ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုက္ခသည် လွှဲပြောင်းရေး လာမယ့် သီတင်းပတ် စကြဖို့ ၂ နိုင်ငံ သဘောတူ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လည် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား သဘောတူချက်တချို့ မနေ့ (ဇန်နဝါရီလ ၁၆ ရက်၊ အင်္ဂါနေ့) က ရရှိ ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဘက် ပြန်လည် ပို့ဆောင်မယ့်သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ကြားစခန်း ၅ ခုကနေ မြန်မာဘက်က လက်ခံရေး စခန်း ၂ ခုကို လွှဲပေးမှာ ဖြစ်ပြီး၊ လာမယ့် သီတင်းပတ် အင်္ဂါနေ့မှာ လုပ်ငန်း စမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ သွားသူတွေကို ပြန်လည် စိစစ် လက်ခံရေး နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်း အဖွဲ့ရဲ့ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ကနေ အခုလို သဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်ဘက် လူတွေ ထပ်ထွက်မလာအောင် မြန်မာအာဏာပိုင်တွေက ထပ်မံ ကတိပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးရဲ့ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။
၂ နိုင်ငံ သဘောတူမှုတွေထဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR အနေနဲ့ တိုက်ရိုက် ပါဝင် ပတ်သက်မှု မရှိပေမယ့်၊ ဒုက္ခသည် လွှဲပြောင်းရေး တကယ် လုပ်ဆောင်လာချိန်မှာတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက် နိုင်ဖို့ ကုလသမဂ္ဂ အနေနဲ့ အပြည့်အဝ ပါဝင်ခွင့် ရလာဖို့ အရေးကြီးတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားရက်ရှ်က ပြောပါတယ်။
ဆိုင်ကလုန်း မုန်တိုင်းရာသီမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေထဲ နေနေကြရတဲ့ ရိုဟင်ဂျာ ကလေးငယ် ၅ သိန်း ကျော် အတွက် စိုးရိမ်စရာတွေ ပိုပြီး ဖြစ်လာစေတယ်လို့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ ယူနီဆက်ဖ်က သတိပေး နေပါတယ်။
ဒုက္ခသည် စခန်းတွေထဲ အခြေအနေ ဆိုးရွားနှင့် နေပြီးတဲ့ ကလေးငယ်တွေ အတွက် မုန်တိုင်း ရာသီမှာ အဆုံးစွန် အန္တရာယ်မျိုး ဖြစ်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ယူနီဆက်ဖ် အစီအစဉ်တွေရဲ့ အကြီးအကဲ Edouard Beigbeder က ဆိုပါတယ်။