ရုရှားရဲ့ ယူကရိန်းနယ်တွေ ဖဲ့ထုတ်မှုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, EPA
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ရုရှားက ယူကရိန်းပိုင် နယ်မြေ ၄ ခုကို ဖဲ့ထုတ်ယူသွားတဲ့ ကိစ္စအပေါ် တခဲနက် ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကို မဲခွဲခဲ့ကြရာမှာ ၁၄၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး တရုတ်နဲ့ အိန္ဒိယ အပါအဝင် ၃၅ နိုင်ငံက ကြားနေခဲ့ကြပါတယ်။ ရုရှားနဲ့ အတူ ဘယ်လာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ နီကာရာဂွာတို့က ကန့်ကွက်ခဲ့ကြပါတယ်။
ဒါဟာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ မဲအများဆုံးပေးကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကရင်မလင်မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းထဲက လူဟန့်စ်ခ်၊ ဒွန်းညက်စ်ခ်၊ ဇက်ပိုရီးရှားနဲ့ ခါဆွန် နယ်မြေ ၄ ခုကို ရုရှားပိုင်အဖြစ် သိမ်းသွင်းတဲ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
အဲဒီလို သိမ်းသွင်းမှုတွေ မလုပ်ခဲ့မှာ အဲဒီ ဒေသတွေထဲမှာ ရုရှားနဲ့ ပေါင်းမလား၊ မပေါင်းဘူးလား ဆိုတာကို ဆန္ဒခံယူပွဲ လုပ်ပြခဲ့ပါသေးတယ်။ အနောက်အုပ်စုကတော့ ဟန်ပြလုပ်ပြတဲ့ အလိမ်အညာ လုပ်ရပ်အဖြစ် ရှုမြင်ပြီး ပယ်ချခဲ့ကြပါတယ်။ မော်စကိုမှာ အခမ်းအနားကျင်းပတဲ့ အခါမှာ ရုရှားနဲ့ ပေါင်းစည်းတယ်ဆိုတဲ့ သဘောတူစာချုပ်တွေမှာ မော်စကိုက ခန့်ထားတဲ့ ဒေသ ၄ ခုရဲ့ ခေါင်းဆောင်တွေနဲ့ အတူ သမ္မတပူတင်တို့က လက်မှတ်ထိုးခဲ့ကြပါတယ်။
အခုကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ရုရှားက ဖဲ့ယူသွားခဲ့တဲ့ နယ်မြေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရုရှားပိုင်အဖြစ် အသိအမှတ်မပြုကြဖို့နဲ့ ချက်ခြင်းပြန်လည် ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။ နောက်ပြီး ဒေသတွင်းမှာ စစ်ရှိန်လျှော့ချနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လှိုက်လှဲစွာ ထောက်ခံကြောင်းကိုလည်း ထည့်သွင်းပြောကြား ထားပါတယ်။
ရုရှားဘက်က ဘယ်နိုင်ငံတွေရပ်တည်ခဲ့ကြလဲ
ရုရှားဘက်က ရပ်တည်ပြီး ကန့်ကွဲမဲ ပေးခဲ့ကြတဲ့ နိုင်ငံတွေကို ကြည့်ရင်တော့ အနောက်တိုင်း အစိုးရတွေနဲ့ အမြင်မတူတဲ့ တိုင်းပြည်တွေ ဖြစ်ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားရဲ့ အိမ်နီးချင်းနဲ့ မဟာမိတ် ဘယ်လာရုစ် ဆိုရင်လည်း လက်အောက်ခံ တိုင်းငယ်ပြည်ငယ် တခုလိုတောင် ရှုမြင်ကြတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ အခါအမှာလည်း ဘယ်လာရုစ်ရဲ့ နယ်မြေတွေကို အသုံးပြုခဲ့ပါတယ်။
တရုတ်နဲ့ အိန္ဒိယကတော့ ဒီစစ်ပွဲတွေမှာ ကြားနေအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သူတို့နဲ့ အတူ ကြားနေခဲ့ကြတဲ့ အထဲမှာ အာဖရိက ၁၉ နိုင်ငံလည်း ပါဝင်ပါတယ်။
ကာလရှည် ကုန်သွယ်မှုတွေကို မထိခိုက်ချင်တာနဲ့ ဘက်မလိုက် မူဝါဒတွေကို ဆက်ကိုင်ထားချင်တာကြောင့် အာဖရိက နိုင်ငံတော်တော်များများက ဒီစစ်ပွဲမှာ ကြားနေကြတာလို့ ယူဆကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေလက်ဘရော့ဗ် သွားရောက်ခဲ့တဲ့ ကွန်ဂို၊ ဘရာဇဗီးလ်၊ အီသီယိုးပီးယားနဲ့ ယူဂန်ဒါ နိုင်ငံတွေက ကြားနေမဲ ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ မကြာသေးခင်ကမှ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး သွားရောက်ခဲ့တဲ့ ဂါနာ၊ အိုင်ဗရီကို့စ်၊ ကင်ညာနဲ့ ဆီနီဂေါလ် နိုင်ငံတွေကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
ဒီမီထရို ကူလဲဘာက အာဖရိကမှာ ရုရှားရဲ့ လွှမ်းမိုးမှုတွေကို တုံ့ပြန်နိုင်ဖို့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့က ယူကရိန်း မြို့ကြီးတွေကို ရုရှားဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ နောက်မှာ ခရီးစဉ်ကို ခပ်တိုတိုနဲ့ အဆုံးသတ်ပြီး ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ သဘောထား
ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကတော့ အခုလို ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ ထောက်ခံမဲ ပေးခဲ့တဲ့ နိုင်ငံတွေအပေါ် ကျေးဇူးတင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ ရုရှားရဲ့ ယူကရိန်းနယ်မြေတွေကို ဖဲ့ထုတ်တဲ့ လုပ်ရပ် အရာမထင်ကြောင်း၊ လွတ်လပ်တဲ့ ဘယ်နိုင်ငံကမှ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး ဆိုတာကို သိစေဖို့ ကမ္ဘာကြီးက ပြောလိုက်ပြီ၊ ယူကရိန်းက သူ့နယ်မြေတွေ အကုန်ပြန်ရယူမယ်လို့ တွစ်တာပေါ်မှာ ရေးတင်ထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒီဆုံးဖြတ်ချက်က မော်စကိုကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကား တခု ပါးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုရှားအနေနဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို မြေပုံပေါ်ကနေ ဖျက်ပစ်လို့ မရဘူး ဆိုတာ ဒီစစ်ပွဲနဲ့ပတ်သက်လို့ ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း တုံ့ပြန် ပြောကြား လိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဒိမ်း ဘာဘရာ ဝုဒ်ဝတ်ဒ်ကတော့ ရုရှားဟာ စစ်မြေပြင်မှာရော၊ ကုလသမဂ္ဂမှာပါ ရှုံးခဲ့ရပြီ၊ ကမ္ဘာ့နိုင်ငံတွေက ကမ္ဘာ့ပဋိညာဉ် ကို ကာကွယ်ထိန်းသိမ်းဖို့ ညီညွတ်မှုကို ပြလိုက်ကြပြီလို့ ပြောပါတယ်။
ရုရှားက သူ့ဘာသာ အထီးကျန်အောင် လုပ်နေတာ၊ ဒါကို ရပ်ပစ်ဖို့ကလည်း ရုရှားကိုယ်တိုင် လုပ်မှပဲ ဖြစ်မယ်။ စစ်ကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ သူက ပြောပါတယ်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဘာဆုံးဖြတ်ချက်မှ ထုတ်မရအောင် ရုရှားက ဗီတို အာဏာသုံး ပယ်ချခဲ့တဲ့ နောက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မဲခွဲ ဆုံးဖြတ်ဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေး ကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့မှာ ဗီတို အာဏာတွေ ရရှိထားကြပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီးတဲ့ နောက်ပိုင်းက စပြီး အဲဒီ ၅ နိုင်ငံထဲက ရုရှားရဲ့ ဗီတိုအာဏာသုံးပိုင်ခွင့်ကို ရုပ်သိမ်းပစ်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။








