ဒီဇင်ဘာ ၃၁ ရက် ထိပ်တန်းသတင်းများ-မြန်အောင်မြို့က စီဒီအမ်ကျောင်းဆရာတစ်ဦး သေဒဏ်ချမှတ်ခံရ

CDM

ဓာတ်ပုံ ရင်းမြစ်, MPA

ရေးသားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ အထကခွဲ ထိပ်ပုတ်ကုန်းက မူလတန်းပြ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို ဟင်္သာတအကျဥ်းထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၃၀ ရက်မှာ သေဒဏ်ချမှတ်လိုက်ပြီး ပုသိမ်အကျဥ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ မြန်အောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံက သိရပါတယ်။

 ဦးကောင်းခန့်ကျော်ကို ကြိုတင်ကြံစည်လူသတ်မှု ပုဒ်မ ၃၀၂ (၁) ခ နဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (စ) တို့နဲ့ သေဒဏ်ချမှတ်လိုက်တာလို့သိရပြီး စစ်ကောင်စီ သတင်းပေးလို့ ဆိုတဲ့ သပြေကုန်းကျေးရွာနေ ဦးဝင်းညွန့်အောင် ခေါ် ဂျပ်ကြီးသတ်ဖြတ်ခံရမှုမှာ ပါဝင်တယ်ဆိုပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 ဒါ့အပြင် အဲဒီနေ့တစ်ရက်တည်းမှာပဲနောက်ထပ် စီဒီအမ်ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးစွမ်းရည်ထက်ကိုလည်း ထောင် ၁၀ နှစ်ချမှတ်ခံရတယ်လို့သိရပြီး သူ့ကို စွဲဆိုထားတဲ့ပုဒ်မနဲ့ အမှုနဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ တိတိကျကျမသိရသေးပါဘူး။

"မြန်အောင်မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု စီဒီအမ်မှာပါဝင်တဲ့အထဲမှာ အခု သေဒဏ်ပေးခံရတဲ့ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ရယ်၊ နောက် မနေ့ကပဲ အမိန့်ချရတဲ့ ဆရာစွမ်းရည်ထက်ရယ် သူတို့က အမှုတွဲမတူဘူး။ ဆရာစွမ်းရည်ထက်ကလည်း အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့အဖမ်းခံရတာ။ ထောင် ၁၀ နှစ်ချခံရတယ်။ အခု ဟင်္သာတထောင်မှာပါ။ အဲဒီ ၂ ယောက်အပါအဝင် ပညာရေးစီဒီအမ် ၆ ယောက် မြန်အောင်မှာအဖမ်းခံရတယ်။ ကျန်တဲ့လေးယောက်ကတော့ နာမည်နဲ့ရောက်ရှိတဲ့ထောင်တွေပဲသိရသေးတယ်။ ဘယ်အမှုနဲ့ ဘာပြစ်ဒဏ်လဲမသိရသေးပါဘူး" လို့ အဲဒီလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မြန်အောင်က ကျန်ပညာရေးစီဒီအမ်လေးဦးမှာ တစ်ဦးကမြန်အောင်အချုပ်ထောင်မှာထိန်းသိမ်းခံနေရပြီး နောက်တစ်ဦးက ဘားအံထောင်နဲ့ နောက်ထပ်နှစ်ဦးကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ သိရှိရပါတယ်။

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး ရှိပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

CDM

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ထောင် ၁၀ နှစ်ချမှတ်ခံရတဲ့ ဆရာ ဦးစွမ်းရည်ထက်

မန္တလေးက ပုဂ္ဂလိက ဆေးရုံ ငါးခု ဒီနေ့ စတင် ပိတ်

Mandalay

ဓာတ်ပုံ ရင်းမြစ်, CJ

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ၅ ခုမှာ တချို့က ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကစလို့ ပိတ်ထားပြီး တချို့ဆေးရုံတွေကတော့  ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ယာယီပိတ်ထားရတယ်လို့ သက်ဆိုင်ရာ ဆေးရုံတွေကနေ စုံစမ်းသိရှိရပါတယ်။

 

မြို့တော်၊ နန်းတော်၊ စိန်ပန်း၊ ထက်နေလင်း၊ ကံ့ကော် အထူးကုဆေးရုံတွေကို ရက်ပိုင်းလောက်ပိတ်ထားမယ်လို့ ဆိုပေမဲ့ ဘာကြောင့်ပိတ်ရတယ်ဆိုတာကို ဆေးရုံတွေဘက်က အတိအကျ ဖြေကြားတာ မရှိပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ မန္တလေးက ပုဂ္ဂလိကဆေးရုံ ငါးခု ယာယီပိတ်ရခြင်းအကြောင်းနဲ့ပတ်သက်လို့မေးမြန်းမှုတွေကိုပြန်လည်ဖြေကြားရာမှာ အဲဒီအချက်ကို တိတိကျကျ  ဖော်ပြထားတာ မပါရှိဘဲ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေအနေနဲ့ တည်ဆဲဥပဒေတွေကိုလိုက်နာဖို့လိုကြောင်းနဲ့ သင့်တင့်မျှတတဲ့ စရိတ်နဲ့ ကုသမှုပေးဖို့လိုအပ်ကြောင်းသာ ပြန်လည်ဖြေကြားထားတာတွေ့ရပါတယ်။

ဒါပေမဲ့တစ်ဖက်မှာတော့ခုလို မန္တလေးက ပုဂ္ဂလိက ဆေးရုံငါးခုကို ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ဖို့ အာဏာပိုင်တွေဘက်က ညွှန်ကြားလာတာကြောင့် ပိတ်ထားရတဲ့အခြေအနေဖြစ်ပြီး လူနာသစ်လက်မခံတော့တာ တွေ ရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ကောင်စီဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး ပြုလုပ်တဲ့ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးထောင်ချတာတွေရှိသလို ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာပါ ဆေးကုသခွင့်မရအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ အောက်တိုဘာ လကုန်ပိုင်းက ခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာ မင်းဇော်ဦး၊ သားဖွားဆရာမ၊ သူနာပြုတွေ အနည်းဆုံး ငါးဦးအဖမ်းခံရသလို ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း  ပုဂ္ဂလိကဆေးရုံအတွင်း  ဆေးကုနေစဥ် ဆီးနဲ့ကျောက်ကပ် ဆရာဝန်ကြီး ပေါမောက္ခ ဒေါက်တာ ဝင်းခိုင်နဲ့ ကျန်းမာရေး ဝန်ထမ်းနှစ်ဦးတို့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ်တွေချမှတ်မှု အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂတို့ ဝေဖန်ရှုတ်ချ

President Win Myint and Aung San Suu Kyi

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မနေ့က ထောင်ဒဏ် ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ(အီးယူ)တို့က ရှုတ်ချခဲ့ကြပါတယ်။

 အမေရိကန်နိုင်ငံခြားရေး ဒုတိယပြောခွင့်ရ ဗီးဒန့် ပါတေးက အခုလို ထောင်ဒဏ်ချမှတ်တာက မြန်မာစစ်တပ်က တရားဥပဒေစိုးမိုးရေးကို စော်ကားရာရောက်တယ်လို့ ဆိုပြီး ဒီမိုကရေးစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာလူထုကို ထောက်ပံ့ကူညီဖို့ အာဆီယံအပါအဝင် နိုင်ငံတကာ လက်တွဲဖော်တွေနဲ့ ဆက်လုပ်သွားမယ်လို့ လူမှုကွန်ရက်တွစ်တာမှာ ရေးပါတယ်။

 အလားတူ အီးယူ နိုင်ငံခြားရေးပြောခွင့်ရ ပီတာ စတန်နိုကလည်း တရားဥပဒေ လုပ်ထုံးလုပ်နည်းကို လေးစားမှုမရှိဘဲ ထောင်ဒဏ်ချမှတ်တာကို အပြင်းအထန် ရှုတ်ချပြီး ဥပဒေစိုးမိုးမှုနဲ့ဒီမိုကရေစီပျောက်ဆုံးနေတဲ့ မြန်မာအတွက် ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

 ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေကို လွတ်ပေးဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မှာ တောင်းဆိုခဲ့ပြီး တစ်ပတ်အကြာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ်  အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ငါးမှုကို နေပြည်တော်အချုပ်ထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။

 အသက် ၇၇  နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ  အခုဆို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂  နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။