ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၃ ရက် ထိပ်တန်းသတင်းများ- ပွဲမိန့်တင်ဖို့ စဥ့်ကူးမြို့ပေါ် သွားတဲ့ပျူစောထီးဖွဲ့ တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲမှာ တောင်အင်းကျေးရွာကနေ မြို့ပေါ်ကို ပွဲမိန့်တင်ဖို့ လာတဲ့ပျူစောထီး ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တောင်အင်းကျေးရွာက ပျူစောထီး ဖွဲ့ဝင်တွေကားဟာ စဥ့်ကူးမြို့နယ်၊ ငွေတောင်ရွာနဲ့ ညောင်ဝန်းရွာကြား မန္တလေး-မိုးကုတ် ကားလမ်းမကြီးပေါ်မှာ မနေ့ညနေ လေးနာရီကျော်တုန်းက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါ တယ်။
‘‘အရှိန်နဲ့လာတဲ့ကားကို ဝိုင်းပစ်ခတ်ကြလို့ ကားမှောက်သွားတဲ့အချိန် လက်နက်နဲ့ ဝိုင်းပစ်ကြတာ။ ရေတော်ရွာက ပျူစောထီးတွေအပါအဝင် ၇ ဦး လာမယ်ဆိုလို့ လမ်းပေါ်မှာ ဖြတ်တိုက်ခဲ့ကြတာ။ သုံးယောက် လဲကျသွားတာတွေ့ရတယ်။ လက်ပံလှရဲစခန်းနဲ့ နီးတော့ အဲဒီက စစ်ကောင်စီတပ်သားတွေ ချက်ချင်းရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်’’လို့ စဥ့်ကူးဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာအနီးမှာနေထိုင်တဲ့ ဒေသခံတွေကတော့ တောင်တွင်းကျေးရွာက ညောင်ပင်သာကျောင်းတိုက်ဆရာတော် မွေးနေ့ ပွဲမိန်တင်ဖို့ စဥ်ကူးမြို့ပေါ်သွားတဲ့ ပြည်သူ့စစ်ကား တိုက်ခိုက်ခံရတာလို့ ဘီဘီစီကို ပြောပါတယ်။
ပျူစောထီးဟာ စစ်ကောင်စီကို ထောက်ခံကြသူတွေကို ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ခေါ်ဝေါ်တဲ့အသုံးအနှုန်းဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ပျူစောထီးမရှိဘဲ လိုအပ်လို့ လုံခြုံရေးအကူအညီတောင်းခံမှသာ ပြည်သူ့စစ်သင်တန်းပေးတယ်လို့ ပြောဆိုပြီး ဌာနေပြည်သူ့စစ်လို့ပဲ သုံးနှုန်းပါတယ်။
အဲဒီပစ်ခတ်မှုမှာ ကားပေါ် ပါလာတဲ့ အမျိုးသမီးတစ်ဦး ကျောဖောက်ထွက်ဒဏ်ရာ ၂ ချက်ရခဲ့သလို မိုးကုတ်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်က အမျိုးသားတစ်ဦးလည်း ကျည်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုပစ်ခတ်မှုဖြစ်တဲ့ ညောင်ပင်ဝန်းကျေးရွာဟာ စက်တင်ဘာလတုန်းက စားသောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ၄ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ငွေတောင်ကျေးရွာအနီးမှာ ရှိပါတယ်။
KNU ခေါင်းဆောင်ဟောင်းတွေနဲ့ စစ်တပ်တွေ့ဆုံမှု အဖွဲ့တွင်း ရှုပ်ထွေးအောင်လုပ်တာလို့ KNU ပြော
ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်ဟောင်းတွေနဲ့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံမှုဟာ စစ်ကောင်စီ က KNU အဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်အောင်လုပ်တဲ့ လုပ်ရပ်လို့ KNU ဘက်က သတင်းထုတ်ပြန်လာပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) စာချုပ်ရေးထိုးတဲ့ နှစ်ပတ်လည် နီးကပ်လာချိန်မှာ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုအလုပ်မှူဆောင်ဟောင် ပဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌတာဝန်ကနေ အနားယူထားတဲ့ ပဒိုစောရွှေမောင်း နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
KNU ဘက်ကတော့ ဒီတွေ့ဆုံမှုဟာ KNU နဲ့ လုံးဝ မပတ်သက်သလို အဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်အောင်လုပ်တဲ့လုပ်ရပ်၊ နောက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အင်အားစုတွေကြား နားလည်မှုလွဲမှားစေရေး လုပ်ဆောင်တဲ့ စစ်တပ်ရဲ့ အစီအစဥ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်တာကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိတဲ့အကြောင်း KNU က ထပ်လောင်းပြောဆိုသလို နိုင်ငံရေးရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အတူရပ်တည် တိုက်ပွဲဝင်မယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
KNU ခေါင်းဆောင်ဟောင်းတွေ ဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြောတာမရှိသေးပါဘူး။
ဝေဖန်မှုတွေကြားမှာပဲ စွမ်းအင်လုပ်ကွက်ဟောင်းအချို့ကို PTTEP သက်တမ်းတိုးဖို့ရှိ
ထိုင်းအစိုးရကျောထောက်နောက်ခံပြု ရေနံ နဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီ (PTTEP) က မြန်မာမှာရှိတဲ့ သူ့ရဲ့ သဘာဝဓာတ်ငွေ့တွင်း နှစ်ခုအတွက် စာချုပ်တွေကို သက်တမ်းတိုးဖို့ရှိနေတယ်လို့ PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ ဘဏ္ဍာငွေကြေးကိုထောက်ပံ့နေတယ်ဆိုတဲ့ လှုံ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံတွင်းက စွမ်းအင်ဆိုင်ရာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီကြီးတွေ ထွက်ခွာသွားပေမဲ့ PTTEP က ဆက်ရှိနေတာကြောင့် ဝေဖန်ခံရမှုတွေရှိနေချိန် ဒီလိုသတင်းထွက်လာတာပါ။
အဲဒီထဲက တစ်ခုက ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နောက်တစ်ခုကတော့ နောက် နှစ် ၂၀ အတွင်းသက်တမ်းကုန်ဖို့ရှိတယ်လို့ PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမှာ ပြုလုပ်နေတဲ့ စွမ်းအင်လုပ်ငန်းညီလာခံ ADIPEC မှာ ပြောခဲ့တာပါ။
ထိုင်းနိုင်ငံ အနေနဲ့ အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကနေ လက်လွှဲယူခဲ့တဲ့ သူ့ရဲ့ နိုင်ငံပိုင် ဧရာဝဏ် သဘာဝဓာတ်ငွေ့တွင်း တူးဖော်မှုကနေ သဘာဝဓာတ်ငွေ့ထွက်ရှိမှုလျော့ကျလာတာကိုရင်ဆိုင်နေရတာပါ။
“ ကျွန်တော်တို့ ထပ်တိုးချဲ့ နေတာမဟုတ်ပါဘူး။ ထိုင်း နဲ့ မြန်မာ မှာ စွမ်းအင်လုံလောက်မှုရှိစေဖို့ဖြစ်ပါတယ် ” လို့ PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။
PTTEP သက်တမ်းတိုးဖို့ရှိနေတဲ့ မြန်မာက ဒီ စီမံကိန်း ၂ ခုရဲ့ ထုတ်လုပ်နိုင်စွမ်းက မြန်မာ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ထိုင်းလျှပ်စစ် လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ထိုင်းအစိုးရရဲ့ ကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTT ရဲ့ လက်အောက်ခံ မြန်မာပြည်လုပ်ငန်းခွဲ PTTEP International (PTTEPI) က မုတ္တမကမ်းလွန်မှာ တည်ရှိတဲ့ ‘ဇောတိက’သဘာဝဓာတ်ငွေ့တွင်း စီမံကိန်းအသစ် ပြန်လည်စတင်ဖို့ စီစဉ်နေတာကို ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ အကြောင်းအရာတွေကို ဖော်ပြတင်ဆက်တဲ့ Upstram.com က ရေးသားထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရေနံလုပ်ငန်းစုကြီးတွေဖြစ်တဲ့ တိုတယ် နဲ့ ချက်ဗရွန်အပါအဝင် ဂျပန် Eneos Holding နဲ့ မလေးရှားက Petronas တို့ ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်က သူ့တို့ ရဲ့ လုပ်ငန်းတွေကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ PTTEP က ရဲတံခွန်ဓာတ်ငွေ့တွင်းစီမံကိန်းမှာ လုပ်ပိုင်ခွင့်တွေ ရရှိခဲ့သလိုမြန်မာနိုင်ငံရဲ့ အကြီးဆုံး ရတနာစီမံကိန်းကနေ ထွက်ခွာသွားတဲ့ တိုတယ်စွမ်းအင်ရဲ့နေရာမှာ အော်ပရေတာအဖြစ် တာဝန်ယူထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းတယ်လို့ အင်ဒိုနီးရှားကုမ္ပဏီတွေ စွပ်စွဲခံရ
အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်တန်းလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ ၃ ခုဖြစ်တဲ့ PT Pindad၊ PT PAL၊ PT Dirgrantara Indonesia ကုမ္ပဏီတွေဟာ အင်ဒိုနီးရှား ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ရောင်းချခဲ့တယ်လို့ဆိုပြီး အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်၊ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၊ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်(Myanmar Accountability Project) တို့က တိုင်ကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းအပါအဝင် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်ကို ပစ္စတိုသေနတ်တွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဥ်တွေနဲ့ တခြားပစ္စည်းတွေကို အရောင်းမြှင့်တင်တာ နဲ့ ရောင်းချခဲ့တဲ့သံသယဖြစ်ဖွယ်အချက်တွေကို တွေ့ထားရတာကြောင့် အခုလိုတိုင်တန်းခဲ့တာဖြစ်ပါတယ်။
အဲဒီလက်နက်ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေမှာ ဦးထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ True North Company Limited က ကြားခံပွဲစားလုပ်ကာ ဆောင်ရွက်ခဲ့တဲ့အကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့စာရွက် စာတမ်းတွေနဲ့ အများပြည်သူ သိရှိနိုင်တဲ့သတင်းအချက်အလက်တွေကတဆင့် စုံစမ်းလေ့လာနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဦးထူးထူးရှိန်ဦးဟာ အမေရိကန်၊ ကနေဒါနဲ့ အီးယူရဲ့ ဒဏ်ခံပိတ်ဆို့မှု ခံထားရတဲ့ မြန်မာစစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ရဲ့သားဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားသူတွေကတော့ True North Company နဲ့ ကုမ္ပဏီပိုင်ရှင်တွေအပေါ် စစ်လက်နက်ပွဲစားတွေအဖြစ် ဒဏ်ခတ်ပိတ်ဆိုမှုတွေ ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
စွပ်စွဲထားတဲ့လက်နက်ရောင်းချမှုတွေ ပြုလုပ်နေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်နေခဲ့ပြီး မြန်မာနိုင်ငံကို စစ်လက်နက်စီးဆင်းမှုကို ကာကွယ်ဖို့ ကုသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုတဲ့ ကုလအထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တဲ့ အာဆီယံလေးနိုင်ငံထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။