သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုသူဖမ်းမိ၊ ကွင်းဆက်ကိုလည်းစောင့်ကြည့်

သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူတွေကိုဖမ်းမိထား

ဓာတ်ပုံ ရင်းမြစ်, Forest Department

ဓာတ်ပုံ ပုံစာ, သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူတွေကိုဖမ်းမိထား
ရေးသားခဲ့သည်။

မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူတွေကို အခုလအတွင်းမှာဖမ်းဆီးမိပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းမိဖို့ လုပ်ဆောင်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောဆိုပါတယ်။

ကုန်သွယ်မှုအတွက် အဓိကထွက်ပေါက်ဖြစ်တဲ့ နေရာတွေက ရှမ်းပြည်အရှေ့ပိုင်း၊ ရှမ်းမြောက်ပိုင်းကနေဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချနေတာကိုတွေ့ရတယ်လို့ သစ်တောဦးစီးဌာန သဘာ၀ ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန် ထိမ်းသိမ်းရေးဌာနခွဲရဲ့ ညွန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဘီဘီစီကို ပြောပါတယ်။

အခုဖမ်းမိတဲ့ သားရဲတိရစ္ဆာန်ထွက်ပစ္စည်းတွေက မြန်မာနိုင်ငံအတွင်းက သားရဲတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ပစ္စည်းတွေဖြစ်ကြောင်းနဲ့ ခုလိုဖမ်းဆီးမိတာက စုဆောင်းထားတဲ့နေရာက ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဦးဝင်းနိုင်သော်က ဆိုပါတယ်။

သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူတွေကိုဖမ်းမိထား

ဓာတ်ပုံ ရင်းမြစ်, ရဲဇာနည်

ဓာတ်ပုံ ပုံစာ, သားရဲတိရစ္ဆာန်ထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူတွေကိုဖမ်းမိထား

ဖမ်းဆီးရမိခဲ့တဲ့ သားရဲတိရစ္ဆာန်ထွက်ပစ္စည်း ပမာဏအများဆုံးကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြို့သစ် (၃) ရပ်ကွက်မှာရှိတဲ့ အိမ်တအိမ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့အတူ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ချမ်းမြသာစည်မြို့မရဲစခန်းရဲ့ စခန်းမှုး ဒုရဲမှုးဇော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ ပစ္စည်းတွေမှာ ဆင်သားရေ ၆ ပိဿာ၊ သမင်ချို ၂၂ အိတ်၊ ပြောင်ချို ၂၂ အိတ်၊ သမင်/ဆတ်ချို ၁၄၇ စုံ၊ တောင်ဆိတ်ချို ၃၃စုံ၊ ကြောင်သားရေ၊ ဂျီသားရေ၊ မြွေအရေခွံတွေနဲ့ တိရစ္ဆာန်ခေါင်းမျိုးစုံ ၁၀ လုံးကို ဖမ်းဆီးရမိပြီး ပစ္စည်းပိုင်ရှင်တွေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/ ၄၁(က)နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ဒုရဲမှုးဇော်နိုင်က ပြောပါတယ်။

ဆင်စွယ်ဆင်ရိုးတွေကို လက်ဝတ်လက်စား၊ လူသုံးပစ္စည်းအနေနဲ့ လည်းကောင်း၊ ဆင်သားရေနဲ့ ဆင်နှာမောင်းခြောက်အပါအဝင် ဝက်ဝံအရိုး လက်သည်း၊ တောင်ဆိတ်ချို၊ သင်းခွေချပ်အခွံစတဲ့ တခြားသားရဲတိရစ္ဆာန်ထွက် ပစ္စည်းတွေကို ဆေးဝါးဖော်စပ်ရာနဲ့ လက်ဝတ်လက်စားထုတ်ရာမှာ အသုံးပြုကြလို့ သတ်ဖြတ်ဖမ်းဆီးမှုတွေ ရှိနေတာလို့လည်း ညွန်ကြားရေးမှုး ဦးဝင်းနိုင်သော်က ပြောပါတယ်။

သစ်တောဦးစီးဌာနအနေနဲ့ သားရဲတိရိစ္ဆာန်တွေရောင်းဝယ်တာ ပပျောက်ဖို့အတွက် ပညာပေးတာအပြင် ပြစ်ဒဏ်တွေကိုလည်း အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ငွေဒဏ်တပ်နိုင်တဲ့ ဥပဒေတွေနဲ့ တားမြစ်နေတယ်လို့လည်း ဦးဝင်းနိုင်သော်က ပြောဆိုပါတယ်။

သားရဲတိရိစ္ဆာန်ထွက် ပစ္စည်းတွေနဲ့လုပ်တဲ့ အသုံးဆောင်တွေဟာ ပြည်တွင်းပြည်ပမှာ ဈေးကွက်ရှိနေတဲ့အပြင် ကမ္ဘာနဲ့အဝှမ်းမှာ သားရဲတိရိစ္ဆာန်ရောင်းဝယ်တာတွေကို ဖမ်ဆီးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာကြောင့် ပစ္စည်းတွေရှားပါးလာပြီး မက်လောက်တဲ့ဈေးကွက် ရှိနေတာကလည်း သားရဲတိရိစ္ဆာန်ပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သူက ဆိုပါတယ်။