ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ARSA အဖွဲ့ဝင် ဆိုသူတွေရဲ့ ဓါတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ်ကို ပို့ထား
မြန်မာအစိုးရ သတင်းစာတွေထဲမှာ လတ်တလော ဖော်ပြလာတဲ့ ARSA အစွန်းရောက် အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားတယ်လို့ လူဝင်မှု ကြီးကြပ်ရေး အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လမှာ ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရမှုအတွင်း ပါဝင်တိုက်ခိုက်သူတွေကို ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေက ဓာတ်ပုံရိုက်ယူထားခဲ့ပြီး ဒေသတွင်း နှစ်စဉ်ကောက်တဲ့ အိမ်ထောင်စု စာရင်းပါ ဓါတ်ပုံတွေနဲ့ တိုက်ဆိုင် ဖော်ထုတ် ထားတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အခုလို အစိုးရသတင်းစာတွေမှာ ဖော်ပြလာတဲ့ ဓာတ်ပုံတွေထဲက တချို့အမျိုးသားပုံတွေမှာ မွတ်စလင် အမျိုးသမီးနာမည်နဲ့ ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် လုံခြုံရေး ပညာရှင်တွေက ကွန်ပြူတာ ဓာတ်ပုံနည်းပညာနဲ့တကွ စာရင်း အချက်အလက်တွေနဲ့ အကြိမ်ကြိမ် စစ်ဆေးထားတဲ့အတွက် အမှားနည်းမယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။
အခုလို ဖော်ထုတ်တွေ့ရှိထားသူ ARSA အဖွဲ့ဝင် ၄၀ဝ ပတ်ဝန်းကျင်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာတော့ အတိအကျ စာရင်းရှိမယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ နှစ်ဖက်သဘောတူထားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး မြန်မာဘက်က စတင်လက်ခံမှာဖြစ်ပြီး အခုလို လက်ခံတဲ့အထဲမှာ ဒီလူတွေ ပါဝင်လာရင် တဖက်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အခုလို ပေးပို့မယ့် ဒုက္ခသည်စာရင်းကိုတော့ မြန်မာလူဝင်မှုကြီးကြပ်ရေးဘက်က မရရှိသေးပါဘူး။
မြန်မာနိုင်ငံဘက်က စိစစ်ပြီးတဲ့ မွတ်စလင် ၇၅၀ နဲ့ ဟိန္ဒူ ၄၀ဝ တို့ရဲ့ စာရင်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ထားပြီးပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောဆိုထားပါတယ်။