ရုရှားလက်နက်နဲ့ တိုက်ခိုက်ခံရတာချင်းအတူတူ မြန်မာကိုဘာလို့ မကူတာလဲ

မြန်မာစစ်တပ်နဲ့ ရုရှားကြား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ခိုင်မာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်နဲ့ ရုရှားကြား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ခိုင်မာ
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့သီတင်းပတ်  နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပနေခဲ့တဲ့ အထွေထွေညီလာခံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ တတိယ ကော်မတီ ရဲ့ အစည်းအဝေးမှာ လက်ရှိ မြန်မာဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရော၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာပြီး အစီရင်ခံစာ ရေးသား တင်းသွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ထောမတ်စ် အင်ဒရူးပါ၊ နှစ်ယောက် စလုံး ရှိနေခဲ့ကြပါတယ်။

အဲဒီ တတိယ ကော်မတီဆိုတာ လူ့အခွင့်အရေးနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတို့ အပါအဝင် လူမှု အသိုင်းအဝိုင်းနဲ့ ယဥ်ကျေးမှုဆိုင်ရာ ကိစ္စချင်းရာတွေ အပေါ် အာရုံစိုက် ကိုင်တွယ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပြီး၊  အထွေထွေ ညီလာခံကြီးရဲ့ အဓိက ကော်မတီကြီး ၆ ခုထဲက တစ်ခု ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းနဲ့ တွမ်အင်ဒရူးစ်တို့ ကော်မတီကို ပြောကြားတဲ့ အထဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖားကန့် ဂီတပွဲ ဖြစ်ရပ် အကြောင်း ပါဝင်ပါတယ်။

တတိယကော်မတီမှာ စကားပြောနေတဲ့ ဦးကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, MOFA-NUG

ဓာတ်ပုံ ပုံစာ, တတိယကော်မတီမှာ စကားပြောနေတဲ့ ဦးကျော်မိုးထွန်း

“အောက်တိုဘာ ၂၃ ရက် ညဦးပိုင်းအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့  တိုက်လေယာဥ်တွေဟာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသက အနန့်ပါ ဆိုတဲ့ အရပ်မှာ ကျင်းပနေတဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ရဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ် ဂီတပွဲတော်ကို ဗုံးကြဲပြီး အရပ်သားတွေကို တိုက်ခိုက် ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့်  အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ၊ အနုပညာရှင်တွေ အပါအဝင် လူတွေ ရာချီ သေဆုံး ထိခိုက် ဒဏ်ရာရခဲ့ကြရတယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။ ထိခိုက်ခံရတဲ့ အထဲမှာ အမျိုးသမီး အရေအတွက် အတော်များတယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေ အတွက် ချက်ခြင်း ဆေးဝါးကုသ ပေးဖို့ အရေးပေါ် လိုအပ်နေပြီး၊ အဲဒီလို ကုသမှု မခံရဘူး ဆိုရင် သေဆုံး စာရင်း အရေအတွက် ဒီထက်မက တိုးလာနိုင်တယ်” ဆိုပြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းတွေမှာ အဲဒီ ဒေသကို အဝင် အထွက်တွေ ပိတ်ခံထားရတယ် ဆိုတဲ့ သတင်းတွေကို ရည်ညွှန်းပြီး ဦးကျော်မိုးထွန်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီ ဖားကန့်ဒေသ လေကြောင်းစစ်ဆင်မှုကို စစ်စည်းမျဥ်းတွေနဲ့ အညီ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

ကော့ကေးဆပ်စပ်စ် ၂၀၂၀

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရုားတောင်ပိုင်း မြန်မာစစ်တပ်လည်း ပါဝင်ခဲ့တဲ့ ကော့ကေးဆပ်စပ်စ် ၂၀၂၀ စစ်ရေး လေ့ကျင့်မှု

ရုရှားရဲ့လက်နက်တွေ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အင်ဒရူးစ် ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက် ခံရတဲ့ အကြောင်းနဲ့ ဖားကန့် ဂီတပွဲ ဗုံးကြဲ ခံရတဲ့ အကြောင်းတွေကို ပြောရင်း တတိယ ကော်မတီကို အခုလို ပြောပါတယ်။

“ယူကရိန်းပြည်သူတွေ တိုက်ခိုက် ခံနေရတဲ့ လက်နက် အမျိုးအစားတွေကိုပဲ သုံးပြီး မြန်မာပြည်သူတွေ တိုက်ခိုက် ခံနေရတာ ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ရုရှားဆိုတဲ့ ရင်းမြစ်တစ်ခုတည်းကနေ လာတဲ့ လက်နက်တွေ ဖြစ်နေလို့ပဲ။ ယူကရိန်းနဲ့ မြန်မာပြည်ဟာ အခြေအနေတွေ ထပ်တူ ကြုံတွေ့ နေရပေမယ့်၊ မြန်မာအရေး အပေါ် ကမ္ဘာကြီးရဲ့ အရေးယူ တုံ့ပြန်မှုကျတော့ ဘာဖြစ်လို့ လျော့နည်း နေရသလဲ” ဆိုပြီးတော့ မစ္စတာ အင်ဒရူးစ်က မေးခွန်းထုတ်ပါတယ်။

“အခု ရှိနေကြတဲ့ကိုယ်စားလှယ်ကြီးများကို ကျွန်တော့် အနေနဲ့ အနူးအညွတ် ပန်ကြားပါတယ်။ မြန်မာ့အရေး အခြေအနေတွေ ပြောင်းလဲအောင် ဝိုင်းဝန်းကူညီကြဖို့ သက်ဆိုင်ရာ အစိုးရတွေကို ကိုယ်စီ တိုက်တွန်းကြပါ။ အဲဒီမှ မဟုတ်ရင် ကျွန်တော့်ဆီက နောက်ထပ်လာမယ့် အစီရင်ခံစာတွေထဲမှာ ပိုပြီး ဆိုးဝါးတဲ့ သတင်းတွေ သေချာပေါက် ပါလာနေဦးမှာပဲ” ဆိုပြီးတော့လည်း တွမ် အင်ဒရူးစ် ပြောသွားခဲ့ပါတယ်။

ကုလအထူးသံ တွမ်အင်ဒရူးစ်

ဓာတ်ပုံ ရင်းမြစ်, UN Web TV

ဓာတ်ပုံ ပုံစာ, မြန်မာအရေး နိုင်ငံတကာ ပျက်ကွက်နေတယ်လို့ ဝေဖန်နေတဲ့ ကုလအထူးသံ တွမ်အင်ဒရူးစ်

ပိုဆိုးအောင် မလုပ်ခြင်းနဲ့ ကူညီပါ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တတိယကော်မတီ အစည်းအဝေးအတွင်း တွမ်အင်ဒရူးစ် ဝေဖန် သွားတဲ့ အထဲမှာ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေလည်း ပါဝင်ပါတယ်။ လူဝင်မှု ဥပဒေကို ချိုးဖောက်တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လူတွေ ရာနဲ့ချီပြီး မြန်မာပြည်ကို ပြန်ပို့ ခဲ့တဲ့ လုပ်ရပ် အပေါ် ဝေဖန်တာ ဖြစ်ပါတယ်။ အသက်ဘေးက လွတ်အောင် ထွက်ပြေးလာရသူတွေ၊ ခိုလှုံခွင့် တောင်းခံထားသူတွေ၊ စစ်တပ်ကနေ ဘက်ပြောင်း ခိုလှုံလိုသူတွေကို သေတွင်းထဲ ပြန်တွန်းပို့တဲ့ လုပ်ရပ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဆိုပြီး မစ္စတာ အင်ဒရူးစ်က တော်တော်လေး ပြင်းပြင်းထန်ထန် ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက NUG နဲ့ ဆက်ဆံရေး လို ကိစ္စမျိုးမှာ အတော်လေး တက်တက်ကြွကြွ လှုပ်ရှား ပြောဆို နေချိန်၊ တစ်ဖက်မှာလည်း လူဝင်မှု အရေးနဲ့ ပတ်သက်ပြီး မလေးရှား အာဏာပိုင်တွေထံကနေ တင်းကျပ်တဲ့ ရပ်တည်မှုတွေကို တွေ့နေရတာ ဖြစ်ပါတယ်။

တခါ၊ အိန္ဒိယ နိုင်ငံဘက်ကလည်း စစ်ကောင်စီ ကျင်းပပေးမယ် ဆိုတဲ့ ရွေးကောက်ပွဲ အပေါ် လိုအပ်တာတွေ ကူညီမယ် ဆိုတဲ့ အပြောမျိုးတွေ ရှိလာခဲ့တာကိုလည်း ကုလ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ကုလသမဂ္ဂ မျက်နှာစာမှာ ဝေဖန်ပါတယ်။

စစ်ကောင်စီကို တရားဝင်မှု မပေးရေး နိုင်ငံတကာ တညီတညွတ်တည်း လုပ်ဆောင်ဖို့ ဆော်ဩနေတဲ့ မစ္စတာ အင်ဒရူးစ် အနေနဲ့ အိန္ဒိယရဲ့  ချည်းကပ်မှုတွေဟာ၊ နိုင်ငံတကာ ကြိုးပမ်း အားထုတ်နေမှုတွေ အပေါ် ပျက်လိုပျက်စီး ဖြစ်စေတယ် ဆိုတဲ့  အမြင်မျိုး ရှိနေပါတယ်။ ဒါ့ကြောင့် သူက မကူညီနိုင်ရင်နေပါ၊ အနှောင့်အယှက် မပေးပါနဲ့ ဆိုတဲ့ မြန်မာစကားလိုပဲ၊ “မြန်မာ့အရေးကို စပြီး ကူညီချင်တယ် ဆိုရင်၊ အခြေအနေတွေ ပိုဆိုးသွားအောင် မလုပ်ခြင်းအားဖြင့် ကူညီ နိုင်တယ်” လို့ ဆိုပါတယ်။

ဒီတော့ ကုလ အထူးသံ မစ္စတာ ထောမတ်စ် အင်ဒရူးစ် ကမ္ဘာ့နိုင်ငံတွေကို မြန်မာ့အရေး ဘယ်လို ဘယ်ပုံတွေ လုပ်ဆောင်ဖို့ တိုက်တွန်း အကြံပြုနေတာပါလဲ။ မစ္စတာ ထောမတ်စ် အင်ဒရူးစ်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး သီးသန့် မေးမြန်း ထားပါတယ်။

လူ့အခွင့်အရေးနဲ့ စာနာမှုဆိုင်ရာ အခြေအနေ

ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ပြေးရသူ  IDP ၁၃ သိန်းကျော်သွားပြီ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ပြေးရသူ IDP ၁၃ သိန်းကျော်သွားပြီ

ဘီဘီစီ။ ။ မြန်မာနိုင်ငံထဲက လက်ရှိ လူ့အခွင့်အရေးနဲ့  စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာအထိ အရေးတကြီး အခြေအနေမျိုးမှာ ရောက်နေတယ်လို့ တွေ့ထားရပါသလဲ။

တွမ်အင်ဒရူးစ်။ ။ မြန်မာနိုင်ငံထဲမှာ စစ်တပ်က စံနစ်တကျ ပြုမူ လုပ်ဆောင်နေတဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ကြီးမား ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ နေ့စဥ် ဆိုသလို ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

ဒီ အခြေအနေတွေကြောင့် မြန်မာပြည်အနှံ့ လူပေါင်း ၁၃ သိန်း ဝန်းကျင်ဟာ မူလ နေထိုင်ရာ နေရာတွေကနေ စွန့်ခွာ ခဲ့ရပြီ ဖြစ်ကြောင်း ကျွန်တော်တို့ သိထားရပါတယ်။

ဒါအပြင်၊ လူပေါင်း တစ်သောင်းနှစ်ထောင်ကျော်ဟာ ဥပဒေမဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး၊ အဲဒီ အထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အရေအတွက် ၂၉၅ ယောက်ထိ ရှိတဲ့ အကြောင်း ကျွန်တော်တို့ စာရင်းပြုစု ထားနိုင်ပါတယ်။

သူတို့ ဖမ်းချင်တဲ့ မိဘကို မမိလို့ ၊  ဓားစာခံ သဖွယ် အခုချိန်ထိ ထိန်းသိမ်း ခံထားရတဲ့ ကလေးသူငယ်ပေါင်း ၅၅ ယောက် အောက်ထစ် ရှိပါတယ်။  

စာနာမှု ဆိုင်ရာ အကျပ်အတည်းလည်း အင်မတန်ကို အချိုးအစား မမျှတစွာနဲ့ကို ကြီးမားနေပြီး လူတွေ အပေါ် ဖိစီးနေပါတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ ပြဿနာ ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာမယ် ဆိုပြီး ကျွမ်းကျင်သူ ပညာရှင်တွေက သတိပေးထားပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ အာဟာရ မပြည့်ဝတဲ့ ပြဿနာဟာ အတော်လေး စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။

တည်ငြိမ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် မရှိတဲ့ အတွက် ကလေးသူငယ်တွေ အတွက် ပုံမှန် ထိုးပေးနေကျ ကာကွယ်ဆေး အမျိုးမျိုး ထိုးပေးရေးလည်း ပျက်ကွက် နေပါတယ်။ အဲဒီလို ကာကွယ်ဆေး ပျက်ကွက်မှု သက်သက်ကြောင့်တင် မြန်မာ ကလေးသူငယ် အရေအတွက် သုံးသောင်းသုံးထောင် ထိအောင် အခုနှစ်မှာ သေဆုံးရဖွယ် ရှိတယ်လို့  သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေ ခန့်မှန်း ထားကြပါတယ်။

ဒီ ပြဿနာတွေ အားလုံးရဲ့ အရင်းခံဟာ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ခင်ဗျား တပ်မတော်လို့ပဲ ခေါ်ခေါ် ၊ စစ်ကောင်စီလို့ပဲ ရည်ညွှန်း ရည်ညွှန်း၊ အဲဒီ မြန်မာစစ်တပ် အပေါ်မှာ ခေတ် အဆက်ဆက် အရေးယူ နိုင်မှု မရှိဘဲ၊ သူတို့ဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေလို့ပဲ ဖြစ်ပါတယ်။

သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက် ဥပဒေရှေ့မှောက် အရောက်ပို့ပြီး တာဝန်ခံမှု ရှိစေတဲ့ အဖြစ်မျိုး မလုပ်ဆောင်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြဿနာရော၊ စာနာမှုဆိုင်ရာ အကျပ်အတည်း ဆိုက်ရောက်ရတဲ့ ပြဿနာတွေပါ ကပ်ဘေးကြီး ဆိုက်ရောက်ရတဲ့ အသွင်မျိုး အထိ အကြိမ်ကြိမ် အဖန်ဖန် ထပ်ကျော့ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

“လုပ်ချင်တာလုပ်လို့ရတယ်၊ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ စိတ်မျိုး သူတို့မှာ ရှိနေပြီး၊ ၅၄ သန်းသော မြန်မာပြည်သူတွေဟာလည်း ဓားစာခံသဖွယ် သူတို့လက်ထဲ ကျရောက် နေပါတယ်။  အခု နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ ဆိုရင် အိုးအိမ်ပေါင်း ၃ သောင်းခွဲထိအောင် စစ်ကောင်စီက ဖျက်ဆီးထားပါတယ်။

ပစ်မှတ်ထား တိုက်ခိုက်ခံရ၊ ပြာပုံအတိ ဖြစ်အောင် မီးရှို့ခံရတဲ့ ရွာတွေရဲ့ အရေအတွက် ဆိုရင် စာရင်းပြုစုလို့တောင် မနိုင်တော့လောက်တဲ့ အထိ များလွန်းလှပါတယ်။ ဒါတွေဟာ သာမန် အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက် ခံနေရတာ ဖြစ်ပါတယ်။

ကိုယ့်တိုင်းသူပြည်သားတွေ၊ သာမန် ရပ်သူရွာသား မိသားစုတွေ၊ ကလေးသူငယ်တွေ တိုက်ခိုက် ခံနေရတာ ဖြစ်ပါတယ်။ အခု ကျွန်တော် ပြောခဲ့တဲ့ အခြေအနေတွေကို နိုင်ငံတကာကလည်း သိပါတယ်။ သိရက်နဲ့ကို မြန်မာ့ အရေးကို လုံလောက်အောင် တုံ့ပြန် ကိုင်တွယ်ရေးမှာ အလွန်အမင်း ပျက်ကွက် နေကြပါတယ်။ တကယ့်ကို တာဝန် အပြည့်အဝယူ ကိုင်တွယ်နေတယ်ဆိုတဲ့ နိုင်ငံမျိုး လုံးဝ မရှိဘဲ ပျက်ကွက် နေတာမျိုး ဖြစ်ပါတယ်။

ဖားကန့်ဂီတပွဲ လေကြောင်းတိုက်ခိုက်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖားကန့်ဂီတပွဲ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူတွေ အစုလိုက်အပြုံလိုက် သေဆုံး

ဘီဘီစီ။ ။ တွမ့်အနေနဲ့ ... မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ အခါတိုင်း၊ လုံလောက်တဲ့ နိုင်ငံတကာ တုံ့ပြန်မှုမရှိဘူး၊ ပျက်ကွက်နေတယ် ဆိုတဲ့ အချက်အပေါ် အမြဲပဲ မီးမောင်းထိုး ပြောလေ့ရှိတာ ကျွန်တော် သတိထားမိပါတယ်။ ပျက်ကွက်ရတဲ့ အကြောင်းအရင်းတွေက ဘာလဲ၊ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေးဟာ ဦးစားပေး မခံရဘူးလို့ ဆိုလိုတာလား၊ ယူကရိန်း စစ်ပွဲ ပေါ်ပေါက်လာလို့လား ... ဘာ့ကြောင့်လဲ တွမ်။

တွမ်အင်ဒရူးစ်။ ။  ဒါဟာ အင်မတန် ကောင်းလှတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာလည်း အဖြေ မရှိဘူး ဖြစ်နေရပါတယ်။ ယူကရိန်း အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နေ့စဥ်နဲ့အမျှ ကြားသိ နေရတာတွေ ရှိပါတယ်။  ဥပမာ ပြောရရင် ယူကရိန်းထဲက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေသာမက အရပ်ဘက် နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက် ခံရတဲ့ အချက်အလက်တွေ လတ်တလောမှာကို ဆက်ပြီး ပေါ်ထွက် လာနေပါတယ်။

ကမ္ဘာကြီးကလည်း အတော်လေးကို တုန်လှုပ်ချောက်ချား အပြင်းအထန် တုံ့ပြန် ကြပါတယ်။ ကျွန်တော်ကတော့ ... မြန်မာ့အရေး တာဝန် ယူထားရသူ ဖြစ်တော့ ... ကမ္ဘာ့ အသိုင်းအဝိုင်းကို အမြဲပြောနေတာက ... “ခင်ဗျားတို့ မျက်စိဖွင့် ကြည့်ကြပါ။ မြန်မာနိုင်ငံထဲ နေ့စဥ်နဲ့ အမျှ ပေါ်ပေါက် နေတာတွေကလည်း ယူကရိန်း အရေး ခင်ဗျားတို့ တုန်လှုပ် ချောက်ချား ရတယ် ဆိုတာတွေနဲ့ ထပ်တူထပ်မျှပါပဲ။ မြန်မာပြည်ထဲမှာလည်း ပစ်မှတ်ထား တိုက်ခိုက် ခံနေရတာ ၊ အိမ်တွေ ပြာပုံ အတိ ဖြစ်သွားကြရတာ၊ ဖမ်းဆီးခံရ၊ အနှိပ်စက်ခံရ ဖြစ်နေကြရသူတွေဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေ အပါအဝင် အရပ်သား မိသားစုတွေ ဖြစ်ပါတယ်” ဆိုပြီး ကျွန်တော် ကြိုးစား ပြောနေပါတယ်။

ဒီတော့ ခင်ဗျား မေးတဲ့ မေးခွန်းဖြစ်တဲ့ ကမ္ဘာကြီးဟာ မြန်မာ့အရေးကျတော့ လုံလောက်အောင် မလုပ်ဆောင်ပဲ ဘာလို့ ပျက်ကွက်နေရသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ကျွန်တော်လည်း သိလိုပါတယ်။

ကျွန်တော်သိတဲ့ အချက်တစ်ခုကတော့ ကမ္ဘာကြီးဆီက တစ်သတ်မတ်တည်း အာရုံစိုက်တာ ခံရဖို့ ဆိုတာ မလွယ်ပါဘူး။ ပြဿနာမျိုးစုံ၊ အကျပ်အတည်းပေါင်းစုံတွေ ရှိနေကြတဲ့ အတွက် အာရုံစိုက်မှု ဆိုတာကလည်း တစ်နေရာကနေ နောက်တစ်နေရာကို အမြဲ ပြောင်းနေတတ်ပါတယ်။ 

အဲဒီလို့ အာရုံ ပြောင်းသွားကြတဲ့ အခါမျိုးတွေမှာ မြန်မာ့အရေး အပေါ် ပြန်လည် ဂရုတစိုက် ရှိလာကြဖို့ လုပ်ဆောင်ရမယ့် တာဝန် ကျွန်တော့်မှာ အပြည့်အဝ ရှိတယ်လို့ ကျွန်တော် ခံယူထားပါတယ်။ ခံယူထားတဲ့ အတိုင်းလည်း ကမ္ဘာကြီးကို ကျွန်တော် အမြဲပဲ သတိပေးနေ၊ ဆော်ဩနေ၊ ပြောပြ ပေးနေပါတယ်။

ကျွန်တော် ပြီးခဲ့တဲ့ စတ်တင်ဘာ လထဲမှာ ဂျနီဗာမြို့၊ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေး ကျွန်တော့်ရဲ့ တွေ့ရှိမှုတွေ အကြောင်း ပြောဆိုခဲ့သလို၊ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ် အထွေထွေ ညီလာခံမှာလည်း ပြောဆိုမှာ ဖြစ်ပါတယ်။

နယူးယောက်မှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဥ်ထားပါတယ်။ ကျွန်တော့်ဘက်ကတော့ မြန်မာပြည်သူတွေ ထိုက်တန်တဲ့  တုန့်ပြန်ဆောင်ရွက်မှုတွေ နိုင်ငံတကာဆီက ရလာအောက် ဆက်ပြီး တွန်းအားပေးနေမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ နိုင်ငံတကာရဲ့ အရေးယူ တုန့်ပြန်မှုလို့ ဆိုရာမှာ ဘယ်အရာမျိုး ဦးစားပေးလုပ်ဆောင်တာ၊ အာရုံစိုက် ကိုင်တွယ်တာကို တွမ့်အနေနဲ့ အဓိကထား ဆော်ဩနေတာလဲ ခင်ဗျ။ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ကလည်း စီးပွားရေး ပိတ်ဆို့တာတွေ ချမှတ်ထားတယ် ဆိုတော့ ဘာတွေ ထပ်ပြီး လုပ်ဖို့ လိုတယ်လို့ တွမ့်ဘက်က တိုက်တွန်းနေလဲ။ ကုလသမဂ္ဂကရော မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ရေးမှာ ဘယ်အရာကို နံပါတ်တစ် ဦးစားပေးပြီး လုပ်ဆောင်သင့်တယ်လို့ ထင်လဲ။

တွမ်အင်ဒရူးစ်။ ။  ဘယ်အရာကို နံပါတ်တစ် ဦးစားပေးပြီး လုပ်ရမလဲ ဆိုတာ အတော်ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ တကယ်ဆိုရင် အခုအချိန် ကုလသမဂ္ဂ မျက်နှာစာမှာ လုပ်ဆောင်နှင့်ပြီး ဖြစ်သင့်တာကတော့ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်တွေထဲမှာ အခုနက ခင်ဗျား ပြောသလိုမျိုး မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ မိတ်ဖက် ခရိုနီတွေ အပေါ် စီးပွားရေး အရ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာတွေတင်မက၊ လက်နက် တင်ပို့ရောင်းချမှု ကမ္ဘာလုံးဆိုင်ရာ ပိတ်ပင်တာမျိုး ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါတင်မက၊ ကျွန်တော်ပြောခဲ့တဲ့ ပြစ်မှုတွေ အတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ လွှဲပြီး ၊ အပြည့်အဝ တရားစွဲဆို အရေးယူရေး ဆိုတဲ့ အချက်မျိုးလည်း လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ထဲ ပါဝင်ရမှာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်လာဖို့ နှောင့်နှေးကြန့်ကြာနေတာ တစ်နှစ်ခွဲ ရှိနေပြီ ဖြစ်ပါတယ်။ ဘာလို့ ထွက်မလာနိုင် ဖြစ်နေရသလဲ ဆိုရင်၊ အားလုံးသိကြသလို လုံခြုံရေး ကောင်စီထဲမှာ အများသဘောတူမှုကို ပိတ်ပင် တားဆီးပြီး ပယ်ချနိုင်တဲ့ ဗီတို အာဏာ သုံးစွဲခွင့် ဆိုတာ ရှိနေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဗီတို အာဏာသုံး ပိတ်ပင်တာတွေ၊ ပယ်ချတာတွေ လုပ်နိုင်တဲ့ကြားကပဲ ကျွန်တော်ကတော့ မြန်မာ့အရေးကို လုံခြုံရေး ကောင်စီထံကနေ “ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်” သက်သက်မျိုးတွေ ပြုလုပ်တာတင်မက၊ ဆုံးဖြတ်ချက်တွေ အသွင် ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ ဦးတည် လုပ်ဆောင်ကြဖို့ အမြဲ တိုက်တွန်းပါတယ်။

ဒီနေရာမှာလည်း ယူကရိန်း အရေးကို ဥပမာပြုပြီး ပြောနိုင်ပါတယ်။ ယူကရိန်းစစ် စပြီး ရက် အနည်းငယ်မှာပဲ၊ အတိအကျ ပြောရရင် ၄ ရက် အတွင်းမှာပဲ၊ လုံခြုံရေးကောင်စီတွင်း ဆုံးဖြတ်ချက် မူကြမ်းတွေ ရေးဆွဲပြီး တင်ပါတော့တယ်။ အခုနက ပြောသလိုပဲ၊ ဗီတို သုံးခွင့် ရှိနေတဲ့ အနေအထားမှာ အဲဒီ မူကြမ်းတွေ အတည်ပြုဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံး သိပါကြပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ချက်မူကြမ်းတွေ တင်လိုက်တာနဲ့ ဘာတွေ ဖြစ်လာစေလဲ ဆိုရင် အကြောင်း ကိစ္စချင်းရာ အပေါ်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ အပြည့်အဝနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ငြင်းခုန်တာတွေ ဖြစ်လာစေပါတယ်။

ဒီတော့ နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေက အစ၊ သဘောထားအမြင်တွေဟာ အများရှေ့မှောက် ပွင့်လင်းမြင်သာ ရှိလာစေပါတယ်။ ဒီကနေ အထွေထွေညီလာခံမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူစေတာမျိုး လွှဲပေးတဲ့အထိ လမ်းပွင့် သွားစေပါတယ်။  အဲဒီအခါမှာ ပိုပြီး ကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ညီညီ ချိန်ကိုက် လုပ်ဆောင်ကြမယ့် ပိုမိုထိရောက် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြစ်လာ စေနိုင်ပါတယ်။

ဒီတော့ လုံခြုံရေးကောင်စီထဲမှာ ဆုံးဖြတ်ချက် မူကြမ်း အနေနဲ့ ဆွေးနွေးတာကနေ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက် ရိုက်ခတ်မှုတွေ အများကြီး ရှိစေပါတယ်။

တစ်နိုင်ငံချင်းစီ အလိုက် ဟိုနေရာ ဒီနေရာမှာ ပိတ်ဆို့မှုတွေ၊ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြမယ့် အစား၊ မြန်မာ့ အရေး စိတ်တူကိုယ်တူ ရှိကြတဲ့ ကမ္ဘာ့နိုင်ငံတွေ တပေါင်းတစည်းတည်း အားနဲ့ စုပေါင်း လုပ်ဆောင်ကြဖို့ အင်မတန် လိုပါတယ်။

တပ်မတော် ဒါမှမဟုတ် စစ်ကောင်စီကို အင်အား အချိနဲ့ဆုံး ဖြစ်သွား စေနိုင်တဲ့ နယ်ပယ်တွေဟာဘာလဲ ဆိုတာကို မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်တယ် ဆိုတဲ့ နိုင်ငံတွေ အနေတဲ့  စုပေါင်း ရှာဖွေပြီး၊ အရေးယူ ဆောင်ရွက်မှုတွေကိုလည်း စုပေါင်း ပြုလုပ်မှသာ ထိရောက်နိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်း အရေးမှာလည်း ကုလသမဂ္ဂ မျက်နှာစာမှာ အဲဒီလို တွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။  ကျွန်တော် အခု ဦးတည် လုပ်နေတာက ယူကရိန်း အရေးမှာ ဖြစ်နိုင်ရင်၊ ယူကရိန်း နည်းတူ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ အခုထိတော့ ကြိုးစား နေရဆဲ ဖြစ်ပါတယ်။ ကျွန်တော် ခင်ဗျားကို အခု ပြောပြခဲ့တာတွေဟာ အခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွက် ကျွန်တော့်ရဲ့ အခြေခံ အကျဆုံး သတင်းစကားတွေပဲ ဖြစ်ပါတယ်။

 

ရုရုားဆီက ဆုခွိုင်းတိုက်လေယာဥ်တွေ ထပ်ရလာဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရုားဆီက ဆုခွိုင်းတိုက်လေယာဥ်တွေ ထပ်ရလာဖို့ရှိ

ဘီဘီစီ။ ။ တွမ်ရေ ... ခင်ဗျား အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို သိရဖို့ ခရီးတွေထွက်တာ ... အချက်အလက်တွေ စုစောင်းရယူတာတွေ ပြုလုပ်နေတာ ကျွန်တော်သိပါတယ်။ မြန်မာနိုင်ငံထဲက မြေပြင်အခြေအနေတွေကို သိရဖို့ မြန်မာနိုင်ငံထဲထိ သွားနိုင်ဖို့ကိုရော မကြိုးစားဘူးလား။ စစ်ကောင်စီကိုရော ချဥ်းကပ်မေးမြန်းတာတွေ လုပ်ခဲ့လား။

တွမ်အင်ဒရူးစ်။ ။   ကျွန်တော် သူတို့ကို ချဥ်းကပ်ခဲ့ပါတယ်။ စစ်အာဏာပိုင်တွေထံက ဘယ်လို တုံ့ပြန်မှုကိုမှ မရခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့ကတော့ မြန်မာပြည်ထဲကို လူကိုယ်တိုင် မသွားရောက်နိုင်ဘူးလို့ ဆိုပေမယ့်၊ အခုခတ် နည်းပညာတွေရဲ့ အကူအညီနဲ့ ... အခု ခင်ဗျားနဲ့ ကျွန်တော် ဆက်သွယ် စကား ပြောနေကြသလိုမျိုးပေါ့ ... ကျွန်တော် လူတွေ အများကြီးနဲ့ တိုက်ရိုက် စကားပြောဆိုတာတွေ လုပ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်ထဲ နေရာအနှံ့က လူတွေ ရာပေါင်းများစွာနဲ့ ကျွန်တော် စကားပြောထားပါတယ်။ သူတို့ ဘာတွေ တွေ့ကြုံ ခဲ့ရသလဲ၊ သူတို့ လက်ရှိ ဘယ်လိုတွေ ခံစားနေရလဲ ... သူတို့ မြင်တွေ့လိုတာတွေက ဘာလဲ စတာတွေကို သူတို့ထံက တိုက်ရိုက် ကြားသိရပါတယ်။

ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံထဲ လှုပ်ရှား နေကြတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစု အသီးသီးနဲ့ အရပ်ဘက်အဖွဲ့တွေ၊ CDM ဝန်ထမ်းတွေနဲ့ကြားမှာလည်း လေးနက်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ပါတယ်။

သူတို့ရဲ့ အခန်းကဏ္ဍ အပေါ် ကျွန်တော် အင်မတန်မှ တန်ဖိုးထားပါတယ်။ မြန်မာပြည်ကြီး အကောင်းဘက် ပြန်ဦးတည်ဖို့ သူတို့ဟာ သူတို့ကိုယ်သူတို့ စတေးပြီး၊ စွန့်လွှတ် အနစ်နာခံပြီး လုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။

သူတို့ရဲ့ အံ့မခန်း သတ္တိနဲ့ စိတ်ပိုင်းဖြတ်မှုတွေဟာ အံ့မခန်းပါပဲ။ ကျွန်တော့် အပေါ် ကြီးမားတဲ့ သက်ရောက် ရိုက်ခတ်မှုမျိုး ဖြစ်စေပါတယ်။ သူတို့နဲ့ ထိတွေ့ ဆက်ဆံရတဲ့ အပေါ် ကျွန်တော် အင်မတန် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ အခုနောက်ဆုံး အစီရင်ခံစာထဲမှာလည်း သက်ဆိုင်ရာ အစုအဖွဲ့တွေ တစ်ခုချင်းစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အပေါ် ကျွန်တော် အာရုံစိုက် ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘေးပတ်ချာလည် နိုင်ငံတွေက အစိုးရခေါင်းဆောင်တွေ၊ ဒေသတွင်း အာဆီယံ အဖွဲ့က ခေါင်းဆောင်တွေနဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဆက်မပြတ် ဆက်သွယ် စကားပြောနေပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကို ကျွန်တော့်ဘက်က ဆက်လက်လုပ်ဆောင် နေဦးမှာပါ။

လာမယ့်နှစ် စစ်ရေးပဋိပက္ခ ပိုပြီး ပြင်းထန်လာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လာမယ့်နှစ် စစ်ရေးပဋိပက္ခ ပိုပြီး ပြင်းထန်လာနိုင်လား

ဘီဘီစီ။ ။ အခုလာမယ့်နှစ်ဟာ သူတို့ ဆင်နွှဲနေတဲ့ လက်နက်ကိုင် ခုခံ တွန်းလှန်နေတာကို အဆုံးအဖြတ် ပေးမယ့်နှစ် ဆိုပြီး NUG က ကြေညာထားပါတယ်။ ဒီတော့ မြန်မာနိုင်ငံထဲ လက်နက်ကိုင် ပဋိပက္ခတွေဟာ အခု အခြေအနေတွေထက် ပိုပြီးတော့ကို တိုးလာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုမျိုး တွမ့် ဆီမှာ  ရှိနေလား။

တွမ်အင်ဒရူးစ်။ ။   NUG ဟာ အလွန်ဆိုးရွား ပြင်းထန်တဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူတို့ ဆီမှာ  ရွေးချယ်စရာ အခွင့်အရေးတွေ၊ လမ်းကြောင်းတွေ များများစားစား မရှိလှပါဘူး။ အဓိကကတော့ ကျွန်တော် ပြောခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းထံက တပေါင်းတစည်းထဲ လုပ်ဆောင်တဲ့ အရေးယူတုံ့ပြန်မှုတွေ ကင်းမဲ့နေတာဟာ NUG ကို အကန့်အသတ် အခြေအနေတွေထဲ  ကျရောက် နေစေပါတယ်။

ဒီတော့ သူတို့ဟာ သူတို့ တတ်နိုင်စွမ်းတဲ့ ပမာဏ အတိုင်းအတာကြားကပဲ ရှေ့ရောက်အောင် လုပ်ဆောင် နေရပါတယ်။ NUG ကို နိုင်ငံတကာက အသိအမှတ်ပြု ထိတွေ့ ဆက်ဆံကြဖို့  ကျွန်တော့်ဘက်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံ အားပေးပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ လက်တွဲ အလုပ်လုပ်ကြဖို့ ကျွန်တော် ဆော်ဩတိုက်တွန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို လုပ်ဆောင်တာဟာ အမှန်တရားဘက်မှာ ရပ်တည်တာ ဖြစ်ပါတယ်။ အဲဒီလို ကျင့်ဝတ်ပိုင်း ဆိုင်ရာ မှန်ကန်မှုမျိုးတင်မက မြန်မာ့ အရေး ဖြေရှင်းရာမှာလည်း လက်တွေ့ကျတဲ့ ၊ လက်တွေ့ လုပ်ဆောင် နိုင်စွမ်းရှိတဲ့ ချဥ်းကပ်မှုမျိုး၊ နည်းလမ်းမျိုး ဖြစ်တယ်ဆိုပြီး ကျွန်တော့်ဘက်က တင်သွင်းတဲ့ မြန်မာ့အရေး အကြံပြုချက်တွေထဲမှာ တွေ့နိုင်ပါတယ်။

NUG ရဲ့ နိုင်ငံတကာ ဆက်ဆံရေး လက်ရှိ အနေအထားဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ သူတို့ ဘက်က နိုင်ငံတကာ ဆက်ဆံရေး တည်ဆောက်ထားနိုင်မှု အတိုင်းအတာကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ NUG နဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမှာ ဖြစ်သလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ EAO တွေ၊ အရပ်ဘက်အဖွဲ့ CSO တွေနဲ့လည်း ဆက်ပြီး လက်တွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘုံ ရည်မှန်းချက်တွေက အတူတူပဲ ဖြစ်ပါတယ်။ အခု အိပ်မက်ဆိုးကြီးကို အဆုံးသတ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ အိပ်မက်ဆိုး အလွန်ကာလ ဆိုတာ  အပြစ်ရှိသူတွေကို အပြည့်အဝ တာဝန်ခံမှု ရှိစေတဲ့၊ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အတွက် ထိုက်တန်လှတဲ့ အနာဂတ်ကိုလည်း အဲဒီ အိပ်မက်ဆိုးလွန် ကာလမှာ ဖန်တီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ တွမ် အခု ပြောသွားတာတွေကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ ကျွန်တော့်မေးခွန်းကို ပြန်ပြီး ထပ်ကျော့ ပြောရရင် တကယ်လို့ NUG က သူတို့ ကြေညာထားသလို စစ်ရှိန်မြှင့်လာမယ် ဆိုရင် မြန်မာပြည်ထဲက လူ့အခွင့်အရေးနဲ့ စာနာမှု ဆိုင်ရာ အကျပ်အတည်း အခြေအနေတွေ ပိုပြီး ဆိုးရွား လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုမျိုး တွမ့်ဆီမှာ ရှိပါသလား။

တွမ်အင်ဒရူးစ်။ ။   ဟုတ်ကဲ့ ... ဘယ်လို လက်နက်ကိုင် ပဋိပက္ခ မျိုး မှာမဆို၊  နောက်ဆက်တွဲ သက်ရောက် ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်တဲ့ အတွက် အဲဒါတွေအပေါ်  ကျွန်တော့် အနေနဲ့ အလေးအနက် စိုးရိမ်မှုတွေ ရှိပါတယ်။

တိုက်ခိုက်မှုတွေ ပိုပြီး ဖြစ်လာလေလေ သေစေနိုင်တဲ့ စစ်လက်နက် ပစ္စည်းတွေကို အသုံးပြုရလေလေ ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျွန်တော် သိမြင်ပါတယ်။

တစ်ဖက်မှာလည်း လူတွေဟာ ဘာဖြစ်လို့ အဲဒီလမ်းကြောင်းကို လျှောက်ကြရတာလည်း ဆိုတဲ့ အရင်းခံ အကြောင်းတရား အပေါ်မှာလည်း ကျွန်တော်က ၁၀၀ ရာခိုင်နှုန်း သိမြင် နားလည် ပါတယ်။ စာနာမှု ရှိပါတယ်။

“ဟေ့ ဒီမှာကြည့်ကြစမ်းပါ။ အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံနေရတဲ့ ငါတို့ အတွက် ငါတို့ကိုယ်ငါတို့ ခုခံပိုင်ခွင့် မရှိဘူးလား” ဆိုပြီး မြန်မာပြည်သူတွေ ပြောဆိုနေတာကို ကျွန်တော် အပြည့်အဝ နားလည် သဘောပေါက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာရင်လည်း မြန်မာပြည်သူတွေ၊ အထူးသဖြင့် မြန်မာကလေးသူငယ်တွေဟာ ဒုက္ခ အခံရဆုံး ဖြစ်မယ် ဆိုတဲ့ အချက်အပေါ်မှာလည်း သိမြင်တဲ့ အတွက် ကျွန်တော် အင်မတန် တုန်လှုပ်မိပါတယ်။

 ဒ့ါကြောင့် မြန်မာ့အကျပ်အတည်းဟာ အင်မတန် ဆိုးရွားလှတဲ့ အခြေအနေ ဖြစ်တယ် ဆိုပြီး ကျွန်တော် မီးမောင်းထိုး ပြောနေတာ ဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ အခြေအနေဆိုတာ ဘာလဲ ဆိုရင် ... တခြား ရွေးချယ်စရာ ပိုကောင်းတဲ့ နည်းလမ်းရယ်လို့ အင်မတန် ရှားပါးနေရတဲ့ အခြေအနေကို ရောက်နေရတာမျိုးကို ကျွန်တော် ဆိုလိုပါတယ်။

ရွေးချယ်စရာ ပိုကောင်းတဲ့ လမ်းကြောင်းတွေ ပွင့်လာစေဖို့ ဆိုရင် နိုင်ငံတကာ မိသားစု အနေနဲ့  မြန်မာ့အရေးမှာ အခုထက် ပို ... တာဝန် အပြည့်အဝ ယူပေးပြီး တုံ့ပြန်ကြဖို့ ကျွန်တော် အလေးအနက်ထား တိုက်တွန်း နေရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံး အချက်ကတော့ မြန်မာ စစ်တပ်ရဲ့ လက်ထဲ လက်နက်တွေ စီးဝင်နေတာကို အလုံးစုံ ရပ်တန့် နိုင်ရေး ဖြစ်ပါတယ်။ ဒီ ပဋိပက္ခထဲ လက်နက်တွေ ထပ်ပြီး စီးဝင် မနေဖို့ လိုပါတယ်။ မြန်မာ စစ်တပ်လက်ထဲ လက်နက်တွေ စီးဝင်ပုံ အကြောင်း ကျွန်တော် မကြာခင် လတွေမှာပဲ အသေးစိတ် အစီရင်ခံစာ တစ်စောင် ထပ်ပြီး ထုတ်ပြန်ပါ့မယ်။ ဘယ် စီးပွားရေး လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင် ပတ်သက် နေသလဲ ဆိုတာကို ဖော်ပြမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ဘာလဲ ဆိုတာကို တစ်ခွန်းတည်း ပြောရရင်တော့ ကျွန်တော်ဟာ လက်နက်တွေ လျှော့ချရေး အပေါ် အာရုံစိုက် သူ ဖြစ်ပါတယ်။