နိုဝင်ဘာ ၁၆ ရက်ထိပ်တန်းသတင်းများ-ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၊ မက္ကသာကျေးရွာမှာ စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်

ရေးသားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ ၇ ထောင်ကျော်ရှိပြီ

Rakkhine IDP people

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ရှောင်ဦးရေ ၇ ထောင်ကျော်အထိရှိလာနေပြီဖြစ်တယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

အဲဒီလူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၂၀) ကျာ်ခန့်က ထွက်ပြေးလာခဲ့ကြသူတွေဖြစ်ကြပြီး နီးစပ်ရာမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်၊ မြောက်ဦးနဲ့ ပေါက်တောမြို့နယ်တွေမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်ရှောင်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာတွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ကျေးရွာပိုင်အဆောက်အဦးတွေ၊ လူနေအိမ်တွေမှာ ယာယီခိုလှုံနေကြပေမဲ့ စားရေးသောက်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။“လတ်တလောထွက်ပြေးလာခဲ့ကြသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်တယ်ပေါ့နော်၊ စုစုပေါင်း ၇ ထောင်ကျော်လောက်ရှိနေပြီဖြစ်တယ်။

အကူအညီပေးမယ့်အဖွဲ့အစည်းတွေကလည်း လမ်းခရီးအခြေအနေတွေကြောင့် လာလို့မရတော့ အကူအညီတွေမရဘဲ တော်တော်လေး အခက်အခဲနဲ့ကြုံနေကြရပါတယ်”လို့ သူကပြောပါတယ်။

စစ်ရှောင်တွေဟာ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခံနေရသလို စစ်ကောင်စီစစ်ကြောင်းတွေရွာထဲဝင်ရောက်လာပြီး ရွာသားတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့တာတွေနဲ့ကြုံနေရတဲ့အတွက် အခုလိုထွက်ပြေးနေကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ရခိုင်မှာ တစ်ကျာ့ပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကတည်းက နေရပ်စွန့်ခွာခဲ့ကြရသူတွေရှိနေပြီး ရသေ့တောင်၊ ကျော်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒုက္ခသည်ဦးရေ ၂ သောင်းဝန်းကျင်အထိ ရှိလာနေပြီဖြစ်ပါတယ်။

မောင်တောနဲ့ကျောက်တော်မှာ လက်နက်ကြီးကျလို့ တစ်ရက်တည်း လူ ၁၃ ဦးထက်မနည်း သေဆုံးတယ်လို့ဒေသခံတွေပြော

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် မောင်တောမြိုနယ်မြောက်ပိုင်းမှာရှိတဲ့ ဂြပ်ချောင်းကျေးရွာကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ရွာသား ၁၀ ဦးကျော် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ မောင်တောမြောက်ပိုင်းက ကြိမ်ချောင်းကျေးရွာအနီး လောင်းဒုံကျေးရွာအုပ်စုမှာတည်ရှိပြီး မြိုလူမျိုးတွေနေထိုင်တဲ့ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုဝင်ဘာ ၁၆ ရက် ဒီကနေ့မနက်ပိုင်းမှာ ရိုးရာဆုတောင်းပွဲပြုလုပ်နေကြစဉ် စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလို အများအပြားထိခိုက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

“လက်နက်ကြီးကျည်ကျတာပါ။ ရွာသားတော်တော်များများသေတယ်လို့တော့ သိရပါတယ်။ ကျွန်တော်ရွာထဲကိုမဝင်ခဲ့ရတော့ ဘယ်နှယောက်ဆိုတာ အတိကျမပြောနိုင်ဘူးဗျ။ တချို့ကိုတော့ တောင်တောဆေးရုံပို့လုက်ပါပြီ”လို့ ဂြပ်ချေင်းရွာသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျတဲ့နေရာမှာ သေဆုံးသူ ၁၀ ဦးရှိပြီး ၂၀ ဦးဒဏ်ရာရရှိကာ ဒဏ်ရာရသူတွေထဲ ပြင်းထန်သူတွေကို ဆေးရုံပို့ဆောင်ရာမှာ တစ်ဦးထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။ နောက်ထပ်ကျန်နေတဲ့သူတွေကိုလည်း ဆေးရုံကိုပို့ဆောင်ပေးနိုင်ရေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ကားနဲ့သယ်ယူဖို့သွားနေတယ်လို့ သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအတွင်းကို နိုဝင်ဘာ ၁၆ ရက် ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲပြီး သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြတယ်လို့ ချောင်းတူကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဲဒီလက်နက်ကြီးကျည်ဟာ ကျောက်တောမြို့နယ် ကန်ဇောက်တောင်အနီးမှာရှိတဲ့ ခမရ  ၅၃၉ စစ်ကောင်စီတပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဖြစ်ပြီး မနက် ၁၀ နာရီလောက်က ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ သူတို့ကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် နနွင်းတောင်ကျေးရွာဘက်ကနေ လက်နက်ငယ် ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့  ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဒီဖြစ်စဥ်နှစ်ခုလုံးမှာ စစ်ကောင်စီဘက်က ပစ်ခတ်တယ်ဆိုတာနဲ့ပတ်သက်လို့တော့ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

 

လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့ ချောင်းတူကျေးရွာဟာ ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးလို့ ရွာသားတွေက ပြောဆိုကြပါတယ်။ 

“မနက် ၁၀ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံးရွာထဲကျပါတယ်။ နေအိမ်တစ်အိမ်မှာ စုပြီးလဖက်ရည်သောက်ရင်း စကားထိုင်ပြောနေကြတဲ့ အသက်ကြီးပိုင်း အမျိုးသားသုံးဦး ပွဲချင်းပြီးသေတယ်။ နောက်ထပ် ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားနှစ်ယောက် ဒဏ်ရာရသွားပါတယ်”လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

 

သေဆုံးသူသုံးဦးတို့မှာ အသက်ငါးဆယ်ကျော်အရွယ်တွေဖြစ်ကြပြီး ဦးဦးခင်မောင်၊ ဦးအောင်ကြီးမောင်၊ ဦးဖြူသာထွန်းတို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူတွေကတော့ ဦးအောင်သိန်းလှ၊ ဦးမောင်မောင်ဌေး၊ ဒေါ်ဝေသာစိန်နဲ့ ကိုးတန်းကျောင်းသူ မအေးနုယဉ်တို့ဖြစ်ကြပါတယ်။ 

ချောင်းတူကျေးရွာဟာ အိမ်ခြေ ၂၉၀ ခန့်ရှိပြီး လက်ရှိမှာတော့ ကျေးရွာသားတွေဟာ ဘုန်းတော်ကြီးကျောင်းနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းရှောင်နေကြရပြီး နောက်ထပ်အခုလိုပစ်ခတ်ခံရမှာကိုလည်း စိုးရိမ်မှုတွေရှိနေကြတယ်လို့ ဆိုပါတယ်။ 

ဒီးမေ့ာဆို အနောက်ခြမ်း လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးသေဆုံး၊ ဒဏ်ရာရရှိသူတွေ ရှိ

ဒီးမော့ဆို

ဓာတ်ပုံ ရင်းမြစ်, Karenni's Voice

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်တွေ စုစည်းနေထိုင်နေကြတဲ့ နေရာက မူကြိုကျောင်း အဆောက်အဦကို မနေ့က နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်မိသားစု၀င်တွေ ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ဒီးမေ့ာဆိုမြို့နယ် အနောက်ဘက်ခြမ်းက မူကြိုကျောင်းတစ်ကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၉ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် လက်နက်မဲ့ အရပ်သား ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

" စစ်ရှောင်တွေနေတဲ့နေရာကို မနေ့ ‌ညနေက လက်နက်ကြီးအလုံး ၅ လုံးလောက်ကို ကျတာပါ။ ‌အဲဒါကြောင့် ကလေးတစ်ဦး သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၈ယောက် ၉ ယောက်ရှိတယ်။ သုံးလေးယောက်လောက်ကတော့ ဒဏ်ရာ သိပ်မပြင်းထန်ဘူး။ ကျန်တဲ့သူတွေက ဒဏ်ရာပြင်းထန်သူတွေ ပါတယ်။ အဲဒီနားတ၀ိုက်က စစ်ရှောင်တွေ တော်တော် စုနေကြတဲ့နေရာ၊ ‌ကျောင်းရှိတယ်။ စျေးတန်းလည်း ရှိတယ်။အဲဒီနေရာကို ကျတာပါ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလက်နက်ကြီးကျရောက်ခဲ့တဲ့ ဒေသခံတွေအခေါ် ချယ်ရီကုန်း ဆိုတဲ့နေရာဟာ ရွာအစုံက စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေကြတဲ့ နေရာဖြစ်ပြီး လူထူထပ်တဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ရွှေစျေးကွက် အရောင်းအေးပေမဲ့ ထင်သလောက် မကျ၊ စျေးအမြင့်မှာဆက်ရှိနေ

ရွှေ

ဓာတ်ပုံ ရင်းမြစ်, YGEA

ကမ္ဘာ့ရွှေဈေးကျဆင်းနေရာက နိုဝင်ဘာလ ဒုတိယအပတ်မှာ အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၇၇၀ ကျော်အထိ ပြန်လည် မြင့်တက်လာပေမဲ့ ပြည်တွင်းရွှေဈေးမှာ အရောင်းအဝယ်အေးနေပြီး အမေရိကန်ဒေါ်လာဈေးငြိမ်နေတာမို့ မြင့်တက်လာခြင်းမရှိဘူးလို့ ရွှေကုန်သည်တွေက ဆိုပါတယ်။

"ကမ္ဘာ့ရွှေဈေးပြန်တက်လာတယ်။ ၃ လအတွင်း အမြင့်ဆုံးဈေးရောက်လာတာပေါ့။ ဒါပေမဲ့ ဒီမှာက ရွှေအရောင်းအဝယ်အေးနေတော့ ဈေးသိသိသာသာ မတက်ပါဘူး။ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးရယ်၊ ဒေါ်လာဈေးရယ်ပေါ်မှာ မူတည်တယ်။ ဒေါ်လာဈေးကလည်း နည်းနည်းပြန်ကျနေတယ်" လို့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် နေ့လယ်ခင်းအတွက် ပြင်ပရွှေပေါက်ဈေးဟာ ရွှေတစ်ကျပ်သားကို ၂၆ သိန်းခွဲကျော် ဝန်းကျင်မှာရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ နေ့လယ်ခင်း ရည်ညွှန်းဈေးကတော့ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀ ကျော် ဖြစ်ပြီး ကမ္ဘ့ာ ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၇၃ ဖြစ်ပါတယ်။

ဒီကနေ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၂၉၂၀ ကနေ ၂၉၅၀ ခန့်ရှိပြီး နိုဝင်ဘာ ပထမပတ်က တစ်ဒေါ်လာကို ၃၀၀၀-၃၀၃၀ ခန့် ရှိခဲ့တဲ့အတွက် စျေးအနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။

ငွေလဲနှုန်းလည်း ကျနေပေမဲ့ ရွှေစျေးကွက်ပြင်ပပေါက်စျေးကတော့ ၂၆ သိန်းကျော်ကနေ ပြန်လည်ကျဆင်းလာတာမရှိတာကိုတွေ့ရပါတယ်။

အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့ အရှေ့တောင်အာရှ ခရီးစဥ် ဒီနေ့ စတင်မယ် မြန်မာ့အရေး ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ထုတ်ပြန်

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, US Vice President

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အေပက်ထိပ်သီးအစည်းအဝေး(အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး) ကိုတက်ရောက်ဖို့ အမေရိကန် ဒုတိယသမ္မတ ကမလာ ဟဲရစ်ရဲ့ အရှေ့တောင်အာရှ ခရီးစဥ်ကို နိုဝင်ဘာ ၁၆ ရက်နေ့မှာစတင်မယ်လို့အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဒုသမ္မတဟာ သူ့ရဲ့ဒီခရီးစဥ်အတွင်း ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကိုသွားရောက်ဖို့ရှိနေပြီး ထိုင်းနိုင်ငံမှာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်ပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံကိုဆက်လက်ထွက်ခွာဖို့ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ အေပက်ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး နိုဝင်ဘာ ၁၉ ရက်မှာ ကမလာဟဲရစ်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့သီးသန့်တွေ့ဆုံဖို့ရှိပြီး အဲဒီမှာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေနဲ့ ကမ္ဘာ့အရေးဒေသတွင်းအရေးတွေကို ဆွေးနွေးဖို့ရှိကြောင်းအိမ်ဖြူတော်က ဆိုပါတယ်။

ကမလာဟာ နိုဝင်ဘာ ၂၀ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ၂၁ ရက်နေ့မှာဖိလစ်ပိုင်ဒုသမ္မတ ဒူတာတေးကာပရီယိုနဲ့ တွေ့ဆုံမှာ ဖြစ်သလို အဲဒီနောက် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာနဲ့လည်း တွေ့ဆုံဖို့ရှိိနေပါတယ်။

ဒီခရီးစဥ်တွေအတွင်း အမေရိကန်ဒုသမ္မတဟာ စီးပွားရေး၊ ရာသီဥတုအရေးဆိုင်ရာနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ်နဲ့ အမေရိကန်ရဲ့မဟာမိတ်တွေခိုင်မာအားကောင်းလာရေး ဦးတည်ဆွေးနွေးသွားမယ်လို့လည်းသိရပါတယ်။

အမေရိကန်ဒုသမ္မတ ကာမီလာဟဲရစ်ဟာ ဒုသမ္မတ ရာထူးလက်ခံရယူပြီးတဲ့နောက် အရှေ့တောင်အာရှဒေသတွင်းခရီးစဥ်တွေအဖြစ် ၂၀၂၁ သြဂုတ်လမှာ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုသွားရောက်ထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့အိမ်ဖြူတော်က သတင်းထုတ်ပြန်ပေမဲ့ အသေးစိတ်ဘာတွေဆွေးနွေးမယ်ဆိုတာတော့မဖော်ပြထားပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် မြန်မာမှာ ၂၀၂၀ ရွေးကောက်ပွဲ​၂ နှစ်ပြည့်တဲ့နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘဲ အကျပ်အတည်းကိုပိုမိုကြာရှည်စေမယ်လို့ပြောကြားထားသလို မြန်မာစစ်တပ်အတွက် စစ်လေယာဥ်အဝယ်တော်တွေကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်ကူးစက်လို့ ဂျီ ၂၀ အစည်းအဝေးကနေ လှည့်ပြန်ခဲ့ရ

ဟွန်ဆန်

ဓာတ်ပုံ ရင်းမြစ်, ၀န်ကြီးချုပ်ဟွန်ဆန် လူမှုကွန်ရက်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း နိုဝင်ဘာ ၁၄ ရက်မှာ တွေ့ရှိခဲ့တဲ့နောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပတဲ့ ဂျီ ၂၀ အစည်းအဝေးကို တက်ရောက်နိုင်ခြင်းမရှိဘဲ လှည့်ပြန်ခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟာ သူ ကိုဗစ်ကူးစက်ခံရတယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားအသိပေးခဲ့ပြီး နေ့စဥ် ကိုဗစ် ကူးစက်မှုရှိမရှိ သူ စစ်ဆေးကြောင်း၊ အင်ဒိုနီးရှားကို နိုဝင်ဘာ ၁၄ ရက်နေ့ရောက်ချိန်မှာ ထပ်မံစစ်ဆေးရာ ကိုဗစ် ပေါ့စစ်တစ်အဖြေထွက်ရှိကြောင်းနဲ့ ဒါကြောင့် သူ ကမ္ဘောဒီးယားကို ပြန်ခဲ့ကြောင်း ရေးသားအသိပေးထားပါတယ်။

သူ့မှာ ဘာလက္ခဏာမှလည်းမပြခဲ့ကြောင်းနဲ့ ကံကောင်းတာတစ်ခုက အင်ဒိုနီးရှားကို သူရောက်ရှိတဲ့အချိန် နောက်ကျခဲ့တာကြောင့် ပြင်သစ်သမ္မတ စီစဥ်တည်ခင်းတဲ့ ညစာစားပွဲကို မတက်ရောက်ခဲ့တာနဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ကြမယ့် တခြားနိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကိုရှေ့ရှုပြီး သူနဲ့ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ကို အင်ဒိုနီးရှားကနေ ပြန်လည်ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားဟာ အလှည့်ကျအာဆီယံဥက္ကဋ္ဌ ရာထူးကို အင်ဒိုနိီးရှားထံ နိုဝင်ဘာ ၁၃ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ပါတယ်။

မန္တလေးက ရပ်ကွက်တချို့ ကျူးကျော်နေအိမ်ဆိုပြီး အင်အားသုံးဖယ်ရှားခံရ

ကျူးကျော်

ဓာတ်ပုံ ရင်းမြစ်, MFP

မန္တလေးမြို့မှာ ပြည်ကြီးတံခွန်မြို့နယ်တွင်းက ရပ်ကွက်တချို့ကို ကျူးကျော်နေအိမ်ဆိုပြီး စစ်ကောင်စီအဖွဲ့တွေက အင်အားအများပြားနဲ့ နိုဝင်ဘာ ၁၅ ရက်က ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်အလုံးပေါင်း ၅၀ကျော်ကို နာရီပိုင်းအတွင်း ဖျက်သိမ်းတာဖြစ်ပြီး ကျူးကျော်နေအိမ်လို့ ယူဆအဖျက်ခံရတဲ့ နေရာဟာ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ၄၉ လမ်းအရှေ့ခြမ်း၊ ဇီးအုပ် ရပ်ကွက် တွင်းဖြစ်ပြီး လမ်းတည်ဆောက်ဖို့ဆိုကာ ဖယ်ရှားသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သံလမ်းနဲ့လည်း မနီးဘူး။ ရပ်ကွက်ထဲ အလယ်ထဲမှာကျတယ်။ ၄၇၊ ၄၈ ကြားထဲက ဝင်ဖျက်တာ။ မနက် ၁၀ နာရီလောက်အထဲက ဖျက်တာ။ ရဲဝတ်စုံတွေနဲ့ ကျည်ကာတွေနဲ့ သေနတ်တွေနဲ့ ရဲကား ၂ ကား နဲ့ အရှေ့က ဥက္ကဋ္ဌ လိုလို ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလိုလိုတွေ ဆိုင်ကယ်တွေနဲ့ပါတယ်။ ဖျက်မယ်လို့ စာကျတယ်လို့ပြောတယ်။ အခုကျ ဖျက်မယ့်ဟာ အရမ်းများတော့ စာမကျဘဲနဲ့ မိုက်နဲ့ ကားနဲ့ လိုက်အော်တယ်။ ကျူးမှန်သမျှ သိမ်းဆည်းထားဖို့ လိုက်အော်တယ်။ ဘယ်နား ဘယ်နား မပြောဘူး။ သုံးထပ်တိုက်ကြီးတောင် ဒီတိုင်းကော်ချပြီး တွန်းလှဲပစ်တာ" လို့ အိမ်အဖျက်ခံရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖယ်ရှားခံရတဲ့ နေရာတွေက ဒေသခံတွေကို အိမ်ဖျက်ခွင့် တစ်ရက်တောင်ကြိုတင်အသိပေးတာမျိုး အချိန်ပေးတာမျိုးမရှိဘဲ ဖျက်သိမ်းခြင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါ့အပြင် ဖျက်တဲ့လမ်းတွေကို လူအဝင်မခံဘဲ ရဲကားတွေ၊ ဆိုင်ကယ်တွေနဲ့ပိတ်ထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၄ ရက်ကလည်း သမန်းကုန်း ညည ရပ်ကွက်ကိုဖျက်သွားပြီး တစ်ရပ်ကွက်လုံးကုန်သွားတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာတော့ နေအိမ်ဖျက်ခံရတဲ့ ဒေသခံတချို့ ဟာ အိမ်ငှားဖို့ မတတ်နိုင်ကြတာမို့ ကြုံရာနေရာမှာ တဲထိုးနေရတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၊ မက္ကသာကျေးရွာမှာ စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်

air-strike, Karen state

ဓာတ်ပုံ ရင်းမြစ်, CJ

သေဆုံးထိခိုက်ဒဏ်ရာရသူတွေရှိပြီး ဒဏ်ရာရသူတွေထဲ တရုတ်နိုင်ငံသား ၂ ဦးပါဝင်တယ်လို့ ကနဦး သိရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ သေဆုံးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာဟာ ဘုရားသုံးဆူ နယ်စပ်မြို့နဲ့ ၁၈ မိုင်အကွာမှာရှိတဲ့ သပြု ခနောက်စိမ်းသတ္တုမိုင်းအမှတ် (၆) လုပ်ကွက်စခန်းဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မနက် ၁ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့လို့ မိုင်းစခန်းတစ်ခုလုံးပေါက်ကွဲပြီး ၃ ဦးသေဆုံးကာ ၈ ဦးက စိုးရိမ်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းတချို့ကလည်းဖော်ပြပါတယ်။

ဒဏ်ရာရရှိသူတွေကို ဘုရားသုံးဆူ ဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရန် ချန်နယ်တချို့မှာတော့ အဲဒီနေရာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU/PDF) စခန်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

"သူတို့ တိုက်လေယာဉ် ၂စီးနဲ့ဝဲပျံ ပြီး ပစ်တယ်။ ဗုံးကြဲတယ်။ အဲဒီနေရာက သပြု ခနောက်စိမ်း မိုင်းတွေ ရှိတဲ့နေရာမှာ ဗုံးကြီး ကျပြီး ပျက်စီးကုန်တာ။ ကရင် အဖွဲ့ တွေ နေတဲ့ နေရာ မဟုတ်ဘူး။ ခနောက်စိမ်း လုပ်ကွက် တွေ က ထိုင်းတွေ ၊တရုတ်တွေ၊ ဒေသ လုပ်ငန်းရှင် တွေ KNU နယ်မြေထဲ ဖက်စပ် လုပ်ကြတဲ့ နေရာ ဆိုတော့ အခု အကုန် ရှောင်ကုန်ကြပြီ" လို့ ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေထဲ တရုတ်နိုင်ငံသား ၂ ဦး ပါဝင်တယ်လို့ကေအန်ယူ နယ်မြေ ၆ ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံသား ၂ ဦးထိခိုက်ဒဏ်ရာရတယ်ဆိုတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ပြည်သူ့ဆက်ဆံရေးဌာနကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

KNU တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဘုရားသုံးဆူမြို့ မက္ကသာ ကျေးနယ် အတွင်း ရှိ သပြု ဒေသ သတ္တုမိုင်းတွင်းလုပ်ကွက်တွေဟာ အရင် NLD အစိုးရ လက်ထက်နဲ့ အခု စစ်ကောင်စီ လက်ထက် ခွင့်ပြုချက်နဲ့ လုပ် ကိုင်နေတဲ့ သတ္တု မိုင်းတွင်း လုပ်ငန်း အများ စုရှိတဲ့နေရာဖြစ်ပါတယ်။အဲဒီလုပ်ကွက်အတွင်းမှာ ဒေသခံတွေလုပ်ကိုင်တဲ့ ခဲသတ္တု၊ ခနောက်စိမ်းသတ္တုတူးဖော် ရေး ကုမ္ပဏီ ၁၀ ခု ခန့်ရှိတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် နေ့ မနက် ၂ နာရီ ကျော် အချိန်ကလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ မက္ကသာ ကျေးရွာ ဘုန်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီလုပ်ကွက်ရှိနေတဲ့ KNU တပ်မဟာ၆ နယ်မြေ အတွင်း ကော့ကရိတ် ၊မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင် နေကြရ ကြောင်း ထိုင်းမြန်မာနယ် စပ် အခြေပြု စစ်ဘေးရှောင် ကူညီ ရေး လုပ်ဆောင်နေသူတွေကပြောပါတယ်။

လွတ်ရက်စေ့လို့ လွှတ်ပေးပြီးခါမှ ပြန်ဖမ်းတဲ့အပေါ် စစ်ကောင်စီ ဘာပြောလဲ

စောဖိုးခွား

ဓာတ်ပုံ ရင်းမြစ်, Social Media

စစ်ကောင်စီက ပြီးခဲ့တဲ့လပိုင်းကစလို့ နိုင်ငံရေးသမားတချို့အပါအဝင် အနုပညာရှင်တချို့နဲ့ ထင်ရှားကျော်ကြားသူတချို့ကို အကျဥ်းချထားရာကနေ ခံဝန်ထိုးစေပြီး ပြန်လွှတ်ပေးနေပါတယ်။ ဒါပေမဲ့ တချို့ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာသူတွေထဲကတချို့ကို ထောင်ဗူးဝရောက်မှ ပြန်ဖမ်းပြီး နောက်ထပ်အမှုတွေနဲ့ထပ်မံစွဲဆိုတာတွေရှိလာပါတယ်။

အထူးသဖြင့် NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတချို့ကို လွတ်ရက်စေ့လို့ ပြန်လွတ်ပြီးကာမှ ထပ်မံဖမ်းဆီးပြီးအမှုထပ်စွဲတာတွေရှိနေတာပါ။

မနေ့ နိုဝင်ဘာ ၁၅ ရက်ကလည်း လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ အဆိုတော် စောဖိုးခွားကို မနေ့က ထောင်ကနေ လွှတ်ပေးပြီးမှ ပြန်လည် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။ လွတ်ငြိမ်းပေးပြီးမှ ပြန်ဖမ်းထားတာတချို့လည်း ရှိနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အခုလို ပြောပါတယ်။

" စောဖိုးခွားကလည်း ၅၀၅ ခ နဲ့ ရယ် သံတောင်ကြီးမှာ သဘာဝစီမံခန့်ခွဲရေး ဥပဒေအရ တရားစွဲ ခံထားရတာရှိတယ်။ သူက ၅၀၅ ခ အရ ပြစ်ဒဏ်ပြီးဆုံးပေမဲ့ သဘာဝစီမံခန့်ခွဲရေးဥပဒေအရ ဆက်လက် ပြစ်ဒဏ်ကျခံနေဆဲဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ပါ။ တချို့သော အကြောင်းအရာတွေက ထောင်စည်းမျဉ်းစည်းကမ်းအရ ရက်လျှော့တာတို့ ဘာတို့ရှိပါမယ်။ တရားရုံး ကဆုံးဖြတ်ချက်အတိုင်း ကျခံရမှာလို့ပြောချင်ပါတယ်။ " လို့ ပြောပါတယ်။

တိုင်းပြည်တည်ဆောက်ရေးမှာ အားလုံးပါ၀င်ရမယ်လို့ ခံယူထားပြီး အားလုံးပါ၀င်ဖို့ရာ ရည်ရည်ပြီး ပြစ်ဒဏ်ကို ၀န်ခံတဲ့သူတွေကို လွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

" ကျွန်တော်တို့ရဲ့ အယူအဆကတော့ တိုင်းပြည်တည်ဆောက်ရေးမှာအားလုံးပါဝင်ရမယ်လို့ ခံယူထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ ထုတ်ပြန်တဲ့အခါမှာလည်း တိုင်းပြည်တည်ဆောက်ရေးမှာ အားလုံးပါဝင်ဖို့ရာ ရည်ရွယ်ပြီးတော့မှ ပြစ်ဒဏ်ကို ဝန်ခံတဲ့သူတွေ ၊ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ရိုးသားစွာနေထိုင်တဲ့သူတွေ၊ ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး ကတိခံဝန်ချက်ပေးတဲ့သူတွေ၊ အများစုကို လွှတ်ပေးလျက်ရှိပါတယ်။ နောင်မှာလည်း အလျဥ်းသင့်သလို ဆောင်ရွက်သွားဖို့ရှိပါတယ်။" လို့ ပြောပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ Aerosoft  ဖိနပ်စက်ရုံမီးလောင်မှု နှစ်ဦးဒဏ်ရာရ မီးငြိမ်းအောင် နာရီအတန်ကြာငြှိမ်းသတ်ခဲ့ရ

Aerosoft shoe factory, Thailand

ဓာတ်ပုံ ရင်းမြစ်, BBC Thai/Thai News Pix

ထိုင်းမှာ မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ Aerosoft  ဖိနပ်စက်ရုံမီးလောင်မှု မနေ့ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းကစလို့ ဖြစ်ပွားခဲ့ပြီး ည သန်းခေါင်ကျော်အချိန်အထိ မီးငြှိမ်းသတ်ခဲ့ရသလို မီးလောင်မှုအတွင်း အနည်းဆုံးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

မီးငြှိမ်းသတ်ဖို့ မီးသတ်ကား ၂၀ ခန့်လည်းအသုံးပြုခဲ့ရတယ်လို့သိရပြီး စက်ရုံဟာ ငါးထပ်အဆောက်အဦဖြစ်ကာ မြေညီထပ်မှာဖိနပ်အရောင်းပြခန်းလည်းရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုအတွင်း စက်ရုံလုပ်သားနှစ်ဦးဒဏ်ရာရခဲ့ပြီး စက်ရုံဟာ လုံးဝပြိုကျသွားနိုင်တဲ့အခြေအနေရှိကာ အန္တရာယ်ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေကတော့ အတွင်းပိုင်းကို ဝင်ခွင့်မပြုခဲ့ကြောင်း၊ မီးလောင်မှုကို ဝန်ထမ်းတွေကလည်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့မီးလောင်ပြင်ကိုရောက်ရှိခဲ့တဲ့ ဘီဘီစီထိုင်းသတင်းထောက်ကပြောပါတယ်။

မနေ့ညပိုင်းက ဒီမီးလောင်မှုကြောင့် ကီလိုမီတာများစွာရှည်လျားတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်ည ၁၁ နာရီမှာတော့ မီးလုံးဝငြိမ်းသွားခဲ့ပြီးမီးလောင်ရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။