မိုးထိမိုးမိ ရွှေတူးခွင့်ပြုမိန့် ကုမ္ပဏီဘက်က ပြန်မအပ်နိုင်သေး

ရွှေတွင်း လုပ်ကွက်ကို ပိတ်ထားရလို့ လုပ်သား ၅ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်နေ
ဓာတ်ပုံ ပုံစာ, ရွှေတွင်း လုပ်ကွက်ကို ပိတ်ထားရလို့ လုပ်သား ၅ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်နေ
ရေးသားခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ထုတ်ပေးထားတဲ့ ရွှေတူးဖေါ်ဖို့ ခွင့်ပြုမိန့်ကို နှစ်ပတ်အတွင်း ပြန်အပ်ဖို့ သတ္တုတွင်းဝန်ကြီးဌာနကပြောပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်း လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားတဲ့ အဲဒီ ကုမ္ပဏီကို ရွှေတူးဖေါ်ခွင့် ပိတ်လိုက်အပြီး ၈ လ အကြာမှာ ခွင့်ပြုမိန့် ပြန်အပ်ဖို့ သတ္တုတွင်း ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီမိုးထိမိုးမိ တောင်ပေါ် ရွှေတွင်းလုပ်ကွက် A ကို တူးဖေါ်ခွင့် ရထားတဲ့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းတို့ သဘောတူ စာချုပ်အရ ၂၀၁၆ ခုနှစ်ဆန်း ကနေ ၂၀၁၈ နှစ်ဆန်းပိုင်းထိ နိုင်ငံတော်ကို သွင်းဖို့ လိုအပ်တဲ့ ရွှေပိဿာ ၁၂၇၀ မသွင်းလို့ ဆိုပြီး ၂၀၁၇ နိုဝင်ဘာကတည်းက ရွှေတူးဖေါ်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘက်ကတော့ ရွှေတူးဖေါ်ခွင့်အမိန့် ပြန်အပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။ ရွှေတူးဖေါ်ခွင့်အမိန့်၊ ကုမ္ပဏီမှတ်ပုံတင်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း တွေကို သက်သေခံအဖြစ် တရားလွှတ်တော်ချုပ်ကို တင်ပြထားတဲ့ အတွက် သတ္တုတွင်း ဝန်ကြီးဌာနကို မအပ်နိုင် သေးတာလို့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီရဲ့ မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းအောင်စိုးက ပြော ပါတယ်။

အဲဒီတူးဖေါ်ခွင့် အမိန့်မူရင်းကို ၂ ပတ်အတွင်း ပြန်မအပ်ရင် နောက်ဆက်တွဲ ကြီကြီးမားမား အရေးယူ ခံရတာတွေ ရှိလာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အဲဒီ ခွင့်ပြုမိန့်က ဘာမှ လုပ်ကိုင်ခွင့်မရှိတဲ့ စာရွက်တစ်ရွက်သာ ဖြစ်သွားပြီး သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှန်သမျှ ဘာကိုမှ လုပ်ကိုင်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ သတ္တုတွင်း လုပ်ငန်းဌာန ဦးဆောင် ညွန်ကြားရေးမှူး ဦးသံဒိုင်က ဘီဘီစီကိုပြောပါတယ်။

မြန်မာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရွှေပိဿာ ၁၂၇၀ အတွက် တရားမ ကြောင်းအရ ဖြေရှင်း နေ

နိုင်ငံတော်ကို ပေးသွင်းရမယ့် ရွှေပိဿာ ၁၂၇၀ အတွက် တရားမ ကြောင်းအရ ဖြေရှင်း နေတယ်လို့လည်း သူက ဆိုပါတယ်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီရဲ့ မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ သူတို့ဘက်က ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားပေမယ့် သူတို့အပေါ် မတရား ဆောင်ရွက်တယ်လို့ ယူဆပြီး တရား ဥပဒေအရ ရင်ဆိုင်ဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အမိန့်စာချွန်လွှာ တင်ထားတယ်လို့ ပြောပါတယ်။

နိုင်ငံတော်ကို သွင်းဖို့ လိုအပ်တဲ့ ရွှေပိဿာချိန်ကတော့ ဝန်ကြီးဌာန ဘက်ကပြောသလို ၁၂၇၀ ပိသာ မဟုတ်ဘဲ ၁၀၁ ပိသာပဲ ကျန်တာလို့ သူက ပြောပါတယ်။ ရွှေတွင်း လုပ်ကွက်ကို ပိတ်ထားတဲ့အတွက် ကုမ္ပဏီနဲ့ လုပ်သား ၅ ထောင်ကျော် နစ်နာ သလို နိုင်ငံ အတွက်လည်း လစဉ် ကျပ်ငွေ ၂ ဘီလျံလောက် နစ်နာမှု နိုင်တယ်လို့ အမျိုးသားကြီး ပွားတိုးတက်ရေးကုမ္ပဏီက ပြောပါတယ်။

လောလောဆယ်မှာ မိုးထိမိုးမိ လုပ်ကွက်ကို သတ္တုတွင်း ဝန်ထမ်းတွေနဲ့ ပြည်ထဲရေး ဝန်ထမ်း စုစုပေါင်း အင်အား ၁၀၀ နီးပါးက လုံခြုံရေး ယူထားပြီး ခွင့်ပြုချက်မရဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ဒီမိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်ကို ၂၀၁၁ ခုနှစ်ကတည်းကစပြီး ၂၅နှစ် လုပ်ကိုင်ခွင့်ရထားတာဖြစ်ပါတယ်။