ရေကြီးနေတဲ့ သထုံမှာ ဖျားနာသူ ၉၀၀ ကျော်ရှိနေ

ရေးသားခဲ့သည်။

သထုံမှာ ရေ အနည်းငယ် ပြန်ကျလာပြီဖြစ်ပေမယ့် ကယ်ဆယ်ရေးစခန်း ၂ ခုမှာ ရေဘေးသင့်ပြည်သူက ၁၅,၀၀၀ ဝန်းကျင် ရှိနေဆဲဖြစ်ပြီး နေအိမ်တွေမှာလည်းရေတွေရှိနေဆဲပဲလို့ သြဂုတ်လ ၂ ရက်နေ့က သထုံခရိုင် ရေဘေးကွပ်ကဲရေးရုံး ကနေ စုံစမ်းသိရပါတယ်။

ကယ်ဆယ်ရေးစခန်းတွေကို ရောက်နေတဲ့သူတွေအပြင် သထုံမြို့နယ်အတွင်းကရွာပေါင်း ၃၀ မှာ အအေးမိ ဖျားနာ အပါ အဝင် ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်နေသူတွေကို ကုသပေးနေရတာ ဒီကနေ့ သြဂုတ် ၂ရက် အထိဆိုရင်လူ ၉၀၀ ကျော်ရှိ အထိရှိလာပြီလို့ သထုံမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

'' ကယ်ဆယ်ရေးစခန်းတွေအပြင် ရွာတွေကိုပါလှည့်ပြီး ဆေးကုသပေးနေရတာ။ ရွာပေါင်း ၃၀ မှာ ကုသ ပေးနေရတဲ့ စာရင်းပေါ့။ အကြီးအကျယ်တော့မဟုတ်ဘူး။ ရိုးရိုးအအေးမိဖျားနာတာက အများစုပါ၊ ဝမ်းပျက် ဝမ်းလျှော တာက လူ ၅၀လောက်တော့ရှိတယ်'' လို့ ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။

သထုံမြို့နယ်အတွင်း ရေလွှမ်းဧရိယာအတွင်းမှာ ရေလွှမ်းသွားတဲ့ ရေတွင်းရေကန်ပေါင်းက ၁၇၁၈ ခုရှိပြီး ရေလွှမ်း သွားတဲ့ အိမ်သာ ၂,၂၀၈ လုံးရှိတယ်လို့လည်း သထုံခရိုင် ရေဘေးကယ်ဆယ်ရေးစခန်းက ကောက်ယူထားတဲ့ စာရင်းတွေ အရ သိရပါတယ်။

' ' ရေကတပေလောက်ပြန်ကျတယ်ဆိုပေမယ့် ကယ်ဆယ်ရေးစခန်းရောက်နေတဲ့ ရွာကအိမ်အများစုက မရသေးဘူး။ အိမ်သေးလေးတွေဆို တအိမ်လုံး မြုပ်နေတုန်းဆိုတော့လေ။ ခြေတံရှည်တွေကတော့ အောက်ထစ် တွေမြုပ်နေတုန်းပေါ့။ စားစရာနဲ့ သောက်ရေကတော့ အလှူရှင်တွေ လာလှူတာကို ချွေတာပြီး စားနေသောက်နေကြတယ်။ ကျန်းမာရေးအတွက်ကတော့ အိမ်သာတွေလည်း မြုပ်ကုန်ပြီဆိုတော့ အိမ်ပေါ်ကနေဒီလိုပဲ လှေလေးတွေနဲ့ထွက်ပြီးသွားကြတာပဲ။ဒီလိုပဲလုပ်ရတာပဲ'' လို့ ထုံမြို့နယ်အပိုင် ထဲက ဒူးရင်းဆိပ် ကျေးရွာသားဖြစ်တဲ့ ဦးမြတ်သိန်း က ဘီဘီစီကိုပြောပါတယ်။

မြစ်ရေက အနည်းငယ် ပြန်ကျလာပေမယ့် သထုံမြို့နယ်နည်းတူ မွန်ပြည်နယ်အတွင်းက ဘီးလင်း၊ကျိုက်ထို တို့မှာလည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေဖွင့်ထားရဆဲဖြစ်ပြီး သောင်းနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူ တွေဟာ ကယ်ဆယ်ရေး စခန်းတွေမှာ နေနေရဆဲဖြစ်ပါတယ်။

သြဂုတ် ၁ရက်နေ့က အတ္တရံမြစ်ရေတက်လာတဲ့အပြင် တောင်ကျရေတွေပါရုတ်တရက်ကျလာတာကြောင့် မွန်ပြည်နယ်အတွင်းက ကျိုက်မရောမြို့နယ်မှာ ရေကြီးနစ်မြုပ်လို့ ဒေသခံပြည်သူ ၂၀,၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့လည်းသိရပါတယ်။