မိုခါ မုန်တိုင်းသင့်သူတွေ အိမ်ပြန်ဆောက်ပြီးကြပြီလား

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီက ဇွန်လဆန်းကတည်းက ကန့်သတ်လိုက်ပြီး မုန်တိုင်းဒဏ်သင့်သူတွေဟာ အခု အခါမှာ နေရေးစားရေး ဆင်းရဲကျပ်တည်းစွာနဲ့ မုတ်သုံမိုးရာသီကာလကို ရင်ဆိုင်နေကြရပါတယ်။
လက်လုပ်လက်စားတွေနဲ့ ကျူးကျော်နေထိုင်သူတွေ အများအပြားရှိနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က မင်းဂံရပ်ကွက် ၁၁ က ကျူးကျော်ရွာလေးမှာနေထိုင်တဲ့ ဒေါ်မတင်အေးတို့မိသားစုဟာ မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့နေအိမ်လေးကို ပြန်တည့်မတ်ပြီးတော့ တာပေါ်လင်စတွေမိုးပြီး နေထိုင်နေကြပါတယ်။
သူတို့တာပေါ်လင်စမိုးပြီးနေလာတာ မုန်တိုင်းပြီးကတည်းဆိုရင် အခုဆို နှစ်လနီးပါးရှိလာပါပြီ။
သူတို့မှာ မိသားစု ၁၀ ဦးရှိပါတယ်။ သားသမီး ၇ ယောက်နဲ့ လူကြီးသုံးယောက်ပါ။
ခင်ပွန်းသည်ကတော့ စစ်တွေမြို့ပေါ်မှာ ဆိုက္ကားနင်းပါတယ်။ ဆိုက္ကားနင်းလို့ ရလာတဲ့ ပိုက်ဆံကိုပဲ သူတို့မိသားစု ၁၀ ယောက်က မှီခိုနေကြတာ ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့နေအိမ်လေးကိုတော့ တည့်မတ်ပြီးနေထိုင်နေကြပေမယ့် လူဦးရေများတဲ့မိသားစုက လက်ရှိနေရာမှာ မဆန့်တဲ့အခြေအနေပါ။
အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အစစအရာရာ ကုန်စျေးနှုန်းတွေ တက်နေတော့ အခုအချိန် သူတို့အိမ်ကို ပြုပြင်ဖို့၊ ပြန်ဆောက်ဖို့အတွက်က မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“ ပိုက်ဆံမရှိတော့ အိမ်မဆောက်နိုင်ဘူး။ လုပ်နိုင်ရင် ပြန်လုပ်ထားတာကြာပြီ” လို့ ဒေါ်မတင်အေးကပြောပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မုန်တိုင်းပြီးကတည်းက အိမ်မဆောက်နိုင်သေးပဲ တာပေါ်လင်စနဲ့ နေပြီး စာရေးသောက်ရေး အကျပ်အတည်း အခက်အခဲတွေနဲ့ ကြုံနေရတဲ့အခြေအနေက သူတို့မိသားစုတစ်စုတည်းတော့ မဟုတ်ပါဘူး။
လူဦးရေ ၅ သိန်းလောက်နေထိုင်ကြတဲ့ စစ်တွေမြို့နယ်မှာ အခုလိုအခြေအနေ ကြုံတွေ့နေရတဲ့ မိသားစုတွေ အများအပြားရှိတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈ သောင်းထိ ဈေးမြင့်တက်နေတဲ့အချိန် ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုတွေအတွက်တော့ "နေ့စဥ်ထမင်းနပ်မှန်အောင်စားရဖို့ကလွဲရင် ကျန်တာမစဉ်းစားရဲစရာပါဘူး" လို့ သူကပြောပါတယ်။
ဟင်းသီးဟင်းရွက် တစ်မယ်အတွက်တောင် ဈေးကဝယ်စားမယ်ဆိုရင် ဒေါ်မတင်အေးတို့ မိသားစုအတွက် တစ်နပ်ကို ကျပ်နှစ်ထောင်ဖိုး လောက်မှ လောက်ငမယ့် အခြေအနေလို့ ဆိုပါတယ်။
“ဝဝလင်လင်စားသောက်ရဖို့အတွက်ကတော့ ဝေလာဝေးပေါ့”လို့ သူက ပြောပြပါတယ်။
“သားသမီး ၉ ယောက်မှာ နှစ်ယောက်ဆုံးသွားတယ်။ ၇ ယောက်ရှိတယ်။ ကျွန်မယောကျ်ားက ဆိုက္ကားနင်းတယ်။ ဆိုက္ကားနင်းတာနဲ့ စားရနေရအဆင်မပြေဘူး။ ရတာလေးနဲ့မျှတပြီးတော့ စားသောက်ကြရတာပေါ့။ နပ်မှန်အောင်အတွက် မငတ်အောင်တော့ စားကြရတာပေါ့”လို့ ဒေါ်မတင်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်နဲ့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေကို ရပ်နားဖို့ တားမြစ်စာတစ်စောင် ထွက်လာပါတယ်။
အဲဒီနောက် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို သွားလာခွင့်ဆိုင်းငံ့လိုက်တာဟာ ရခိုင်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီရရှိနိုင်မှုအခြေအနေကို ယိုယွင်းလာစေပြီး နေပြည်တော်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ပြောခဲ့ပါတယ်။
ပြည်ပကနေ သယ်ယူမယ့် သဘာဝဘေး ထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာကို သွင်းယူလာရေးတောင်းဆိုမှုအချို့ကို အတည်ပြုပေးပြီးဖြစ်ပေမဲ့ အကန့်အသတ်တွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲ လူသားချင်းစာနာမှုအကူအညီရောက်ခွင့် ဆိုင်းငံ့ခံရတာဟာ လူပေါင်းထောင်ချီကို ပေးထားနိုင်တဲ့ကူညီရေး လုပ်ဆောင်ချက်တွေလည်း ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။
မုတ်သုံရာသီရောက်လာချိန်မှာ အကူအညီပေးရေး ဝင်ရောက်ခွင့် ဆိုင်းငံ့ခံလိုက်ရတာဟာ အခြေအနေ ပိုဆိုးရွားလာစေနိုင်တယ်လို့လည်း UNOCHA က သတိပေးပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်တဲ့နေ့က စစ်တွေမြို့မှာနေထိုင်ကြသူတွေ အများစုကတော့ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ပြီးနေခဲ့ကြပါတယ်။
မုန်တိုင်းပြီးလို့ အိမ်ပြန်ချိန်မှာ နေအိမ်တွေ မရှိကြတော့ဘူးပါဘူး။ တိုက်တာအဆောက်အဦးတွေတောင် ပျက်စီးပြိုလဲခဲ့ရတဲ့အခြေအနေမှာ တဲသာသာနေအိမ်လေးတွေကတော့ ပြောစရာကို မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။
အခုအချိန်ထိ အဲ့ဒီနေအိမ်တွေကို ပြန်မပြင်နိုင်၊ မဆောက်လုပ်နိုင်ကြသေးပါဘူး။ မိုးကလည်း ဆက်တိုက်ပုံမှန် ရွာသွန်းနေပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြို့ဟာ ဆိုင်ကလုန်းမိုခါ တိုက်ရိုက်ဝင်ရောက်ခဲ့တဲ့ မြို့နယ်ဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပါတယ်။
နေအိမ်တွေပျက်စီးသွားတဲ့အခြေအနေကို ပြန်ကြည့်ရင် တချို့အိမ်တွေက လုံးဝပြိုလဲသွားပါတယ်။ တချို့အိမ်တွေက အမိုးအကာတွေ ပျက်စီးသွားပါတယ်။
နောက်တစ်ထပ်တစ်ပိုင်းက ဆင်းရဲသားမိသားစုတွေရဲ့ တဲသာသာ နေအိမ်တွေရဲ့အခြေအနေပါ။ စစ်ကောင်စီကတော့ သူတို့အနေနဲ့ လေဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ပေးနေတယ် လို့ ပြောဆိုပါတယ်။
ရပ်ကွက်တွေထဲမှာလည်း ရိက္ခာအကူအညီတွေ အနည်းအကျဉ်းပေးတာတွေရှိနေပေမယ့် အကူအညီပေးတဲ့အခြေအနေတွေက ညီမျှမှုမရှိကြပါဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။
ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့ပေးချင်တဲ့သူတွေကိုပဲ ရွေးပြီးပေးနေတဲ့အခြေအနေကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်တွေမြို့ပေါ်က မင်းဂံ ရပ်ကွက် အပါအဝင် ရပ်ကွက်တွေထဲမှာလည်း ရိက္ခာအကူအညီတွေ အနည်းအကျဉ်းပေးတာတွေရှိနေပေမယ့် အကူအညီပေးတဲ့အခြေအနေတွေက ညီမျှမှုမရှိကြပါဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။
ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့ပေးချင်တဲ့သူတွေကိုပဲ ရွေးပြီးပေးနေတဲ့ အခြေအနေကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“ကျွန်မတို့ မြင်တွေ့နေရတာက တိုက်အိမ်နဲ့နေတဲ့သူတွေကိုပဲ ထောက်ပံ့ပေးနေတာ တွေ့ရတယ်။ ဆင်းရဲတဲ့အိမ်တွေဆို ထည့်တွက်ရာမှာတောင် မပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း မျက်နှာလိုက်ပြီးတော့ ပေးနေတာ။ မရှိဆင်းရဲသားတွေကတော့ အငတ်နေကြပေါ့”လို့ စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က မင်းဂံရပ်ကွက်ကို ဆန်၊ တာပေါ်လင်စနဲ့ စားသောက်ကုန်ပစ္စည်းတွေပါဝင် ပစ္စည်းတွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
အဲ့ဒီပစ္စည်းတွေကို ပေးအပ်တဲ့အခါမှာ အမှန်တကယ် နေအိမ်တွေပျက်စီးသွားခဲ့သူတွေနဲ့ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့မိသားစုတွေ မရကြဘဲ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေကပဲ ရရှိခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ကြပါတယ်။
ရွှေဆိုင်ပိုင်ရှင်တွေ၊ လေဘေးကြောင့် အပျက်အစီးတွေမရှိတဲ့ တိုက်အိမ်ပိုင်ရှင်တွေရရှိကြပြီး အဲ့ဒီကြားတွေမှာရှိနေတဲ့ ဆင်းရဲတဲ့မိသားစုတွေကို ချန်လှပ်ထားခဲ့တယ်လို့ ရပ်ကွက်အတွင်းနေထိုင်တဲ့ ထောက်ပံ့မှုမရခဲ့ကြသူတွေက ပြောပြကြပါတယ်။
ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ ပျက်စီးမှုတွေကို အခြေခံပြီး ထောက်ပံ့ကူညီမှုတွေ ပေးအပ်နေတာဖြစ်တယ်လို့ ဘီဘီစီကိုပြောဆိုပါတယ်။
အကူအညီတွေလိုအပ်နေဆဲဖြစ်ပြီး မိုးရွာတဲ့အချိန်တွေဆိုလို့ရှိရင် သူများအိမ်မှာ သွားနေကြရတယ်လို့ စစ်တွေမြို့ပေါ်က ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့သူတွေက ပြောဆိုကြပါတယ်။

မိုခါဖြတ်သန်းရာလမ်းကြောင်းမှာရှိတဲ့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြို့နယ်တွေမှာတော့ ပျက်စီးမှုအများဆုံးအခြေအနေ ဖြစ်ခဲ့ပါတယ်။။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တွေကတော့ ထိခိုက်ပျက်စီးမှု ဒုတိယနေရာမှာရှိနေပါတယ်။ ကျန်မြို့နယ်တွေကတော့ သက်သာရာရခဲ့ကြတဲ့အခြေနေမျိုးလို့ဆိုရမှာပါ။
မုန်တိုင်းကြောင့် ပျက်စီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ကြရတာက ကျေးလက်နေပြည်သူတွေဖြစ်ပါတယ်။ တချို့ကျေးရွာတွေဆိုလို့ရှိရင် နေအိမ်တွေ တစ်အိမ်မှမရှိတော့တဲ့အထိ ပျက်စီးခဲ့တာပါ။ တချို့ရွာတွေမှာဆို သုံးလေးအိမ်လောက်ပဲ ကျန်ခဲ့တာကိုတွေ့ရတယ်လို့ အကူအညီပေးရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီကပြုစုတဲ့စာရင်းတွေအရ လူနေအိမ်နဲ့ တခြားအဆောက်အဦးပေါင်း ၂၇၃,၇၂၃ လုံးပျက်စီးခဲ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ငွေကျပ်သန်းပေါင်း ၄၇၄,၉၀၉ ရှိပြီး သေဆုံးသူပေါင်း ၁၄၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၉၄ ဦးနဲ့ လေဘေးသင့်ပြည်သူပေါင်း ၁,၁၅၄,၆၄၅ ဦးရှိတယ်လို့ဆိုပါတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားလူတန်းစားတွေဟာ ရခိုင်ပြည်နယ် နေရာအနှံ့မှာ ရှိနေကြတာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ရခိုင်လူထုရဲ့ တဝက်လောက်က ဆင်းရဲသားလူတန်းစားတွေလို့ဆိုရမှာပါ။ ပုံမှန်အားဖြင့်ဆိုလို့ရှိရင် သူတို့တွေက ပန်းရံ၊ လက်သမား၊ ဆိုက္ကားနင်း၊ ကူလီထမ်း၊ နေအိမ်တွေမှာအငှားဝင်လုပ် စတဲ့ အောက်ခြေအလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲ့ဒီမိသားစုတွေဟာ အိမ်တွေလည်းပြန်မဆောက်နိုင်ကြသေးတာကြောင့် နေစရာမရှိကြတဲ့အပြင် စားသောက်ရေးအတွက်ပါ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ မိုခါအလွန်ကာလမှာ အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလို ဆင်းရဲသားထုအတွက် ပိုမိုပြီးတော့ အကျပ်အတည်းတွေနဲ့ ကြုံနေကြရတာ တွေ့နေရပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တာ ရက်သတ္တပတ် ခြောက်ပတ်ထဲ ရောက်လာတဲ့အချိန်ထိ ရခိုင်လူထုကတော့ သူသူငါငါ ရုန်းကန်နေကြရဆဲ၊ အကျပ်အတည်းတွေနဲ့ နပန်းလုံးနေကြရဆဲဖြစ်ပါတယ်။ မုန်တိုင်းကြောင့်နေအိမ်တွေပျက်စီး သွားခဲ့ကြသူတွေရဲ့ ရာခိုင်နှုန်းအများစုကတော့ သူတို့ရဲ့နေအိမ်တွေ ပြန်မပြင်နိုင်ကြသေးပါဘူး။

အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းတွေအကြား မိသားစုစားဝတ်နေရေးအတွက် မဖြေရှင်းနိုင်တော့တဲ့ အခြေအနေနဲ့ကြုံရတဲ့ မိသားစုတွေလည်းရှိနေပါတယ်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေကတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့ အကြွေးနွံထဲရုန်းမထွက်နိုင်တော့တဲ့အထိ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိုးခွက်ပန်းကန်ကအစ မုန်တိုင်းထဲ ပါသွားတဲ့အတွက် ချက်ပြုတ်စားသောက်စရာတောင်မရှိတဲ့အခြေအနေကို ရောက်ခဲ့ကြပါတယ်။
ကူသူမဲ့နေတာကြောင့် လိုအပ်တဲ့ အိုးခွက်ပန်းကန်တွေကို တတ်နိုင်သလောက် ချေးငှားပြီး ဝယ်ယူထားရတယ်လို့ လေဘေးသင့်ခဲ့ကြသူတွေက ပြောဆိုကြပါတယ်။
နဂိုကတည်းက ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြတဲ့ လက်လုပ်လက်စားဘဝတွေဟာ မုန်တိုင်းအလွန်ကာလတွေမှာ အလုပ်အကိုင်တွေလည်း ရှားပါးပြီး အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
စက်ရုံစု အကွက် ၂ မှာနေထိုင်တဲ့ ပန်းရံလုပ်သားလေးတစ်ယောက်ကတော့ သူတို့အလုပ်ရှိတဲ့နေ့သွားလုပ်ပြီး မရှိတဲ့နေ့တွေဆို ထိုင်နေကြရတယ်လို့ ဆိုပါတယ်။ မိသားစုစားသောက်ဖို့အတွက်လည်း အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
မိသားစုတော်တော်များများကတော့ သူတို့နေအိမ်တွေကို ပြန်မဆောက်လုပ်နိုင်ကြတော့သလို စားသောက်ဖို့အတွက်တောင် ခက်ခဲလာကြတာကြောင့် မူလနေရာတွေမှာ ဆက်မနေနိုင်ကြတော့ဘဲ ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေတွေဆီမှာပဲ ကပ်ခိုနေထိုင်နေကြရတဲ့ အခြေအနေတွေလည်းရှိနေတယ်လို့ စစ်တွေမြို့က ဒေါ်အိမ်စိုးမက ပြောပါတယ်။








