လူ့အခွင့်အရေး ချိုးဖောက်သူ အားလုံးကို တကယ်အရေးယူနိုင်မလား

ရေးသားခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်သူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ပေမဲ့ တပ်မတော်ဖက်က လူ့အခွင့်အရေး ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ပတ်သက်လို့ အရင်က တခါမှ အရေးယူတာ မရှိခဲ့လို့ ယုံကြည်ဖို့ ခက်တယ်လို့ ဥပဒေ အထောက်အကူပြု ကွန်ရက် ထူထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၉ ရက်နေ့က သံတမန် တွေကို ပြောခဲ့တဲ့ မိန့်ခွန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ရှုတ်ချတယ်၊ ကျူးလွန်သူ ဘယ်သူ့ကိုမဆို အရေးယူမယ်လို့ ထည့်သွင်းပြောခဲ့ တာဖြစ်ပါတယ်။

ရှေ့နေ ဦးအောင်ထူး ကတော့ တကယ်အရေး ယူမယ်ဆိုရင် ဘယ်လို အရေးယူမယ် ဆိုတဲ့ အချက်အလက်တွေ တိုင်းပြည်ကို ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

တကယ်တန်း အရေးယူမယ်ဆိုရင် နိုင်ငံတကာ ဥပဒေနဲ့ ပြည်တွင်းဥပဒေ ဆက်စပ်ဖို့ လိုတယ်၊ မြန်မာ နိုင်ငံက လက်မှတ် ရေးထိုးထားတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ ပါတဲ့ စစ်ဖက်ဆိုင်ရာ ဥပဒေကို အခြေခံပြီး မြန်မာ နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ ဥပဒေသစ် တစ်ရပ် ကို အမြန်ဆုံး ပြဌာန်းဖို့ လိုတယ်၊ စစ်ဖက် ဆိုင်ရာ တရားရုံးကို ဖျက်သိမ်းဖို့ လိုတယ် လို့လည်း သူက ထောက်ပြ ပါတယ်။

သြဂုတ်လ ၂၅ ရက် က ရခိုင်ပြည်နယ် မောင်တောဒေသက နယ်ခြားစောင့်ရဲကင်း စခန်း ၃၀ ကျော် အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရပြီးနောက် တိုက်ခိုက်သူ တွေကို တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေး လုပ်စဉ်မှာ အဲဒီဒေသမှာ နေထိုင်တဲ့ မွတ်ဆလင် အရပ်သား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။