စစ်ရှောင်စခန်းတွေကို အကူအညီရပ်ဆိုင်း

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည် စခန်းတချို့ကို ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေ ရပ်ဆိုင်းသွားပါတယ်။
ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက စစ်ရှောင်ဒုက္ခသည်စခန်းတွေကို ပေးနေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီ တွေကို ပြီးခဲ့တဲ့လက စပြီး ဖြတ်လိုက်ပြီ လို့ နယ်စပ်ဒေသ လူမှုစောင့်ရှောက်ရေး အဖွဲ့ Border Consortium ရဲ့ အမှုဆောင် ဒါရိုက်တာ ဆယ်လီ သော်မဆင်က ပြောပါတယ်။
အရင်က ဒီစခန်းတွေကို ထိုင်းဘက်ကနေ နယ်ခြားဖြတ်ကျော် ကူညီနေတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က အဖွဲ့အစည်းတွေမှာလည်း ရန်ပုံငွေ နည်းလာတဲ့ အခက်အခဲတွေ ရှိပါတယ်။
ဒီဘက် စစ်ရှောင်စခန်းက လူတွေကလည်း သူတို့မူရင်းဒေသမှာ လုံခြုံရေး မတည်ငြိမ်သေးတာကြောင့် မပြန်ရဲတာတွေ ရှိတယ်လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။
ဒီစခန်းတွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကတည်းက ရှိနေတာ ဖြစ်ပြီး အဲဒီစခန်းတွေက စစ်ရှောင် ဒုက္ခသည်တွေ ဆိုတာကလည်း ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်တွေလို အပြင်မထွက်ရတဲ့ အခြေအနေ မျိုးမဟုတ်တာ ဖြစ်တာကြောင့် ရေရှည်ရပ်တည် နိုင်မယ့် အဖြေရှာဖို့ လိုပါတယ်။
အခုလက်ရှိ ထိုင်းမြန်မာ နယ်စပ်က စခန်း ၉ ခုက ဒုက္ခသည် တသိန်းနီးပါးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကစလို့ အကြောင်းအမျိုးမျိုးပြ အကူအညီတွေ လျှော့ချ ခံနေရတာ ဖြစ်ပါတယ်။
ဒီလို ဖြတ်တောက်လျှော့ချ မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာ ထိခိုက်လာရတယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေ အနေနဲ့ သူတို့နေရပ်တွေမှာ လတ်တလော တိုက်ပွဲဖြစ်နေတာတွေ ရှိနေသလို တချို့ စစ်မီးငြိမ်းသွားတဲ့နေရာတွေ ဆိုရင်လည်း မြေမြှုပ်မိုင်း အန္တရာယ်ကို ကြောက်ရွံ့နေကြဆဲပါ။
တိုက်ပွဲတွေ ဖြစ်လျက်ရှိတဲ့ ဒေသက ပြည်တွင်း စစ်ရှောင်စခန်းတွေကို ပေးနေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေ လုံးဝဖြတ်တောက် လိုက်လို့ အကူအညီ လိုအပ်နေသူတွေကို ဒုက္ခတွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။








