ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေဘေး ပြန်လည် ထူထောင်ရေးအတွက် ရေတိုရေရှည် နှစ်ပိုင်းခွဲ လုပ်ဆောင်
အခုရက်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ရေကြီးရေလျှံမှုတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံ နေရတဲ့ ရေဘေးသင့်သူ နှစ်သိန်းနီးပါးရှိတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဓိက ကတော့ ပဲခူးတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ အဆိုးရွားဆုံး ရေဘေးဒဏ် ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် က ဆိုပါတယ်။
ရေပြန်ကျသွားပြီ ဖြစ်တဲ့ ဘီးလင်းနဲ့ ပဲခူးဖက်က နေရာ တချို့မှာတော့ ရေဘေးဒုက္ခသည် စခန်းတွေ ပိတ်သိမ်းခဲ့ပေမယ့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ ရေတွေ ဆက်လွှမ်းနေတာကြောင့် ဆက်လက် ထားရှိတုန်းဘဲလို့ သူက ပြောပါတယ်။
လတ်တလောမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး က အမျိုးသား သဘာ၀ဘေး စီမံ ခန့်ခွဲမှု ကော်မတီ တို့ ပူးပေါင်းပြီး ရေဘေးသင့် ပြည်သူတွေကို စားနပ် ရိက္ခာ ထောက်ပံ့ပေးနေသလို အများပြည်သူကလည်း ထောက်ပံ့လျက် ရှိကာ အသင်းအဖွဲ့အလိုက် တဉီးချင်း အလိုက် လူကယ်ပြန် ၀န်ကြီးဌာနကို လာရောက် လှူဒါန်းလျက် ရှိတာကြောင့် ဒါတွေကို စာရင်းနဲ့ ပြန်လည် ဖြန့်ဝေ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးအောင် က ဆိုပါတယ်။
ကိုယ်၀န်ဆောင်တွေ နဲ့ မွေးကင်းစ ကလေးတွေကို အခုကနေ နောက်ခြောက်လ အထိ စခန်းမှာ ငွေကျပ် သုံးသောင်းစီ ထောက်ပံ့ပေးလျက် ရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် နေအိမ်ပြန်သွားရင် အိမ်တွေက ရွံ့နွံပိတ်နေတာကြောင့် ပြန်ဆေးချဖို့ နဲ့ ရေတွင်း ရေကန်တွေ ပြန်စုတ်ထုတ်နိုင်ဖို့ ရေစုတ်စက်တွေ ထုတ်ပေးလျက် ရှိတယ်လို့ ဆိုပါတယ်။
ထောက်ပံ့ရေး အနေနဲ့လည်း အခု အိမ်ပြန်ပြီး သန့်ရှင်းရေး လုပ်နေတဲ့ ကာလတွေမှာ စားသောက်ဖို့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့ မွန်ပြည်နယ် အစိုးရ ၊ ကရင်ပြည်နယ် အစိုးရ တို့နဲ့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရေတို နဲ့ ရေရှည် နှစ်ပိုင်းခွဲ လုပ်ဆောင်နေပြီး လယ်ယာလုပ်ငန်း ၊ တိရစ္ဆာန် မွေးမြူရေးနဲ့ ငါးဖမ်း လုပ်ငန်းတွေကို အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိတော့ ပျက်စီး စာရင်းတွေ ကောက်ယူနေပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင် ရှင်းပြခဲ့ပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြားမှာ ရေကြီး ရေလျှံဖြစ်ကာ ရေဘေးကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁၂၀,ဝ၀ဝ ကျော် ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံတော်အစိုး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဇူလိုင် ၃၀ ရက်နေ့ က ထုတ်ပြန်ထားပါသည်။
ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသူများမှာ ရေဘေး ကယ်ဆယ်ရေးစခန်း ၂၈၈ ခုတွင် သော်လည်းကောင်း ဆွေမျိုးများ လက်ခံမိသားစုများနှင့်အတူ သော်လည်းကောင်း နေထိုင်ကြရလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရမှ ပြည်နယ် တိုင်းဒေသကြီး အစိုးရများနှင့် လက်တွဲ၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဦးစီးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများကလည်း နိုင်ငံတော်အစိုးရအား ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကူညီ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။