စစ်တွေ ရထားသံလမ်း ရေပြွန်ထဲ အသတ်ခံထားရတဲ့ မိန်ကလေးငယ် အဓမ္မကျင့်ခံခဲ့ရတယ်လို့ မိသားစုပြော

ဓာတ်ပုံ ရင်းမြစ်, ML
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ မင်းဂံရပ်ကွက်မှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ရထားသံလမ်း ရေပြွန်ထဲမှာ သတိမေ့နေတဲ့ မိန်းကလေးတစ်ဦးကို တွေ့ခဲ့ပြီးနောက် ကယ်ဆယ်ကုသခဲ့ပေမဲ့ သေဆုံးသွားတဲ့ အသက် ၁၁ နှစ် မိန်းကလေးဟာ အဓမ္မကျင့်ခံခဲ့ရတယ်လို့ သူ့မိသားစုက ပြောပါတယ်။
အဲ့ဒီမိန်းကလေးဟာ မင်းဂံရပ်ကွက် ၁၅ က ဖြစ်ပြီး ၁၅ ရက်နေ့ ညနေပိုင်းကနေ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့မနက်ပိုင်း သမီးဖြစ်သူ အသတ်ခံထားရကြောင်း သိရတဲ့အချိန်မှာ အကွက် ၁၃ က ရေနုတ်ပြွန်ရှိရာဆီ လိုက်သွားကြချိန်မှာ သမီးကို မတွေ့ရတော့ဘူးလို့ သူက ဆိုပါတယ်။
သတိမေ့နေတဲ့ကလေးကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက လာယူပြီးဆေးရုံပို့လိုက်ပြီး အသက်မသေသေးဘူးလို့ သိရကြောင်း မိန်းကလေးရဲ့မိခင်က ပြောပါတယ်။
စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း သတိပြန်မလည်တော့ဘဲ မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီလောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို တွေ့ချိန်မှာ အဝတ်အစားမပါတော့ဘဲ အဓမ္မပြုကျင့်ခံထားရတယ်လို့ ယူဆရတဲ့ လက္ခဏာတွေ တွေ့ရကြောင်းနဲ့ ပေါက်ပြဲဒဏ်ရာတွေ အများအပြားလည်း တွေ့ရကြောင်း မိန်းကလေးရဲ့ မိခင်ဆီက သိရပါတယ်။
အိမ်နီးနားချင်းတွေဖြစ်တဲ့ အသက် ၂၃ အရွယ် မောင်ခိုင်ကျော်လင်းဆိုသူနဲ့ အသက် ၁၈ နှစ်အရွယ် မောင်အောင်ခန့်ဇော်တို့နှစ်ဦးကို ရဲတပ်ဖွဲ့က သံသယနဲ့ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့က သေဆုံးသူရဲ့မိသားစုနေအိမ်ကို ရဲတပ်ဖွဲ့ကရောက်ရှိလာခဲ့ပြီး အခင်းဖြစ်ပွားရာနေရာက ရှာဖွေတွေ့ရှိခဲ့တဲ့ အဝတ်အစားတွေဟာ အဲဒီမိန်းကလေးရဲ့အဝတ်အစားတွေ မှန်မမှန်လာရောက် အတည်ပြုချက်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရဲတပ်ဖွဲ့က နေအိမ်ကိုရောက်လာတဲ့အခါမှာ ဖမ်းဆီးထားတဲ့လူငယ်တစ်နှစ်ဦးက သူတို့ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး အုတ်ခဲတွေနဲ့ ဦးခေါင်းကို ရိုက်ထုလိုက်ကြတာဖြစ်တယ်လို့ ဝန်ခံကြောင်း ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ သိရတယ်လို့ မိန်းကလေးရဲ့မိခင်က ပြောပါတယ်။
ဒါပေမဲ့ အဓမ္မပြုကျင့်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်တွေမြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
သူ့ကိုတွေ့ရှိခဲ့ရတဲ့ နေရာအနီးမှာ ဝိဘစ္ဆဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိပြီး အဲ့ဒီရေပြွန်ကို အသစ်တည်ဆောက်နေတဲ့အတွက် မတ်လ ၁၆ ရက်နေ့ မနက်စောစောအချိန် ရေပြွန်အလုပ်သမားတွေက တွေ့ရှိခဲ့တာလို့ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲ့ဒီနေ့က မနက်ပိုင်း အုတ်ခေါင်းကို ရေလာလောင်းကြတဲ့ မွတ်ဆလင်အလုပ်သမားတွေက တွေ့ရှိခဲ့တာ၊ ကလေးတစ်ယောက် သေနေပြီလားမသိဘူးဆိုမှ ရွှေရောင်မေတ္တာကိုအကူအညီတောင်းပြီး ဆေးရုံကိုပို့လိုက်ကြတာ”လို့ ဝိဘစ္ဆဝါဒီဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ သူတို့ရပ်ကွက်ထဲက နောက်ထပ် နေအိမ်တစ်အိမ်မှာ အသိတွေနဲ့ သွားအိပ်တတ်ပြီး အဲ့ဒီနေ့ကလည်း အဲ့ဒီအိမ်မှာ သွားအိပ်နေတယ်လို့ မိဘတွေက ယူဆထားကြတာပါ။
မနက်ပိုင်း အိမ်ပြန်မရောက်လို့ သူအိပ်တဲ့အိမ်ကိုသွားမေးကြည့်တော့ သူလာမအိပ်ကြောင်းသိရတဲ့အချိန် လိုက်ရှာရင်း အမျိုးသမီးတစ်ယောက်က ရထားလမ်း အုတ်ခေါင်းထဲမှာ မိန်းကလေးတစ်ယောက် ဒဏ်ရာတွေနဲ့သတိမေ့နေတာတွေ့လို့ ဓာတ်ပုံရိုက်လာတယ်လို့ပြောတဲ့အတွက် သူ့ဆီက ဓာတ်ပုံတောင်းကြည့်တော့ သူ့သမီးဖြစ်နေတာတွေ့ရတယ်လို့ မိန်းကလေးရဲ့မိခင်က ပြောပါတယ်။
သူ့ကို အိမ်မှာမတွေ့ရတော့တဲ့အချိန်ဟာ ညနေပိုင်း ပုံမှန်ကစားနေကျအချိန်ဖြစ်တာကြောင့် လိုက်လံရှာဖွေတာတွေမလုပ်ခဲ့ကြပါဘူး။
အရင်လည်း စစ်တွေမြို့မှာ အခုလို အမှုအခင်းတွေဖြစ်ဖူးခဲ့ပြီး ၂၀၂၀ တုန်းကလည်း မုန့်လက်ကောက်ရောင်းတဲ့မိန်းကလေးတစ်ယောက်ဟာ ဘောက်သီးစုရပ်ကွက်က အသစ်ဆောက်လုပ်နေတဲ့ တိုက်ပေါ်မှာ သေဆုံးနေတာတွေ့ရပါတယ်။
၂၀၂၂ ခုနှစ် ကလည်း မင်းဂံရပ်ကွက်က တက္ကသိုလ်ကျောင်းသူ မနွယ်သန္တာဝင်းဟာ သူအလုပ်လုပ်နေတဲ့ ဈေးဆိုင်တစ်ခုမှာ အသတ်ခံရပြီး ဒီဖြစ်စဉ်တွေမှာ အမှုမှန်မပေါ်ပေါက်တာ မရှိခဲ့ပါဘူး။
ဒါကြောင့် ဒီအမှုတွေကို ဥပဒေအရ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ အမျိုးသမီးအဖွဲ့တွေ၊ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားသွားမယ်လို့ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင် ဒါရိုက်တာ ဒေါ်ဝေဝေထွန်းက ပြောပါတယ်။
“ကျန်းမာရေးဌာနကတော့ ချက်ချင်းတော့ မပြောဘူး။ မုဒိမ်းကျင့်ခံရတာနဲ့ပတ်သက်လို့တော့ သူတို့ရဲ့စစ်ဆေး အတည်ပြုချက်အပေါ်မှာပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ အားလုံးကတော့ သံသယနဲ့ ပြောကြမှာပေါ့။ သို့သော်လည်း မှုခင်းဆရာဝန်နဲ့ ကိုင်တွယ်တဲ့ရဲကတော့ ဟုတ်မှန်ကြောင်း မဟုတ်မှန်ကြောင်းဆိုတာကို အများကြီး ကူညီထောက်ပံ့ဖို့လိုပါတယ်”လို့ ဒေါ်ဝေဝေထွန်းက ပြောပါတယ်။
သေဆုံးသူရဲ့မိသားစုဟာ လက်လုပ်လက်စားတွေဖြစ်ကြပြီး ကျပန်းလုပ်ကိုင်တဲ့ မိသားစု ဖြစ်ပါတယ်။
သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရပြီး ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတဲ့အတွက် ဒီအပေါ် အမှုမှန်ပေါ်ပေါက်စေလိုပြီး နောက်ထပ်လည်း အခုလိုအဖြစ်မျိုးတွေ မဖြစ်ပွားအောင် ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မိန်းကလေးရဲ့မိခင်က တောင်းဆိုထားပါတယ်။








