ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာတွေ သူတို့ကို ပြန်ပို့ဖို့ ကိစ္စကို ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည် စခန်းတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေက သူတို့ကို မြန်မာပြည် ပြန်ပို့ဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
သူတို့ကို မပြန်ခင်မှာ နိုင်ငံသား ပေးဖို့ အပါအဝင် လုံခြုံရေးအတွက်လည်း စီစဉ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီအတွက် ဒုက္ခသည်တွေ ပြန်မလာခင်မှာ ဘင်္ဂလားဒေ့ရှ် ဘက်နဲ့ အသေးစိတ် ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်က ဒါကို ရှင်းပြဖို့ လိုတယ်လို့ မြန်မာ အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
အဲဒီ ဒုက္ခသည်တွေ မိမိ ဆန္ဒအလျောက် ပြန်လာခဲ့ရင် မြန်မာဘက်က စိစစ်လက်ခံဖို့ အတွက် နှစ်ဘက် အစိုးရတွေ အသေးစိတ် သဘောတူ ထားပြီး ဖြစ်ပြီး နိုင်ငံသားဖြစ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပြီးသား ဖြစ်တယ် လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။
အခုလို လက်ခံဖို့အတွက် ပထမအသုတ် အနေနဲ့ စိစစ်ပြီး မွတ်ဆလင် ၇၅၀ နဲ့ ဟိန္ဒူ ၄၀ဝ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း ပို့ထားပြီးပြီလို့ ဦးဝင်းမြတ်အေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တွေက သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ခင်မှာ သူတို့ရဲ့ လုံခြုံရေးနဲ့ မြန်မာနိုင်ငံသား ဖြစ်ရေးကိစ္စ အာမခံဖို့ အတွက် ကူတု ပလောင် ဒုက္ခသည်စခန်းမှာ အင်အား တရာကျော် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
နေအိမ်တွေကို ကူညီ ဆောက်ပေးတဲ့ ဒုက္ခသည် ပြန်လာသူတွေကို အိမ်ဆောက်ခ ထုတ်ပေးမှာ ဖြစ်ပြီး မဆောက်လိုသူကို အတင်းအကျပ် ဆောက်ခိုင်းမှာ မဟုတ်ဘူးလို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
သက်သေခံကတ် မပြနိုင်သူတွေကို ထုတ်ပေးဖို့ စီစဉ်နေပြီး ဒါမှ သူတို့ လွတ်လပ်စွာ သွားလာခွင့် ရမယ်လို့ သိရပါတယ်။