခံမှု မရတဲ့အတွက် ရာထူးမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်အေးသိန်းဟာ ရခိုင်ပြည်နယ် အစိုးရက ရရှိတဲ့ ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံ အထိ ဆုံးရှုံးစေခဲ့တဲ့အပြင် နောက်ထပ်လည်း စီမံကိန်း ရန်ပုံငွေတွေ တောင်းခံတာတွေ ရှိနေတယ်လို့ ပြည်နယ် လွှတ်တော် အမတ်တချို့က ပြောဆိုထားပါတယ်။