ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်က ဆေးရုံအများစု ဆေးဝါးပြတ်လပ်မှုဖြစ်နေ
ရခိုင်ပြည်နယ်ကို ပြည်မဘက်ကနေ ဆေးဝါးတင်သွင်းခွင့်တွေ ပိတ်ထားတာကြောင့် ဆေးရုံအများစုတို့မှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့ကြုံနေရတယ်လို့ တိုက်နယ်ဆေးရုံအသိုင်းအဝိုင်းကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့စက်တင်ဘာလလောက်ကစလို့ အခုလိုဆေးဝါးတွေကို ရခိုင်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်တာတွေမလုပ်ဖို့ စစ်ကောင်စီကနေ တားမြစ်ထားတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကန့်သတ်ပိတ်ဆို့ထားတာ သုံးလကျော်ကြာလာတဲ့အချိန်မှာတော့ ပြင်ပဆေးဆိုင်တွေမှာ တချို့ဆေးတွေ မရောင်းချရတော့သလို ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်လပ်မှုတွေဖြစ်ပွားလာနေပြီး တချို့ဆေးတွေဆိုလို့ရှိရင် ဈေးနှုန်းတွေ နှစ်ဆနီးပါးမြင့်တက်နေတယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
“ဆေးတွေကို တစ်ဖက်ကိုမရောက်စေချင်တဲ့အတွက် ပိတ်တယ်ဆိုလို့ရှိရင်လည်း ဆေးရုံတွေကို ပို့ပေးမယ့်ဆေးတွေကိုတော့ ခွင့်ပြုပေးသင့်တာပေါ့။ ဘယ်ကုမ္ပဏီကို ဘာဆေးအရေအတွက် ဘယ်မြို့နယ်တွေကို ပို့ခွင့်ပေးတယ်ဆိုတဲ့ အနေအထားမျိုးတော့ အစိုးရကလုပ်သင့်ပါတယ်။ အခုက ဆေးရုံအများစုမှာ ဆေးတွေပြတ်နေပါပြီ။”လို့ ဆေးရုံအသိုင်းအဝိုင်းက ပြောပါတယ်။
ဆေးကုမ္ပဏီတွေ အများအပြားရှိနေတဲ့ စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးအနေနဲ့ ကုမ္ပဏီတွေမှာ လက်ကျန်ရှိနေတဲ့ ဆေးတွေကို ဝယ်ယူလို့ရနေသေးပေမဲ့ နယ်မြို့တွေက ခရိုင်၊ မြို့နယ်နဲ့ တိုက်နယ်ဆေးရုံ ဆေးပေးခန်းတွေအတွက် ဆေးဝါးရရှိမှုက အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။
အခုလို ပိတ်ဆို့မှုတွေ အချိန်ကြာမြင့်လာတာနဲ့အမျှ ဆေးတွေဝယ်ယူလို့ မရနိုင်တဲ့ အခြေအနေကို ရောက်လာလို့ရှိရင်တော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ပိုးသတ်ဆေးတွေအပါအဝင် ဆေးဝါးတချို့ လုံးဝ ပြတ်လပ်သွားမှာကို စိုးရိမ်ရတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
အခုလို ရက္ခိုင့်တပ်တော်ဘက်ကို ဆေးဝါးတွေဝယ်ယူလို့မရနိုင်အောင် ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ်နေတာဖြစ်ပေမဲ့ ဆေးဝါးပြတ်လပ်မှုတွေဖြစ်လာခဲ့တဲ့အချိန်မှာ အဲ့ဒီသက်ရောက်မှုတွေကို ပြည်သူတွေကပဲ အများဆုံးရင်ဆိုင်နေကြရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ထောက်ပြပါတယ်။
လနဲ့ချီပြီး ဆက်သွယ်သွားလာရေးလမ်းကြောင်းတွေကို ပိတ်ဆို့ခံနေရတဲ့အတွက် ရခိုင်ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝအခြေအနေတွေနဲ့ ကျန်းမာရေးကိစ္စတွေကို အဆိုးရွားဆုံးထိခိုက်မှုတွေ ဖြစ်လာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ပြောဆိုကြပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းအားလုံးဟာလည်း ရပ်တန့်လုနီးပါးအထိ ကြုံနေကြရပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ပိတ်ဆို့ခံထားရတဲ့ ရသေ့တောင်မြို့နယ်မှာတော့ ရွာတွေကနေ ရသေ့တောင်ကို သွားလို့မရသလို ရသေ့တောင်ကနေလည်း စစ်တွေကို သွားလို့မရတာကြောင့် ကျန်းမာရေး အခက်အခဲက နံပါတ်တစ်ဖြစ်နေတယ်လို့ ကုန်လမ်း ရေလမ်း ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ရသေ့တောင်မြို့ခံတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ရေးအကြောင်းပြချက်နဲ့ ဒေသတွင်း ကုန်းလမ်းရေလမ်း ဆက်သွယ်သွားလာမှု တွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာ တစ်လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
အခုလို ပိတ်ဆိုမှုတွေလုပ်နေတဲ့ အတွက် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေး စီးပွားရေးနဲ့ လူမှုဘဝမှာ အခက်အခဲ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ကုန်းလမ်းဆက်သွယ်ရေးတွေကို တစ်မြို့နယ်ပြီး တစ်မြို့နယ် ပိတ်ဆို့မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီးတော့ ဒေသတွင်းပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးရေယာဉ်လိုင်းတွေနဲ့ ဒေသခံတွေအသုံးပြုသွားလာနေတဲ့ ရေယာဉ်တွေအားလုံးကို သွားလာခွင့် ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါ်ကနေကျေးရွာတွေကို ဆန်နဲ့ ရိက္ခာ ဆေးဝါးစတာတွေကို သယ်ယူတာကိုလည်း စစ်ကောင်စီက တားမြစ်ထားပါတယ်။
အခုလို ကုန်းလမ်းရေလမ်းပိတ်ဆို့မှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကနေ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ခန့်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့စစ်ရှောင်ဒုက္ခသည်တွေကို စစ်ကောင်စီကနေ အခုရက်ပိုင်း နေရပ်ပြန်ဖို့ အတင်းအဓမ္မဖိအားပေးမှုတွေပြုလုပ်နေပေမယ့် တစ်ကျော့ပြန်တိုက်ပွဲအတွင်း ထပ်ပြီးတော့ နေရပ်စွန့်ခွာရသူအရေအတွက် သောင်းချီတိုးလာနေတာလည်းဖြစ်ပါတယ်။