မုန်တိုင်းအလွန် မိုင်းအန္တရာယ် သတိပြုဖို့ ကာကွယ်ရေး အဖွဲ့တွေ သတိပေး

မိုင်း

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းမြို့

ရေးသားခဲ့သည်။

မုန်တိုင်းကြောင့် ရေကြီးရေလျှံ မှုတွေ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကနေရာအချို့မှာ မြေမြှုပ်မိုင်း အန္တရာယ် သတိပြုကြဖို့လို ကြောင်း ကာကွယ်ရေး အဖွဲ့တွေက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံက နေရာအချို့မှာ မိုခါ မုန်တိုင်းဝင်ရောက်ပြီးတဲ့နောက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေဘက်မှာလည်း ရေကြီးမှုတွေ၊ ရေနစ်မြုပ်မှုတွေနဲ့ ရေတိုက်စားခံရတာတွေကြောင့် မြေကြီးထဲကို မြှုပ်ထားတဲ့ မြေမြှုပ်မိုင်းတချို့ ပေါ် လာတာရှိပြီး ဒေသကာကွယ်ရေး အဖွဲ့တွေက ပြန်လည် ရှင်းလင်းနေရတဲ့အတွက် ပြည်သူတွေ အနေနဲ့ သတိပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတိပေးပြောဆိုတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ မြို့အဝင်မှာရှိတဲ့ အိမ်တွင်းမှုသင်တန်းကျောင်းနေရာ အနီးမှာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း နှစ်လုံးကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဘက်က တွေ့ရှိ ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

ဆားလင်းကြီး ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေ ပြောတာက ဆားလင်းကြီးမှာတော့ နေရာအနှံ့ စစ်ကောင်စီဘက်က မိုင်းတွေ ထောင်ထားတာရှိပြီး သူတို့ ရုံးထိုင်တဲ့နေရာ၊ သူတို့ တပ်စွဲထားတဲ့အနီးတို့မှာ မြေမြှုပ်မိုင်းတွေ အဓိက ထောင်ထားတတ်ပြီး အခုလို ရေကြီး ရေတိုက်စားခံရတဲ့အချိန်မှာ နေရာအနှံ့ မြေမြှုပ်မိုင်းတွေ တွေ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလို မြေမြှုပ်မိုင်းတွေ တွေ့ရှိတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ မိုခါမုန်တိုင်းအရှိန်ကြောင့် တောင်ကျချောင်းရေတက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းမြို့

ဓာတ်ပုံ ပုံစာ, မကွေးတိုင်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် တောင်ကျချောင်းရေတက်ခဲ့

ဆားလင်းကြီး ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက“ မေလ ၁၇ ရက်နေ့ ညနေ ပိုင်း ၃ နာရီခွဲလောက်မှာ ဆားလင်းကြီးမြို့အဝင်က အိမ်တွင်းမှုသင်တန်းကျောင်းရှေ့မှာ နင်း မိုင်း ၂ လုံး ကာကွယ်ရေးအဖွဲ့ဝင်တွေ တွေ့ရှိ ဖယ်ရှားခဲ့ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့မိုင်းတွေကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ ရေတိုက်စားလို့ နေရာရွေ့နိုင်တဲ့ မိုင်းတွေကြောင့် ပြည်သူတွေကိုလည်း နေရာအနှံ့ အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးပြောဆိုတာပါလို့ ဆိုပါတယ်။

မုန်တိုင်းပြီးတဲ့နောက် ရေကြီးမြေတိုက်စားမှုတွေ အများအပြား ရှိနေတဲ့ ဆားလင်းကြီး မြို့နယ် အနှံ့က စစ်ကောင်စီတပ်တွေ သွားလာတဲ့နေရာအနှံ့မှာတော့ စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက တွေ့တာနဲ့ ဖယ်ရှားပေးနေရတယ်လို့ ပြောပါတယ်။

အလားတူပဲ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာလည်း ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတတ်တဲ့နေရာတွေမှာ မိုင်းတွေ ထောင်ထားတာရှိပြီး အခု မိုးရွာ၊ မုန်တိုင်းတိုက်ပြီးတဲ့နောက် ရေကြီး တာတွေကြောင့် မိုင်းတွေ မြေကြီးပေါ်ကို ပြန်ပေါ် လာတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မိုင်းတွေက နေရာရွေ့သွားတာမျိုး မရှိဘဲ ထောင်ထားတဲ့နေရာတွေမှာပဲ ပြန်လည်ပြီး မြေကြီးပေါ် ကို ပေါ်လာတာတွေ ရှိတဲ့အတွက် ဖယ်ရှား ရှင်းလင်းရတာတွေရှိတယ်လို့ သိရပါတယ်။

မိုင်း

ဓာတ်ပုံ ရင်းမြစ်, Explosive Ordanance Risk Education in Myanmar

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပေါက်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ “ ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းတွေက ပြန် ပေါ် လာတဲ့အတွက် ရှင်းလင်းရတာမျိုးတွေ ရှိပါတယ်။ နေရာရွေ့သွားတာမျိုးတော့ မရှိဘူး၊ အဲဒီမှာထောင်ထားတယ်။ အဲဒီနေရာမှာပဲ‌ မြေပေါ် ပြန်ပေါ် လာတာပါ။ လုံခြုံရေးအခြေအနေကြောင့် ဘယ်နေရာမှာ မိုင်းတွေ ကျန်နေသေးတယ်။ ဘယ်လောက်ကျန်နေသေးတယ်လို့တော့ ပြောလို့မရသေးပါဘူး။ လက်ရှိမှာတော့ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့နေရာမှာပဲ မြေပေါ် ပေါ် လာတဲ့ မိုင်းတချို့ရှိလို့ ရှင်းလင်းထားရပါတယ်၊ဆက်လက်လည်း ရှင်းလင်းသွားမှာပါ။ ” လို့ ပြောပါတယ်။

အခုလို မြေမြှုပ်မိုင်းတွေ လက်ကျန်တွေ ရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း မိုင်း လို့ သံသယရှိရင် ဖြစ်ဖြစ် မိုင်းကို တကယ်တွေ့ရှိရင် ဖြစ်ဖြစ် သွားရောက် ကိုင်တွယ်တာမျိုး၊ ပေါက်ကွဲသွားရင် မိုင်းရှင်းလင်းပြီ အထင်နဲ့ တစ်ခုခုနဲ့ ပစ်ပေါက်တာမျိုး မလုပ်ဆောင်သင့်ဘဲ နားလည်တဲ့သူတွေနဲ့ ခေါ် ယူ ရှင်းလင်းသင့်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းအပြီး မြေမြှုပ်မိုင်းတွေ နေရာ တချို့မှာ ပေါ် လာတာ တွေရှိပေမဲ့ မိုင်းကြောင့် လူထိခိုက်တာတော့ မရှိသေးဘူးလို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့ မှာတော့ စစ်ကောင်စီ တပ်တွေ တပ်စွဲထားတဲ့ အနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက် မိုင်းတွေ ထောင်ထားတာတွေ ရှိတဲ့အတွက် မုန်တိုင်း ဝင်ရောက်စဉ်မှာတော့ လေတွေတိုက်ပြီး တိုက်မိုင်းကြိုးတွေ ထိခိုက်ပြီး မိုင်းတွေကွဲတာတွေရှိပေမဲ့ လူ အထိအခိုက် အသေအပျောက်မရှိဘူးလို့ ပြောကြပါတယ်။

“ တိုက်မိုင်းတော်တော်များများကတော့ လေတိုက်တော့ ကွဲတယ်။ လူတော့ မထိခိုက်ဘူး၊ ခင်ဦးက မြစ်ချောင်းအင်းအိုင်လည်းနည်းသလို ကုန်းတွင်းပိုင်းလည်းဖြစ်တော့ မုန်တိုင်းကြောင့်လည်း တအားပျက်စီးတာတွေမရှိခဲ့ဘူး။ မိုင်းအန္တရာယ်လည်း အဲဒီလောက်မရှိဘူး။ “ လို့ ခင်ဦးမြို့နယ် တာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ရေကြီး မြေတိုက်စား ရေမြုပ်တာတွေကြောင့် နှစ်ဖက်မြှုပ်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိုင်း၊ တိုက်မိုင်းစတာတွေကြောင့် မြေမြှုပ်မိုင်း အန္တရာယ်ရှိနိုင်တဲ့နေရာတွေကတော့ ဆားလင်းကြီး မြို့နယ်၊ ဝက်လက်မြို့နယ်တို့ဖြစ်ကြပြီး မကွေးတိုင်းထဲမှာတော့ ပေါက် မြို့နယ်တွေမှာ မြေမြှုပ်မိုင်းတွေ အန္တရာယ်ရှိနိုင်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်ထဲမှာလည်း စစ်ကောင်စီဘက်က လာရာလမ်းတွေမှာ လက်လုပ် နင်းမိုင်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထောင်ထားတာတွေရှိပြီး အခု မြေကြီးပေါ် ကို ပြန်ပေါ်လာတဲ့ နင်းမိုင်း မြေမြှုပ်မိုင်းတွေကို ကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းနေကြရတယ်လို့ လည်းသိရပါတယ်။

ယူနီဆက်မြန်မာက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရတော့ ၂၀၂၃ ခုနှစ် ပထမသုံးလတာ ကာလ အတွင်း ပေါက်ကွဲလက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံစားခဲ့ရသူ အရပ်သားပြည်သူ စုစုပေါင်း (၃၀၂) ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ တင်ပြခဲ့တဲ့ ထိခိုက်ခံစားရသူ အရေအတွက် စုစုပေါင်းရဲ့ ၇၇ ရာခိုင်နှုန်း ရှိလာတာလို့ သိရပါတယ်။

ဒါကြောင့် မြေမြှုပ်မိုင်း အန္တရာယ်ကလည်း သတိပြုဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဒေသအလိုက် အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်ခံစားရသူ အများဆုံးဖြစ်ပြီး အရေအတွက်ရဲ့ ၃၆ ရာခိုင်နှုန်းရှိခဲ့သလို ပဲခူးတိုင်းမှာ ၁၈ ရာခိုင်နှုန်း၊ မန္တလေးမှာ ၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ချင်း၊ ကချင်၊ ကယား၊ မွန်၊ ကရင် ၊ မကွေး၊ မွန်၊ ရှမ်း တနင်္သာရီနဲ့ ရန်ကုန် အပါအဝင် ကျန်ဒေသတွေမှာတော့ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ယူနီဆက်မြန်မာက ၂၀၂၃ ခုနှစ် ၃လတာ ကာလအတွင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မုန်တိုင်းပြီးတဲ့နောက် သောက်သုံးရေ အခက်အခဲ နဲ့ စားနပ်ရိက္ခာအခက်အခဲကိုပါ တပါတည်း ခံစားနေကြရတဲ့အပြင် မုန်တိုင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ရေကြီးတာ ရေတိုက်စားတာ၊ မြေပြိုတာတွေကြောင့်လည်း မြေမြှုပ်မိုင်းတွေ စစ်လက်ကျန် ပစ္စည်းတွေ နေရာရွေ့လျားနိုင်တဲ့အတွက် ဒေသခံတွေမှာ စိုးရိမ်တွေနဲ့ သတိပြု နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။