သန်းရာချီထီဆုကြီး ပေါက်ပြီးမှ ပြန်ပေးချင်နေတဲ့သူ

ဓာတ်ပုံ ရင်းမြစ်, ANI
အိန္ဒိယက ရူပီး သန်း ၂၅၀ ထီဆုကြီးပေါက်ခဲ့သူဟာ အခုတော့ သူ့ဆီ ငွေကြေးအကူအညီ လာတောင်းသူတွေ များလွန်းလို့ ထီပေါက်မိတာကို နောင်တတောင်ရနေပြီလို့ ဆိုပါတယ်။
တောင်ပိုင်း ကေရားလားပြည်နယ်က သုံးဘီးအငှားယာဉ်မောင်းသူ အာနုဟာ စက်တင်ဘာလဆန်းက ပြည်နယ်အစိုးရထီ ထိပ်ဆုံးဆုပေါက်ခဲ့ပါတယ်။ ဆုကြေး ရူပီး သန်း ၂၅၀ ဆိုတာ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ပါတယ်။
အဲဒီလို ထီပေါက်လို့ ဝမ်းသာအားရဖြစ်ပြီး တစ်ပတ်ပဲအကြာမှာတော့ သူက ဗီဒီယိုမက်ဆေ့ချ်တစ်ခု တင်ပြီး တစိမ်းတွေက သူနဲ့ သူ့မိသားစုကို လာပြီး မနှောင့်ယှက်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
“ထီမပေါက်ခဲ့ရင် ကောင်းမယ်လို့တောင် စိတ်ထဲမှာ ဖြစ်လာတယ်။ ထီပေါက်လည်း တတိယဆုလောက်ဆို ပိုကောင်းလိမ့်ဦးမယ်” လို့ သူကပြောပါတယ်။
သူ့ကို ဝိုင်းအာရုံစိုက်နေကြတာတွေက ရှောင်ရအောင် အိမ်ပြောင်းပြီးနေဖို့ စဉ်းစားနေတယ်လို့လည်း သူက ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။
အစကတော့ ပျော်ခဲ့တယ်
သူ ပေါက်ခဲ့တဲ့ ထီဆုကြေးဟာ ပြည်နယ်သမိုင်းမှာ အများဆုံးပါ။ ဒါကြောင့် သူထီပေါက်တဲ့ သတင်းက တစ်နိုင်ငံလုံးမှာ ထိပ်တန်းသတင်းကြီးဖြစ်ခဲ့ပြီး သူ့အပေါ် အာရုံစိုက်မှုတွေလည်း အများကြီး ရှိသွားပါတယ်။
သူက ထီလက်မှတ်ကို သူ မလေးရှားကို အလုပ်လုပ်ဖို့ မသွားခင် တစ်ရက်အလိုမှာ ဝယ်ခဲ့တာပါ။ ထီထိုးဖို့ ပိုက်ဆံကိုလည်း သူ့သားရဲ့ စုဗူးကိုခွဲပြီး ယူခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူ ထီပေါက်တယ်ဆိုတဲ့ သတင်းလည်း ထွက်လာရော မီဒီယာတွေက သူတို့မိသားစုဆီ ရောက်ချလာကြပြီး တောက်လျှောက်မေးမြန်း သတင်းလုပ်တာတွေ ရှိလာခဲ့ပါတယ်။
“ထီပေါက်တယ်လို့ စကြားရတုန်းကတော့ ပျော်လိုက်တာဗျာ” လို့ သူက ဗီဒီယိုထဲမှာပြောပါတယ်။ “အိမ်ကိုလည်း ကင်မရာတွေနဲ့ လူတွေအများကြီးရောက်လာတော့ ကျွန်တော်တို့လည်း ပျော်တာပေါ့။”
သိပ်မကြာခင်မှာတော့ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်လို့ သူက ဆိုပါတယ်။
ကျွန်တော်အိမ်ထဲကလည်း ထွက်လို့မရတော့ဘူး၊ ဘယ်မှလည်း သွားလို့မရဘူး။ ကျွန်တော့် ကလေး နေမကောင်းဖြစ်တော့လည်း ဆရာဝန်ဆီ ခေါ်သွားလို့ မရဘူး။
အစိုးရက အခွန်တွေဖြတ်ပြီးတဲ့နောက် ရူပီး သန်း ၁၅၀ သူ ရမှာပါ။ အခုဆို မနက်တိုင်းလိုလို သူ့အိမ်ရှေ့ကို ပိုက်ဆံတောင်းတဲ့လူတွေ ရောက်ရောက်လာနေကြတယ်လို့ သူက ပြောပါတယ်။
“လူတွေကို ကျွန်တော်ပြောနိုင်တာက ကျွန်တော့်လက်ထဲ ပိုက်ဆံ တစ်ပြားမှ မရသေးပါဘူး။ ဘယ်လောက် ပြောပြော ဘယ်သူကမှ ကျွန်တော့် ပြဿနာကို နားလည်ပုံမရဘူး။”
အာနုက သူတို့မိသားစုဟာ လူတွေနောက်က ဝိုင်းလိုက်နေတာကို ရှောင်ရအောင် ဆွေမျိုးတွေဆီ လှည့်နေနေရတယ်လို့ ပြောပါတယ်။
ပြည်နယ်အစိုးရကတော့ အာနုကို သူရမယ့်ငွေတွေကို အကျိုးရှိရှိသုံးတတ်အောင် သင်တန်းတစ်ရက်ပေးဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။








