ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မြောက်ပိုင်းတိုက်ပွဲ - “မှည့်နေတဲ့ စပါးတွေ စာတွေ စားလို့ကုန်ပြီ ထင်တယ်”
ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုတို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တောင်သူတွေ စပါးရိတ်သိမ်းခွင့်မရဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပြီး ဆန်စျေးတွေလည်း တချို့နေရာတွေမှာ တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်နေပါတယ်။
ဒီလိုမတည်ငြိမ်မှုတွေကြား အရဲစွန့်ပြီး စပါးရိတ်သိမ်းတဲ့တောင်သူတချို့လည်း ပစ်ခတ်မှုတွေကြောင့် ရိတ်သိမ်းလို့မရဘဲ ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီအချိန်မှာ စပါးပေါ်ပြီ။ တိုက်ပွဲဖြစ်နေတဲ့ကာလဆိုတော့ စပါးတွေ သွားရိတ်လို့မရ၊ မှည့်နေတဲ့ စပါးတွေကိုလည်း လယ်ကွင်းကိုလည်း သွားလို့မရဆိုတော့ စပါးတွေက စာတွေဘာတွေ စားလို့ ကုန်ပြီထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ပိတ်ဆို့တားမြစ်မှုတွေနဲ့ ကြုံနေပြီး အစာရေစာရှားပါးပြီး ငတ်မွတ်မှုနဲ့ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာက တောင်သူတစ်ဦးက ပြောပြတာ ဖြစ်ပါတယ်။
“ဆုံးရှုံးမှုတွေက များနေတာပဲ။ ထမင်းငတ်တဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ရွာမှာ ရှိတဲ့ဟာကိုတော့ မျှပြီးတော့ စားနေရတာပဲ။ ဌာနဆိုင်ရာ ပြောပြီးတော့ သွားရိတ်ရင်တော့ ရမယ်ထင်တယ်” လို့ ဆိုပါတယ်။
အသက်အန္တရာယ်ကြောင့် စပါးမရိတ်နိုင်
တိုက်ပွဲတွေကြောင့် လယ်ယာစိုက်ပျိုးမှုကို အဓိကလုပ်ကိုင်နေကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေက စပါးခင်းတွေ ရိတ်သိမ်းချိန်လွန်တဲ့အချိန်အထိ ရိတ်သိမ်းလို့ မရတဲ့ အခြေအနေ ကြုံနေရတာပါ။
တချို့နေရာတွေမှာတော့ စပါးတွေကိုရိတ်သိမ်းလို့ရတာမျိုးရှိနေပေမဲ့ စစ်တပ်စခန်းချထားတဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ စိုက်ပျိုးထားတဲ့စပါးခင်းတွေကို တောင်သူတွေအနေနဲ့ သွားရောက်ရိတ်သိမ်းရင် အသက်အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ညနေပိုင်းက မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာက တောင်သူသုံးဦးတို့ဟာ သူတို့ရဲ့စပါးခင်းတွေကို ရိတ်သိမ်းနေကြချိန် ကြပ်စင်တံတားပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာခံခဲ့ရပြီး စပါးရိတ်သိမ်းနေရာကနေ ထွက်ပြေးလာခဲ့ရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့အဝင်အထွက် ပိတ်ဆို့မှုတွေနဲ့ကြုံနေရတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာလည်း တိုက်ပွဲတွေဆက်ရှိနေတဲ့အတွက် မှည့်နေတဲ့စပါးခင်းတွေကို ရိတ်သိမ်းဖို့ထက် သွားရောက်ကြည့်ရှုတာတောင်မလုပ်နိုင်ဘဲ ပစ်ထားရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒီဒေသက ကျေးရွာတွေဟာ တစ်ရွာနဲ့တစ်ရွာသွားလာခွင့်တွေကို စစ်ကောင်စီကပိတ်ထားတဲ့အတွက် သွားလာရေးအခက် အခဲရှိနေသလို ရိက္ခာပြတ်လပ်မှုတွေ၊ ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေကြောင့် လူတွေအစုလိုက် အပြုံလိုက်သေဆုံးရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့မှုတချို့ရှိခဲ့ပေမဲ့ လတ်တလော အခြေအနေတွေကိုတော့ ပြောဆိုထားတာ မရှိသေးပါဘူး။
မောင်တောမြို့နယ်ဟာ စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေအကြား သုံးလကျော်လာတဲ့အချိန်မှာတော့ ရိက္ခာပြတ်လပ်မှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရသလို ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းနှစ်သောင်းအထိ ဈေးမြင့်တက်နေပါတယ်။