လူ့အခွင့်အရေးချိုးဖောက်ရင် ဘင်္ဂလားဒေ့ရှ်မှာ တိုင်နိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်း စခန်းတွေ တိုက်ခိုက် ခံခဲ့ရအပြီး နယ်မြေ ရှင်းလင်းမှုတွေ အတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုရင် တိုင်ကြား နိုင်မယ့် အစီအစဉ် တခုကို မြန်မာအစိုးရ ဘက်က လုပ်ဆောင်နေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားကြသူတွေ အဲဒီဘက်မှာ တိုင်ကြားနိုင်အောင် မြန်မာ နိုင်ငံက အဖွဲ့ တဖွဲ့ဘင်္ဂလားဒေ့ရှ်ကို စေလွှတ်ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
မောင်တောမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ လူအခွင့် အရေးချိုးဖေါက် မှုတွေ ရှိတယ်လို့ တပ်မတော်နဲ့အစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းတချို့က စွပ်စွဲမှုတွေ မျိုးစုံ ရှိနေတယ်လို့ သူက ဆိုပါတယ်။
တပ်မတော်ကို အဖွဲ့လိုက် စွပ်စွဲနေတာထက် တယောက်ချင်း ဘယ်သူက ကျူးလွန်တယ်၊ ဘယ်သူက တရားစွဲမယ်၊ ဘယ်သူက သက်သေခံမယ် ဆိုတာမျိုးနဲ့ အမှုဖွင့် ဆောင်ရွက် သင့်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
အမှုဖွင့် စစ်ဆေးပြီး တကယ်ကျူးလွန်ခဲ့တာ တွေ့ရှိတယ် ဆိုရင် ကျူးလွန်သူကို အရေးယူ ဆောင်ရွက်မယ်လို့ လည်းသူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမှု ဖွင့်ချင်သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ဖွင့်နိုင်မှာ ဖြစ်ပြီး သက်သေ ထွက်ဆိုမယ့် သူတွေကိုလည်း နိုင်ငံတော် စရိတ်နဲ့ ခေါ်ပေးမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ဒီလို အမှုဖွင့်နိုင်ဖို့ အပါအဝင် ပြန်လည်လက်ခံရေး ဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း ဆက်လက် ဆောင်ရွက်နိုင်အောင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက ညွန်ကြား ရေးမှူးချုပ်တွေ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဘင်္ဂလားဒေရှ်ကို စေလွှတ် ထားပါတယ်။
ဧပြီလကုန်ပိုင်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဆီ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးက တဆင့် စုံစမ်း စစ်ဆေးမှု ဒါမှ မဟုတ် မြန်မာအစိုးရ ကိုယ်တိုင်က စုံစမ်း စစ်ဆေးဖို့ တိုက်တွန်း ခဲ့အပြီး အခုလို အမှုဖွင့် တရား စွဲဆိုနိုင်ရေးကို မြန်မာ ဘက်က ဆောင်ရွက်လာတာ ဖြစ်ပါတယ်။








