လူသေဆုံးမှုရှိလာတဲ့ကိုဗစ်ကို မထိတ်လန့်ဖို့ အိန္ဒိယပြော - ဒီဇင်ဘာ ၂၀ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့သူ အသစ် ၆၀၀ ကျော် စံချိန်တင် တွေ့ရပြီး အခုအခါ ပိုးတွေ့ထားသူပေါင်း ၂,၃၀၀ ရှိပါတယ်။

တောင်ပိုင်း ခရဲလား ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ ယောက် ရှိခဲ့ပြီး မျိုးကွဲ JN.1ရဲ့ ဆင့်ပွားမျိုးကွဲကြောင့် ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။

ဒီကိုဗစ်မျိုးကွဲကို အမေရိကန် နဲ့ တရုတ် အပါအဝင် တခြား နိုင်ငံ တော်တော်များများမှာ အစောပိုင်းတုန်းက တွေ့ရှိထားပြီး ဖြစ်ပါတယ်။

ဗဟိုအစိုးရ ကျန်းမာရေး ဝန်ကြီးကတော့ လက်ရှိပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ကူးစက်မှု အနေအထားကို ပြန်လည် သုံးသပ်နေပြီလို့ ပြောပေမယ့် လူထုအနေနဲ့ ဒီအတွက် စိုးရိမ် ထိတ်လန့်မှု ဖြစ်စရာမလိုဘူးလို့ ပြောပါတယ်။

ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် သေဆုံးမှု မိုဒီ စုံစမ်းမယ်

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် အိန္ဒိယ ဆက်ဆံရေး လမ်းလွဲမသွားစေချင်ဘူးလို မိုဒီပြော

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ အမေရိကန်မှာ ဆစ်ခ်ခွဲထွက်ရေး ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သူ့အစိုးရပါဝင်မှု ရှိမရှိ အထောက်အထားတွေ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဗြိတိန်က Financial Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလို ပြောလိုက်တာပါ။

အိန္ဒိယ အရာရှိတယောက်ဟာ ဂူပတ်ဝန် ဆင်းဂ် ပန်နန် ကို သတ်ဖြတ်ဖို့ စီစဉ် ညွှန်ကြားခဲ့တယ် ဆိုပြီး အမေရိကန်က ပြီးခဲ့တဲ့ လတုန်းက အဲဒီအရာရှိကို လွှဲပေးဖို့ တောင်းဆိုတာကြောင့် သံတမန်ရေးတင်းမာမှု လျှော့ချဖို့ မစ္စတာ မိုဒီက အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။

မစ္စတာ ဂူပတ်ဝန် ဆင်းဂ်ဟာ အမေရိကန်နဲ့ကနေဒါ နှစ်နိုင်ငံစလုံးမှာ နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပါတယ်။

မစ္စတာ မိုဒီကတော့ ထင်မှတ်မထားတဲ့ ကိစ္စလေးတွေကြောင့် အိန္ဒိယ-အမေရိကန် ဆက်ဆံရေး လမ်းလွဲသွားတာမျိုး အဖြစ်မခံနိုင်ဘူးလို့ ပြောပါတယ်။

ထိုင်းမှာ သေနတ်လိုင်စင် အသစ် တစ်နှစ်ရပ်

ထိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းမှာ မနှစ် တနှစ်အတွင်း သေနတ်ကိုင်ဆောင် ပစ်ခတ်မှုကြောင့် သေဆုံးသူ အများဆုံး ဖြစ်ခဲ့

ထိုင်းနိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ပါမစ်အသစ်တွေ ထုတ်ပေးတာ တစ်နှစ် ရပ်လိုက်ပါတယ်

နိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုတွေကြောင့် လူတော်တော်များများ သေဆုံးခဲ့ရပြီး အခုလို လုပ်ဆောင်လိုက်တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဘန်ကောက်မြို့က စျေးဝယ်စင်တာ တခုမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်ရဲ့ ပစ်ခတ်မှု ဖြစ်ကြောင့် လူသုံးယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနှစ်တုန်းကလည်း ရဲဝန်ထမ်းဟောင်းတယောက်က မူကြိုကျောင်းထဲဝင် ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ စုစုပေါင်း ၃၆ ယောက် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်းမှာ သေနတ်ကိုင်ဆောင်မှု အများဆုံး ဖြစ်ပြီး ၄ဝ ရာနှုန်းသော သေနတ်တွေက တရားမဝင် ဝယ်ယူထားကြတာ ဖြစ်ပါတယ်။

ဂါဇာမှာ အရပ်သားတွေကို တိုက်ခိုက်နေလို့ အစ္စရေး ကုန်တင်သင်္ဘောတွေကို မလေးရှား ဆိုက်ကပ်ခွင့် မပြုတော့

အစ္စရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေး ရေတပ်သား လုပ်ငန်းခွင်မှာ မြင်တွေ့ရစဉ်

မလေးရှားဟာ အစ္စရေး အလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောတွေကို သူတို့ဆိပ်ကမ်းတွေမှာ ပေးမကပ်ဘဲ တားမြစ်ထားပါတယ်။

ဂါဇာမှာ လူသားချင်း စာနာမှုကို အခြေခံတဲ့ စည်းမျဉ်းတွေ ချိုးဖောက်ပြီး အရပ်သားတွေ အပေါ် စစ်ဆင်နွှဲနေတာနဲ့ ပတ်သက်လို့ မလေးရှားက အခုလို တုံ့ပြန်ခဲ့တာပါ။

အစ္စရေးက အကြီးဆုံး ကုန်တင်ပို့ ကုမ္ပဏီ ZIM အနေနဲ့ မလေးရှား ဆိပ်ကမ်းတွေ အသုံးပြုမှု ခွင့်ပြုထားချက်ကို ပယ်ဖျက်လိုက်ပြီလို့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောပါတယ်။

မလေးရှားဟာ အစ္စရေး အစိုးရနဲ့ တရား၀င် သံတမန် ဆက်ဆံရေး မရှိဘဲ ၊ အခုအခါ ဂါဇာစစ်ပွဲကြောင့် အစ္စရေးအပေါ် တားမြစ်ချက်တွေ ထုတ်ပြန်ဖို့ မလေးရှား အစိုးရ အဖွဲ့အတွင်းမှာကို ဖိအားတွေ ပေးခံနေရတာ ဖြစ်ပါတယ်။

ဒိုင်ဟတ်ဆု ထုတ်တဲ့ ကားတင်ပို့မှု ရပ်ဆိုင်းမယ်လို့ တိုယိုတာ ကြေညာ

ဂျပန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုမ္ပဏီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပြောလာတဲ့ တိုယိုတာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျပန်မှာ ကားထုတ်တဲ့ တိုယိုတာ လက်ခွဲ ဒိုင်ဟတ်ဆု ဟာ တကမ္ဘာလုံးက ကားအဝယ်အော်ဒါ တင်ပို့တွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ တိုယိုတာ ကုမ္ပဏီက ပြောပါတယ်။

သူတို့ထုတ်တဲ့ကား တော်တော်များများဟာ သင့်တော်တဲ့ လုံခြုံရေးဆိုင်ရာ စမ်းသပ် စစ်ဆေးမှုတွေ လုပ်မထားဘူးဆိုတာကို စုံစမ်းတွေ့ရှိခဲ့ပြီးနောက်မှာ အခုလို စီစဉ်လိုက်တာပါ။

ပြီးခဲ့တဲ့ ဧပြီလတုန်းက စတင် သိရှိခဲ့တဲ့ သံသယ ဖြစ်ဖွယ် လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ်ကို အခုနှစ် အစောပိုင်းတုန်းက ဖွဲ့စည်း စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ကားအသေး အစီး ၈,၈၀၀ ရဲ့ ယာဉ်တိုက်မှုဆိုင်ရာ စစ်ဆေးချက်တွေ ကောင်းကောင်း လုပ်မထားဘူး ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဂျပန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေဟာ လာမယ့် ကြာသပတေးနေ့မှာ ဒိုင်ဟတ်ဆု ကားစက်ရုံတွေကို သွားရောက်စစ်ဆေးဖွယ် ရှိတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။

အခုလို ကိစ္စရပ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် ဒိုင်ဟတ်ဆု က တောင်းပန်လွှာတရပ် ထုတ်ပြန်ခဲ့ပြီး တိုယိုတာ ကုမ္ပဏီ ကလည်း ဒိုင်ဟတ်ဆု ကုမ္ပဏီ ပြန်လည် ရပ်တည်နိုင်ဖို့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုပြီလို့ ပြောပါတယ်။

ဟားမတ်စ်ခေါင်းဆောင် အီဂျစ်မှာ ရောက်နေပြီး အပစ်ရပ်ရေး ဆွေးနွေးဖွယ်ရှိ

ဂါဇာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီဂျစ်ကို ရောက်နေတဲ့ ဟားမတ်စ် ခေါင်းဆောင် Ismail Haniyeh

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟန်နီးရားဟာ ကိုင်ရိုမြို့မှာ အီဂျစ် အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လတုန်းက အီဂျစ်ဦးဆောင်ပြီး ယာယီအပစ်ရပ်ရေး ပြန်လည် စတင်ဖို့ နောက်ဆုံးထွက်ပေါ်လာတဲ့ လမ်းစလို့ ရှုမြင်နေကြပါတယ်။

အစ္စရေးကတော့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဟားမတ်စ်တို့ ဖမ်းထားတဲ့ ဓားစာခံတွေထဲက ပြန်လွှတ်မယ့်သူတွေထဲ အမျိုးသမီးတွေနဲ့ မကျန်းမာတဲ့ အမျိုးသားတွေ ထည့်သွင်းပြန်လွှတ်ပေးဖို့ ထပ်တလဲလဲ တောင်းဆိုထားပါတယ်။

အပြန်အလှန်အနေနဲ့ ထောင်ချခံထားရတဲ့ ပါလက်စတိုင်းတွေလည်း ပြန်လွတ်လာဖွယ် ရှိပါတယ်။

ကုလလုံခြုံရေးကောင်စီမှာတော့ ဂါဇာ အပစ်ရပ်ရေး မဲခွဲဖို့ ရပ်ဆိုင်းထားတာကို ဒီနေ့မှာ ပြုလုပ်သွားဖွယ် ရှိပြီး ဒီကိစ္စ ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားဖို့ ရှိပါတယ်။