နဂိုနို-ကရာဘတ် တပ်ဖွဲ့တွေ လက်နက်စွန့်ဖို့ သဘောတူ

အခု နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံ အာမေးနီးယားတွေပြော

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အခု နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံ အာမေးနီးယားတွေပြော
ရေးသားခဲ့သည်။

ဥရောပ အရှေ့တောင်ပိုင်းဒေသ ကာလရှည် နယ်မြေအငြင်းပွားမှု ဖြစ်နေခဲ့တဲ့ နဂိုနို-ကရာဘတ် ဒေသမှာ အဇာဘိုင်ဂျန် စစ်တပ်က စတင်တိုက်ခဲ့ပြီး ၂၄ နာရီ အကြာမှာ အာမေနီးယား မျိုးနွယ် လက်နက်ကိုင်တပ်တွေက ရုရှား ကြားဝင်စေ့စပ်ခဲ့တဲ့ အပစ်ရပ် အဆိုပြုချက်တွေကို သဘောတူခဲ့ပါတယ်။

ကာလကြာရှိနေခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားတတ်တဲ့ အဲဒီဒေသမှာ အခု ကရာဘတ်တပ်ဖွဲ့တွေ သဘောတူညီခဲ့တဲ့ အချက်အလက်တွေထဲက တစ်ခုကတော့ လုံးဝ လက်နက်စွန့်လွှတ်ရေး ဖြစ်ပါတယ်။

အဲဒီ တောင်ပိုင်း ကော့ကေးဆပ် ဒေသမှာ အာမေးနီးယန်း လူမျိုး ၁၂၀,၀၀၀ ကျော် နေထိုင်ပြီး နိုင်ငံတကာက အဲဒီဒေသကို အဇာဘိုင်ဂျန်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုလို့ အသိအမှတ် ပြုထားပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်မှာ ကရာဘတ် ဒေသနဲ့ အနီးအနား နေရာတချို့ကို အဇာဘိုင်ဂျန်က ပြန်ရရှိပြီးတဲ့နောက် မနေ့ အင်္ဂါနေ့က လုံးဝ လက်နက်ချဖို့ တောင်းဆိုခဲ့တာပါ။

အဇာဘိုင်ဂျန် စစ်တပ်က "အကြမ်းဖက်နှိမ်နင်းရေး" စစ်ဆင်ရေးတွေ စတင်ခဲ့ကတည်းကဆိုရင် ကရာဘတ်မှာ လူ ၃၂ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး လူ ၂၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

အဇာဘိုင်ဂျန် တာဝန်ရှိသူတွေနဲ့ ကရာဘတ်က အာမေးနီးယန်း ကိုယ်စားလှယ်တွေ အဇာဘိုင်ဂျန်က ယက်ဗ်လတ်ခ်မြို့မှာ ကြာသပတေးနေ့မှာ တွေ့ဆုံပြီး “ပြန်ပေါင်းစည်းရေး” ဆွေးနွေးမယ်လို့ အဇာဘိုင်ဂျန် အစိုးရက ပြောပါတယ်။

ရုရှားရဲ့ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူတွေနဲ့ ဆွေးနွေးပြီးနောက် တိုက်ခိုက်မှုတွေကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှာ လုံးဝ ရပ်တန့်ဖို့ သဘောတူခဲ့တယ်လို့ အဲဒီဒေသက ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါပေမဲ့ အပစ်ရပ်သဘောတူညီမှု အသက်ဝင်ပြီးချိန်အထိ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ဒေသ မြို့တော် ခန်ကန်ဒီ ကနေ ကြားနေရပါသေးတယ်။

မြေပုံ

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးကတည်းက အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နဂိုနို-ကရာဘတ် အရေးနဲ့ ပတ်သက်ပြီး စစ်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။

တောင်ထူထပ်တဲ့ အဲဒီဒေသဟာ အဇာဘိုင်ဂျန် အနောက်တောင်ပိုင်း ကုန်းတွင်းပိတ်ဒေသမှာ ရှိတာပါ။

၂၀၂၀ မှာ ဖြစ်ခဲ့တဲ့ ခြောက်ပတ်ကြာစစ်ပွဲမှာ လူထောင်ချီ သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ တူရကီရဲ့ အကူအညီနဲ့ အဲဒီဒေသနဲ့ ပတ်ဝန်းကျင်ကို အဇာဘိုင်ဂျန်က ပြန်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကိုးလအတွင်းမှာ ကရာဘတ်ကို အာမေးနီးယားကနေသွားတဲ့ တစ်ခုတည်းသောလမ်းကို အဇာဘိုင်ဂျန်က အခိုင်အမာ ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါကြောင့် အဲဒီဒေသက အာမေးနီးယားတွေက အစားအစာ၊ဆေးဝါးနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ ပြတ်လပ်ကုန်တယ်လို့ မကျေမနပ်ပြောဆိုခဲ့ကြပါတယ်။

အပစ်ရပ်စဲမှုကို ရုရှား တပ်ဖွဲ့ဝင် ၂,၀၀၀ က စောင့်ကြည့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားက အမေးနီးယားဟာ ယူရေးရှားဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်(CSTO) အဖွဲ့ အရ မဟာမိတ် ဖြစ်ပေမဲ့ အာမေနီးယားအပေါ် အာရုံစိုက်မှု လျော့နည်းနေပါတယ်။