ဩဂုတ် ၁၀ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - သပိတ်ကျင်းက PDF နာရေးအိမ်ကို ဗုံးကြဲခံရမှု လူ ၁၁ ဦးသေဆုံး

ဧပြီလတုန်းကလည်း သပိတ်ကျင်းနယ်ထဲက ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် လူ ဆယ်ချီသေဆုံးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Min Khant Kyaw

ဓာတ်ပုံ ပုံစာ, ဧပြီလတုန်းကလည်း သပိတ်ကျင်းနယ်ထဲက ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် လူ ဆယ်ချီသေဆုံးခဲ့ပါတယ်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့ဝင်တစ်ဦးရဲ့ နာရေး ပြုလုပ်နေတဲ့နေအိမ်ကို စစ်တပ်က ဗုံးကြဲလို့ လူ ၁၁ ဦးသေဆုံးတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နာရေးပြုလုပ်နေတဲ့အိမ်ကို စစ်တပ်က သြဂုတ်လ ၈ ရက်မှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး အဲဒီ ဗုံးကြဲမှုမှာနောက်ထပ် လူ ၄၀ ဦးနီးပါးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးရဲ့ နာရေးဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ်ယ်ရဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"ရက်လည်နေ့ မနက် ၈ နာရီ နာရေးအိမ်မှာ လူများတဲ့အချိန် လူအုပ်ကြားထဲကို ဗုံးက ကျကွဲသွားတာ"လို့ သူက ဆက်ပြောပါတယ်။

ဗုံးကျကွဲခဲ့တဲ့နေရာမှာတင် ၁၀ ဦးသေဆုံးပြီး နောက်တစ်နေ့ ဩဂုတ် ၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့သူတွေထဲက ၁ ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

''နာရေးလုပ်တဲ့ကျေးရွာက စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတဲ့ ၄ မိုင်နဲ့ နီးတယ်။ တပ်ရင်းက ရဲဘော်ရဲ့ စျာပနကို လုပ်ပေးခဲ့၊ ဆွမ်းကပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ မိသားစုက ရက်လည်ကို ိတ်စာနဲ့ ဖိတ်တယ်။ အဲဒီမှာ သတင်းပေါက်ကြားတာလို့ ယူဆပါတယ်'' လို့ အဲဒီ တပ်ရင်းနဲ့ နီးစပ်သူ နောက်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က သပိတ်ကျင်းမြို့ပေါ်ကို ပြန်ထိန်းချုပ်ထားပေမယ့် သပိတ်ကျင်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဗုံးကြဲခံလိုက်ရတဲ့ လမ်းလယ်ကျစ်ကျေးရွာဟာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ၇ မိုင်ကျေးရွာနဲ့ ၂ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။

"သပိတ်ကျင်းရဲ့ ၆ မိုင်၊ ၇ မိုင်၊ ၄ မိုင် ရွာတွေဘက်မှာ တိုက်ပွဲနေ့တိုင်းပြင်းထန်နေတယ်" လို့ သတင်းရင်းမြစ်က ဩဂုတ် ၁၀ ရက်မှာ ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းတုန်းကလည်း သပိတ်ကျင်းဒေသနဲ့ ကပ်လျက်က စဉ့်ကူးမြို့နယ် လက်ပံလှရဲစခန်း လေကြောင်းတိုက်ခံရမှုမှာ အကျဉ်းသားတွေအပါအဝင် ၂၂ ဦး သေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကတော့ သပိတ်ကျင်းမြို့နယ်ထဲ ဒရုန်းသုံးပြီး ဗုံးကြဲတာနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။

ဩဂုတ် ၈ ရက်က ဗုံးကြဲခံလိုက်ရတဲ့ နာရေးအိမ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဩဂုတ် ၈ ရက်က ဗုံးကြဲခံလိုက်ရတဲ့ နာရေးအိမ်မြင်ကွင်း

KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တော်လှန်ရေးတပ်တချို့ တွေ့ဆုံဆွေးနွေးမှုတွေစိပ်လာ

KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ယောတပ်တော်တို့ တွေ့ဆုံနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Yaw Army Info

ဓာတ်ပုံ ပုံစာ, KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ယောတပ်တော်တို့ တွေ့ဆုံနေတဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကချင်လွတ်လပ်ရေးတပ် (KIO/KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ယောတပ်တော်တို့ ဒီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ယောတပ်တော်(YA) က ဓာတ်ပုံတွေနဲ့အတူ မနေ့ ဩဂုတ် ၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ယောတပ်တော်က မထုတ်ပြန်သေးပါဘူး။

ယောတပ်တော်နဲ့ မတွေ့ခင် ဇူလိုင် နောက်ဆုံးအပတ်မှာပဲ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က မြင်းခြံခရိုင်တပ်ရင်း ၇ - Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုသက်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့အပြင် ဇူလိုင် တတိယအပတ်တုန်းကလည်း KIA ရဲ့ ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးနဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလတို့ တွေ့ဆုံခဲ့ပါတယ်။

ဒါကြောင့် KIA အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဝက်ကနေ လက်ရှိ ဩဂုတ်လ ၁၀ ရက်အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။

KIA နဲ့ NUG တွေ့ဆုံတဲ့ပွဲမှာ ချင်းညီနောင်-CB အဖွဲ့ခေါင်းဆောင်လည်း ပါဝင်ခဲ့ပြီး တော်လှန်ရေးမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတွေနဲ့ မဟာဗျူကျကျ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ ချင်းညီနောင်-CB ရဲ့ ပြောရေးဆိုခွင့်သူ ဆလိုင်းယောမန်က ဒေသတွင်းသတင်းတချို့မှာ ပြောထားပါတယ်။

KIA ရဲ့ တော်လှန်ရေးတပ်တချို့နဲ့ တွေ့ဆုံဆွေးနွေးနေတာတွေနဲ့ပတ်သက်လို့ ဘီဘီစီက KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

စစ်တပ်က ဒီးမော့ဆိုမြို့နယ်တစ်ခုလုံး ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေ

ဒီးမော့ဆိုမြို့‌ဒေသခံတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီးမော့ဆိုမြို့‌ဒေသခံတချို့ (ပုံဟောင်း)

ကယား(ကရင်နီ)ပြည်နယ်ထဲက ကရင်နီတော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က ထိုးစစ်ဆင်တာတွေ လုပ်လာတယ်လို့ ကရင်နီအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"စစ်တပ်က ဒီးမော့ဆိုမြို့ ပတ်ပတ်လည်ကို ဝိုင်းရံပိတ်ဆို့ထားတယ်" လို့ သူက ဆိုပါတယ်။

စစ်တပ်အနေနဲ့ ဒီးမော့ဆိုမြို့ရဲ့ မြောက်ဘက်"လွိုင်ကော်အနောက်ခြမ်း၊ ဘီလူးချောင်းနဲ့ ကပ်လျက် တ ချို့နေရာတွေကို ထိန်းဖို့ကြိုးစားနေတာ၊ အားလုံးတော့ မရသေးပါဘူး" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့ မြောက်ဘက် လွိုင်ကော်မြို့ထဲက ဘုရားနီ၊ ဘုရားဖြူရွာတဝိုက်မှာလည်း စစ်တပ်က ထိုးစစ်ဆင်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

အလားတူ လွိုင်ကော်နဲ့ ဒီးမော့ဆိုကြား ၆ မိုင် စံပြရွာအနီးက လမ်းပိုင်းတချို့နေရာတွေကိုလည်း စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တချို့မှာလည်း စစ်တပ်က ခြေကုတ်ပြန်ယူထားသလို မြို့ရဲ့ အရှေ့အနောက်ဆက်သွယ်ထားတဲ့ လမ်းမကြီးဘေးက ကျေးရွာတချို့ထဲမှာလည်း တပ်ဖွဲ့ဝင်တချို့ တပ်စွဲထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

"မြို့ပေါ်မှာ ဖြတ်သန်းသွယ်ထားတဲ့ လမ်းမကြီးတစ်ခုလုံးကို စစ်တပ်က အဓိက ပြန်ထိန်းဖို့ ကြိုးစားနေတာ" လို့ သူက ဆက်ပြောပြပါတယ်။

ဒီးမော့ဆို မြို့ပေါ်အပါအဝင် မြို့ပြင်နေရာတချို့ကိုပါ စစ်တပ်က ထိန်းထားနိုင်တာကြောင့် ဒီးမော့ဆို မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပြန်ထိန်းချုပ်သွားနိုင်ခြေရှိတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒီး‌မော့ဆိုတောင်ဘက်ခြမ်းက ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတဝိုက်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တချို့ကလည်း ဒီးမော့ဆိုဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ကရင်နီဒေသက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

မြင်းခြံမှာ ဒေါ်သီတာယုမွန်ပြည်သူ့စစ်နဲ့ စစ်တပ်တို့ ပူးတွဲစစ်ကြောင်းထိုး

မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

ဓာတ်ပုံ ပုံစာ, မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် (ပုံဟောင်း)

မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အစပ်က ကျေးရွာတွေကို မြင်းခြံပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) ခေါင်းဆောင်လို့ လူသိများတဲ့ ဒေါ် သီတာယုမွန်ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်တပ်ပေါင်းပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။

စစ်တပ်က ဩဂုတ်လ ပထမအပတ်ကစပြီး အင်အား ၇၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ထိုးနေတယ်လို့ ဒေသခံတချို့က အတည်ပြုပြောပါတယ်။

စစ်ကြောင်းထိုးချိန်အတွင်း စစ်တပ်က ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ဒေသခံတချို့ သေဆုံးမှုတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

စစ်ကြောင်းဖြတ်သွားရာတစ်လျှောက်က ဒေသခံတွေအနေနဲ့"ထွက်ပြေး တိမ်းရှောင်နေရလို့ သေဆုံးတဲ့ အရေအတွက် အတိအကျ မသိနိုင်ဘူး" လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ စစ်ကော်မရှင် ကျင်းပတော့မယ့် ရွေးကောက်ပွဲမတိုင်ခင် မြင်းခြံနဲ့ နွားထိုးကြီးဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ရယူချင်လို့ အခုလို စစ်ကြောင်းတွေ ထိုးနေတာလို့ မြင်းခြံအခြေခံ တော်လှန်ရေးအင်အားစုအချို့က ယူဆပါတယ်။

လူထုအနေနဲ့ "မဲပေးနိုင်အောင် မြို့နယ်တွေကို ရရင်ရသလောက် ပြန်ယူပြီး နယ်မြေရှင်းလင်း‌ရေးလုပ်နေတာ" လို့ မြင်းခြံခရိုင်တပ်ရင်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ မြန်မာစစ်တပ်ရဲ့ ကွန်မန်ဒို ရဲတပ်ဖွဲ့နဲ့ မြင်းခြံအခြေစိုက် အမှတ် ၁၅ ခြေမြန်တပ်ရင်းကနေ ထွက်လာတဲ့ တပ်ဖွဲ့ဝင်တချို့လည်း ပါတယ်လို့ သူက ပြောပါတယ်။

မနေ့ ဩဂုတ် ၉ ရက်ကလည်း မြင်းခြံမြို့ အရှေ့ဘက်ခြမ်းက ကံဆင့်(မြောက်)ရွာမှာ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အပေါ့စား သယ်ယူပို့ဆောင်‌ရေး လေယာဉ် Y-12 နဲ့ လေကြောင်းပစ်ကူခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကံဆင့်(မြောက်)ရွာက တော်လှန်ရေးတပ်စခန်းတစ်ခုကို ဒေါ်သီတာယုမွန် ဦးဆောင်တဲ့အဖွဲ့က သိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

အလားတူ ကံဆင့်မြောက်ရွာတပ်စခန်းမတိုင်ခင် အဲဒီရွာနဲ့ ၁ မိုင်ခွဲလောက်ပဲ ကွာဝေးတဲ့ ဗလုံရွာထဲက တော်လှန်ရေးတပ်စခန်းတစ်ခုကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ စစ်တပ်ထောက်ခံသူတွေက ရုပ်သံဖိုင်တွေနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့အပါအဝင် စစ်တပ်အင်အားတွေပါ ပါတဲ့ ၁ ပတ်ကျော်ကြာ စစ်ကြောင်းထိုးမှုမှာ "ရှေ့တန်းပွိုင့်စခန်း ၂ ခု၊ ၃ ခုလောက် လက်လွှတ်ထားရတယ်"လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ရှရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲစာရင်းမှာ မြန်မာကျပ်ငွေ ပါဝင်လာ

ရုရှားငွေကြေး ရူဘယ် ၅,၀၀၀ တန် ငွေစက္ကူတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားငွေကြေး ရူဘယ် ၅,၀၀၀ တန် ငွေစက္ကူတချို့ (ပုံဟောင်း)

ရုရှားဗဟိုဘဏ်ရဲ့ အင်တာနက်စာမျက်နှာကနေ ထုတ်ပြန်တဲ့ နိုင်ငံခြားငွေလဲဈေးကွက်မှာ မြန်မာကျပ်ငွေလည်း ပါဝင်လာတာတွေ့ရပါတယ်။

ရုရှားဗဟိုဘဏ် ထုတ်ပြန်တဲ့ ဩဂုတ် ၉ ရက် ငွေလဲလှယ်နှုန်းမှာတော့ ကျပ်ငွေ ၁,၀၀၀ ကို ရုရှား ရူဘယ်ငွေ ၃၇ ဒသမ ၉၉၀၃ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာကျပ်ငွေကို တရားဝင်ငွေလဲလှယ်တဲ့ငွေကြေးအဖြစ် သတ်မှတ်တယ်လို့ ရုရှားဗဟိုဘဏ်က ဇူလိုင်လ ၈ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် ၂ ရက်အကြာ ဇူလိုင် ၁၀ ရက်ကတည်းက တရားဝင် ငွေလဲနိုင်ပြီလို့ ရုရှားဗဟိုဘဏ်က ကြေညာပါတယ်။

အခုတော့ မြန်မာကျပ်ငွေကို ရုရှားဗဟိုဘဏ်ငွေလဲစျေးနှုန်းမှာ အခုသီတင်းပတ်အတွင်း ဆက်တိုက် ရည်ညွှန်းစျေး ဖွင့်လာတာဖြစ်ပါတယ်။

ရုရှားဟာ မြန်မာကျပ်ငွေအပြင် ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယားနဲ့ ဆော်ဒီအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရဲ့ ငွေကြေးတွေကို ရုရှားနိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ထဲ တစ်ရက်တည်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရုရှား-မြန်မာ နှစ်နိုင်ငံ ငွေတိုက်ရိုက်ပေးချေဖို့အတွက် MIR Payment System ကို သုံးပြီး ငွေလွှဲပို့တာတွေ လုပ်နိုင်တယ်လို့ သိရပါတယ်။

MIR ဆိုတာက ရုရှားဗဟိုဘဏ် ရဲ့ ငွေပေးချေမှုစနစ် MIR (မီယာ)ကို မြန်မာရဲ့ ငွေပေးချေမှုစနစ် - MPU ထဲကိုထည့်ပြီး သုံးမယ့်ပုံစံဖြစ်ပါတယ်။

ကျပ်-ရူဘယ်တိုက်ရိုက်ငွေချေတဲ့ စနစ်ကို ၂၀၂၂ ခုနှစ် အ‌ရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစလို့ နှစ်နိုင်ငံကြား အကောင်အထည်ဖော်နေခဲ့တာဖြစ်ပါတယ်။

ရုရှားဗဟိုဘဏ်ကနေ မြန်မာငွေကြေးကို တရားဝင်နိုင်ငံခြားငွေကြေးတစ်ခုအဖြစ် သတ်မှတ်လိုက်တာကြောင့် ရုရှား-မြန်မာကြား ကျပ်နဲ့ ရူဘယ်ကို တိုက်ရိုက်ပေးချေနိုင်၊ ကုန်သွယ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှား -မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ရူဘယ်ငွေကြေးထက် တန်ဖိုးကျနေတဲ့မြန်မာ့ ငွေကြေးနဲ့လက်ခံပြီး ကုန်သွယ်မယ်ဆိုရင် ရုရှားဘက်က အရှုံးရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

''ဒါပေမဲ့ ကုန်သွယ်မှုမှာ ငွေကြေးတန်ဖိုးကြောင့်ဖြစ်တဲ့ နှစ်ဖက် ဆုံးရှုံးမှု အသာအနာဖြစ်တာကို ပြန်ပြီး ညှိနှိုင်းကြမယ်ဆိုရင်တော့ ဒါက နောက်ပိုင်းမှာ ခံသာမယ်''လို့ သူက ပြောပါတယ်။

တဖက်မှာလည်း အခုလို တရားဝင် ငွေကြေးလဲလှယ်ဖို့ သတ်မှတ်လိုက်တာဖြစ်လို့ နှစ်နိုင်ငံလုံးရဲ့ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှုကို အတိုင်းအတာတစ်ခုအနေနဲ့ လျှော့ချနိုင်တယ်လို့ စီးပွားရေးအကဲခတ်တချို့က ထောက်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံကြီးတွေဟာ ကုန်သွယ်ရေးမှာ ဒေါ်လာအနိုင်ကျင့်မှုဖြစ်နေတယ်လို့ လူသိရှင်ကြား ထုတ်ပြောပြီးနောက်မှာ ရုရှားနဲ့ ငွေကြေး တိုက်ရိုက် ကုန်သွယ်ဖို့ အခုတော့ စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီက ခြေလှမ်းခဲ့တာဖြစ်ပါတယ်။

မိုးကုတ်မြို့ကို စစ်တပ်ဗုံးကြဲလို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး လူ ၄ ဦးသေဆုံး

မိုးကုတ်မြို့က လေကြောင်းတိုက်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/ TNLA

ဓာတ်ပုံ ပုံစာ, မိုးကုတ်မြို့က လေကြောင်းတိုက်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်း

မန္တလေးတိုင်းထဲ တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြိုကို စစ်တပ်က မနေ့ဩဂုတ် ၉ ရက် ညနေစောင်းပိုင်းမှာ လေကြောင်းကနေ ဗုံးတွေကြဲလို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ဒေသခံ ၄ ဦးသေဆုံးသွားတယ်လို့ မြို့ခံတချို့က ဘီဘီစီကိုပြောပါတယ်။

စစ်တပ်ကြဲတဲ့ဗုံးပေါက်ကွဲမှုမှာ အသက် ၈ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ် လေကြောင်းကနေ ကြဲလိုက်တဲ့ဗုံးဟာ မိုးကုတ်မြို့အရှေ့ပိုင်းက ဘုန်းကြီးကျောင်းအနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

"ဘုန်းကြီးကျောင်းနဲ့ ကပ်လျက်က အိမ်တွေ ထိသွားတာ" လို့ သူက ဆက်ပြောပါတယ်။

သီပေါကိုလည်း စစ်တပ်လေကြောင်းကနေ ဗုံးကြဲ

မိုးကုတ်မြို့ကို လေကြောင်းမတိုက်ခင် သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

သီပေါတိုက်ခိုက်မှုမှာ ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

သီပေါမြို့ကို ဇူလိုင် ၅ ရက်ကနေ ဩဂုတ် ၈ ရက် တစ်လနီးပါးအတွင်း စစ်တပ်က လေ‌ကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်ခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က အစောပိုင်းမှာ ပြောထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ သီပေါ မြို့ ၂ မြို့ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး စစ်ကော်မရှင်က သတင်းမထုတ်ပြန်သေးပါဘူး။

တစ်ဖက်မှာလည်း စစ်တပ်က နောင်ချိုမြို့ကို ပြန်သိမ်းပြီးနောက်ပိုင်း နောင်ချိုနဲ့ မိုးကုတ်ကြားထဲက လမ်းပိုင်းနဲ့ ရွာတွေကို ထိုးစစ်ဆင်နေတာကြောင့် စစ်တပ်နဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲ ဆက်ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောထားပါတယ်။

အလားတူ ဩဂုတ်လကုန်ပိုင်းမှာတော့ တရုတ်ဦးဆောင်မှုနဲ့ စစ်ကော်မရှင်နဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိတဲ့အကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောထားပါတယ်။

တွေ့ဆုံပွဲမှာ စစ်တပ်အနေနဲ့ ထိုးစစ်ဆင်မှုတွေ မလုပ်ဖို့၊ လေကြောင်းထိုးစစ်ဆင်တာ မလုပ်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့၊ အရပ်သားတွေလိုအပ်တဲ့ ကူးသန်းသွားလာခွင့်ပေးဖို့ စတာတွေဆိုတဲ့ရပ်တည်ချက်အတိုင်း ဆက်ရှိမယ်လို့ TNLA က တုံ့ပြန်ထားပါတယ်။