ရုရှားကို ဒရုန်းနဲ့တိုက်ဖို့ ယူကရိန်းကို အမေရိကန် ဆုံးဖြတ်ပေးခဲ့တာလို့ ရုရှားစွပ်စွဲ - မေလ ၄ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုရှားကိုဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ပတ်သက်တယ်ဆိုပြီး အမေရိကန်ကို ရုရှားက အပြစ်တင်လိုက်ပါတယ်။
ကနဦးတုန်းကတော့ ယူကရိန်းကို ရုရှားက တိုက်ရိုက် အပြစ်တင်ခဲ့တာပါ။
အခုတော့ ဒီလို ရုရှားကိုဒရုန်းနဲ့တိုက်ဖို့ အမေရိကန်က ဆုံးဖြတ်ချက်ပေးခဲ့တာလို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် သူက အထောက်အထား တစုံတရာကိုတော့ ပြောမသွားခဲ့ပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းက တစုံတရာ ပတ်သက်မှု မရှိဘူးလို့ ပြောဆိုထားပြီး သူတို့ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့သာ အလေးထားတယ်လို့ ဆိုပါတယ်။
မော်စကိုမြို့က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ယူကရိန်းဟာ မထင်မှတ်တဲ့ ရုရှားအပေါ် တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့တယ်လို့ သီးခြားစီ စွပ်စွဲ ပြောကြားထားပါတယ်။
ကျူးကျော်စစ် ဆင်နွှဲတဲ့ ရုရှားကို ICC မှာ ရုံးတင်စစ်ဆေးဖို့ ယူကရိန်း သမ္မတ ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားကို အပြည့်အဝ ရုံးတင်စစ်ဆေးဖို့ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက ပန်ကြားလိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ကို သွားရောက်ခဲ့ပြီးနောက်မှာ သည်ဟိတ်ခ်မြို့မှာ သူက အခုလို ပြောလိုက်တာပါ။
ရုရှားသမ္မတ ပူတင်နဲ့ ရုရှားက ကလေးအခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးတို့ကို ICC ကပြီးခဲ့တဲ့ မတ်လတုန်းက ဖမ်းဝရမ်း ထုတ်ထားပြီး ဖြစ်ပါတယ်။
ယူကရိန်းက ကလေးတွေကို ရုရှားကို ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တခုဖြစ်တဲ့ ပို့ဆောင်မှု သံသယနဲ့ အိုင်စီစီက ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။
ကျူးကျော်စစ်တွေ ရပ်သွားရင်တောင် ဒီကိစ္စနဲ့ပတ်သက်လို့ ဒဏ်ခတ်ခံရမှုတွေကနေ လွတ်မြောက်မှု မရှိအောင် လုပ်ရမယ်လို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းကို ရုရှားကျူးကျော်မှု ရပ်သွားတဲ့အခါ ရုရှားသမ္မတ ပူတင်ကို ICC မှာ မြင်တွေ့စေရမယ်လို့လည်း သူက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
ပါကစ္စတန်တာလီဘန်တွေနဲ့ စစ်တပ်ကြား အပစ်ရပ်မှုသက်တမ်း ကုန်ဆုံးသွားပြီနောက်ပိုင်း အစိုးရတပ်ဖွဲ့ တိုက်ခိုက်ခံရမှု တိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် အနောက်မြောက်ဖက်မှာ စစ်သွေးကြွတွေနဲ့ တိုက်ပွဲ အတွင်း စစ်သား ၆ယောက် အသတ်ခံရတယ်လို့ စစ်တပ်က ပြောပါတယ်။
Waziristan တောင်တန်းတွေ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း စစ်သွေးကြွတွေဘက်က ၃ယောက်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပါကစ္စတန် တာလီဘန် သူပုန်တွေနဲ့ အပစ်ရပ်ရေး သဘောတူထားချက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက သက်တမ်းကုန်သွားခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ အစိုးရ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု ပိုတိုးလာတာ ဖြစ်ပါတယ်။
ဒေသခံ လူမျိုးစုတွေကြား ပညာရေးနဲ့ အလုပ်အကိုင် ခွဲဝေမှု ခွဲတမ်း မညီမျှလို့ လူမျိုးရေးပဋိပက္ခဖြစ်တဲ့ မဏိပူပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ လူမျိုးစု အဖွဲ့တွေကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် မဏိပူပြည်နယ်က လူပေါင်း ၇၅၀၀ ကို သူတို့နေအိမ်တွေကနေ စစ်တပ်က ကယ်ထုတ်ခဲ့ရပါတယ်။
သူတို့ကို စစ်တပ်ဝန်းနဲ့ အစိုးရအဆောက်အအုံတွေမှာ ခိုလှုံခွင့် ပေးထားပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက မဏိပူက မတူတဲ့ မျိုးနွယ်စုတွေက လူငယ်တွေကြား ရန်ပွဲ ဖြစ်ခဲ့ပြီးတဲ့နောက် လူမျိုးစု အုပ်စုတွေအလိုက် တိုက်ခိုက်မှုတွေဖြစ်လာတာပါ။
မဏိပူပြည်နယ်ထဲက လူများစု မျိုးနွယ်စု ဖြစ်တဲ့ Meiteis လူမျိုးစုကို အစိုးရရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းဝေစု ပေးတဲ့ တရားရုံးအမိန့်ကို ထပ်ပြီး သက်တမ်းတိုးဖွယ် ရှိတာကြောင့် ဒီကိစ္စအတွက် လူမျိုးစု အုပ်စုတွေကြား တိုက်ခိုက်မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ပြည်နယ် အာဏာပိုင်တွေကတော့ မဏိပူ အတွင်း မိုဘိုင်းဖုန်း ဆက်သွယ်မှု ငါးရက်ကြာ ဖြတ်တောက်ထားပြီး ပြည်နယ်ရဲ့ သုံးပုံတပုံ နေရာတွေမှာ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။








