ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်မသုံးရလို့ မဟန ဆုံးဖြတ်
ဇူလိုင်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (မဟန) ဗဟိုရဲ့ ၁၇ ကြိမ်မြောက် အစည်း အဝေးမှာ အရင် မဘသကို နာမည်ပြောင်းထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အနေနဲ့ ဒီနာမည်နဲ့ ဘယ်လို အမှုကိစ္စမှ မဆောင်ရွက်ရလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာရှိတဲ့ ဝိဇယ မင်္ဂလာ ဓမ္မသဘင်မှာ ကျင်းပခဲ့တဲ့ မဟနရဲ့ ၄၇ ပါး စုံညီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်မှာ ဒီအဖွဲ့နာမည်နဲ့ ဆိုင်းဘုတ်တွေကိုလည်း ၄၅ ရက်အတွင်း ဖြုတ်ဖို့ ညွှန်ကြားချက်လည်း ပါဝင်ပြီး မလိုက်နာရင် ရဟန်းနဲ့ လူပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေနဲ့ အညီ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။
မဟန အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ စုစုပေါင်း အချက် ၅ ချက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီဖောင်ဒေးရှင်းဘက်က မဟနလမ်းညွှန်မှု တောင်းခံ တာကို ပယ်ချတာနဲ့ တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်တဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အရှင် ဒေါက်တာ သောပါက ကတော့ မဟန ဆရာတော်တွေကို ဦးထိပ်ထားတဲ့ အနေနဲ့ လမ်းညွှန်မှု တောင်းခံတာ ဖြစ်တဲ့အတွက် ခွင့်ပြုချက် မရရင်လည်း ဓမ္မ ဝိနယနဲ့ အညီ ပရဟိတ လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒီဖောင်ဒေးရှင်းဟာ သံဃာတော်တွေပဲ သီးခြား ပါဝင်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ရဟန်းရှင်လူ အသီးသီးပါဝင်တဲ့ အဖွဲ့ဖြစ်တဲ့ အတွက် မည်သည့် အဖွဲ့အစည်းကမှ ပယ်ဖျက်ခွင့်မရှိသလို ဆိုင်းဘုတ်လည်း မဖြုတ်လိုဘူးလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကလည်း ဇူလိုင်လ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီ အဖွဲ့အစည်းဟာ တိုင်းနဲ့ ပြည်နယ် အသီးသီးက အများဆန္ဒနဲ့ အညီ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ လုပ်သင့် မလုပ်သင့်နဲ့၊ ဆိုင်းဘုတ် ဖြုတ်သင့် မဖြုတ်သင့် မေးခွန်းနှစ်ခုကိုလည်း ဖုန်းနဲ့ ပေးပို့ပြီး ဆန္ဒပြန်ကြားပေးကြဖို့ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အရှင် ဒေါက်တာ သောပါက ကလည်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အနေနဲ့ တရားဝင် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေတွေနဲ့ မကိုက်ညီတာ မရှိတဲ့အတွက် အရင်ကအတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။