ဇန်နဝါရီ ၁၇ ရက်ထိပ်တန်းသတင်းများ - နမ့်ဖတ်ကာမှာ ပျက်ကျတဲ့ လေယာဥ်မှူးနှစ်ဦးသေဆုံး

နမ့်ဖတ်ကာမှာ ပျက်ကျတဲ့ လေယာဥ်မှူးနှစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ရေးသားခဲ့သည်။

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ပျက်ကျခဲ့တဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဥ်ပေါ်ပါသွားတဲ့ လေယာဥ်မှူး ကျော်သူရ နဲ့ တွဲဖက်လေယာဥ်မှူး ဗိုလ်ကြီးကောင်းထက်စံတို့ နှစ်ဦး သေဆုံးသွားပြီလို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ် - KIA တပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နမ့်ဖတ်ကာမှာစစ်တပ်တိုက်လေယာဥ်ကိုKIA က ပစ်ချခဲ့ပြီး ပျက်ကျသွားတယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

စစ်ကောင်စီကတော့ ဒီလေယာဥ်ပျက်ကျတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။

တပ်တွင်းသတင်းရင်းမြစ်ကတော့ FTC 2000G တိုက်လေယာဥ် အမျိုးအစားဖြစ်ပြီး နမ့်စန်လေတပ် စခန်း ဌာနချုပ်ကနေ တက်ခဲ့ပြီး နမ့်ဖတ်ကာတိုက်ပွဲကို လေကြောင်းပစ်ကူပေးချိန်မှာ ပျက်ကျခဲ့တာလို့ ပြောပါတယ်။

တရုတ်လုပ် FTC 2000G တိုက်လေယာဉ်ဟာ အပေါ့စားတိုက်လေယာဥ်အမျိုးအစားဖြစ်ပြီး အမောင်းသင်ရော တိုက်ခိုက်ရေးမှာရော သုံးနိုင်တယ်လို့စစ်သုံးလေယာဥ်တွေအကြောင်းလေ့လာသူတချို့က ဆိုပါတယ်။

FTC-2000G ဟာ တရုတ်မူရင်းမျိုးကွဲ JL-9G ရဲ့ Export Version ဖြစ်ပြီး ဒေါ်လာ ၈ သန်းကျော်တန်ပြီး အ‌မောင်းသင်နဲ့မြေပြင်ဝေဟင်ဘက်စုံသုံးနိုင်ဖို့ထုတ်ထားတယ်လို့ဆိုပါတယ်။

တိုက်လေယာဉ်အရွယ် ပစ်မှတ်တွေကို ၁၇၀ ကီလိုမီတာအကွာကနေထောက်လှမ်းနိုင်ပြီး ပစ်မှတ် ၁၅ ခုကို တစ်ပြိုင်နက် အာရုံခံထောက်လှမ်းနိုင်သလို ပစ်မှတ်လေးခုကိုတာလတ်ပစ်ဒုံးနဲ့ တစ်ပြိုင်နက်ထဲပစ်ဖို့လမ်းကြောင်းပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်၊ ဂန်ဒေါင်ယန်နဲ့ နာဖော့တောင် တဝိုက်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ် - KIA ရဲ့ ‌ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌နော်ဘူက ပြောထားပါတယ်။

၂၀၂၁ ခုနှစ် မေလကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီး မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ပစ်ချခဲ့တယ်လို့ အဲဒီအချိန်က ကေအိုင်အေက ထုတ်ပြောခဲ့ပါတယ်။

ကျိုင်းတုံကို ဝင်တိုက်မယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ဝ တပ်ဖွဲ့ ဘာပြောလဲ

“ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဋ္ဌ ဦးကျောက်အိုက်တောင်း ဟိုပန်၊ ပန်လုံဒေသကို သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများဆောင်ရွက်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, WSTV

ဓာတ်ပုံ ပုံစာ, “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဋ္ဌ ဦးကျောက်အိုက်တောင်း ဟိုပန်၊ ပန်လုံဒေသကို သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများဆောင်ရွက်နေတဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းက ကျိုင်းတုံမြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ဝ တပ်ဖွဲ့ UWSA က ကြေညာချက်ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ ဟိုပန် မြို့နဲ့ ပန်လုံ မြို့တို့ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရယူလိုက်ပြီးတဲ့နောက် ကျိုင်းတုံကိုပါ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ကျိုင်းတုံမြို့မှာ တြိဂံတိုင်းစစ်ဌာနချုပ်အခြေစိုက်ပြီး ဝ တပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်း၊ မိုင်းလားအဖွဲ့ NDAA ဌာနချုပ် မိုင်းလားမြို့တို့နဲ့ အနီးဆုံး စစ်တိုင်းတစ်ခု ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ တြိဂံ တိုင်းမှူးဟောင်း ဖြစ်ပြီး ကျိုင်းတုံ ခရီးစဉ် တချို့မှာ ဝ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖူးပါတယ်။

စစ်အစိုးရခေတ် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၁၉၈၉ ခုနှစ်မှာ စတင်ချုပ်ဆိုခဲ့ပြီး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် တွေကို ၂၀၁၁ ခုနှစ်အတွင်းမှာ ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာတော့ ဝ တပ်ဖွဲ့က လက်မှတ်မထိုးထားပါဘူး။

၂၀၁၆ ခုနှစ်က ကျင်းပခဲ့ဖူးတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ UWSA က ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ထဲကို ကျိုင်းတုံ ထပ်ထည့်ပြီး ဝ ပြည်နယ် အဖြစ် တိုးမြှင့် ပေးဖို့ စာတမ်းဖတ်ကြား ဖူးပါတယ်။

အဆိုတော်အေမီစျာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်တို့ ‌မလေးရှားမှာ ထိန်းသိမ်းခံနေရဆဲ

အဆိုတော်အေမီစျာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

မလေးရှားမှာထိန်းသိမ်းခံထားရတဲ့ အဆိုတော်အေမီစျာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်တို့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်အထိ ပြန်မလွတ်သေးဘဲ ဘာတာဝပ်ရဲစခန်းမှာပဲရှိနေတယ်လို့ မြန်မာအရေးလှုပ်ရှားသူတွေဆီကသိရပါတယ်။

မြန်မာအရေးလှုပ်ရှားသူတစ်ဦးရဲ့ အပြောအရ ဖမ်းဆီးခံအနုပညာရှင်နှစ်ဦးဟာ မလေးရှားနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ သွားရောက်ပြီး စီးပွားရေးအလို့ဌာ ဖျော်ဖြေပွဲလုပ်ခဲ့တာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေကိုချိုးဖောက်ခဲ့မှုနဲ့ စစ်ဆေးနေတာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ အခုလိုအခြေအနေကြောင့် စစ်ဆေးမှုတွေဆက်လုပ်ပြီး တရားရုံးတင်ဖို့ရှိနေပြီး အဲဒီကနေ ပြစ်ဒဏ် ဒါမှမဟုတ် ဒဏ်ကြေးပေးဆောင်ပြီးမှ ပြန်လွတ်မြောက်နိုင်မယ်လို့ ဥပဒေအရရှိတဲ့အခြေအနေကိုရှင်းပြပါတယ်။

'' တရားရုံးတင်ပေမဲ့ သူတို့က ‌ဒဏ်ကြေးဆောင်နိုင်ရင်လွတ်မှာပါ။ ဒဏ်ကြေးမဆောင်နိုင်ရင်တော့ ထောင်ကျခံရမှာပေါ့။ ဒဏ်ကြေးကတော့ ရင်းဂစ် ၁၀,၀၀၀ (မြန်မာငွေ ၇၅ သိန်းကျော် ) လောက်ဆောင်ရမှာပါ'' လို့ တရားရုံးလုပ်ငန်းစဥ်သိတဲ့ မလေးရှားရောက်မြန်မာတစ်ဦးကပြောပါတယ်။

မလေးရှားနိုင်ငံ ၊ ပီနန်ခရိုင် ဘာတာဝပ်မှာ ဇန်နဝါရီ ၁၃ ရက် စနေနေ့ညပိုင်းက လုပ်ခဲ့တဲ့ ‌မြန်မာဖျော်ဖြေပွဲတစ်ခုမှာ တေးသံရှင် အေမီစျာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါအဝင် မြန်မာနိုင်ငံသား ရာနဲ့ချီထိန်းသိမ်းခံခဲ့ရတာပါ။

အဲဒီထဲက အချို့ကပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ တေးသံရှင် အေမီစျာန်နဲ့ မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါအဝင် မြန်မာ ၃၀ ကျော်လောက်ကတော့ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ မလေးရှား၊ပီနန်က မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေနဲ့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

အခုဒီဖျော်ဖြေပွဲဖမ်းဆီးခံရမှုဟာ မလေးရှားအစိုးရကလုပ်နေတဲ့ အော်ပရာစီလို့ခေါ်တဲ့ တရားမဝင်အထောက်အထားမဲ့နေထိုင်သူတွေကို ဖမ်းဆီးတဲ့လုပ်ငန်းစဥ်နဲ့ ဆက်စပ်မှုမရှိဘဲ ဘေးပတ်ဝန်းကျင်ကဆူပူမှုနဲ့တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ရဲစခန်းကိုရောက်ခဲ့တဲ့ ထိန်းသိမ်းခံရသူအချို့နဲ့ မြန်မာအရေးလုပ်ဆောင်သူတချို့က အစောပိုင်းသတင်းမှာပြောထားပါတယ်။

ရခိုင်၊ ကျောက်တော်မှာ စစ်တပ်က အေအေ ထံ လက်နက်ချ

ခမရ-၅၃၉ တပ်ရင်းမှာ အေအေအလံလွှင့်ထူထားတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Western News

ဓာတ်ပုံ ပုံစာ, ခမရ-၅၃၉ တပ်ရင်းမှာ အေအေအလံလွှင့်ထူထားတဲ့မြင်ကွင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကန်ဇောက်အခြေစိုက် စစ်တပ် ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ-၅၃၉) က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း လူဦးရေ ၆၀၀ နီးပါး ရက္ခိုင့်တပ်တော်(အေအေ)ဆီမှာ လက်နက်ချခဲ့တယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောသလို ဒေသအခြေစိုက်မီဒီယာမှာလည်း ရုပ်သံဖိုင်နဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

ပလက်ဝမြို့သိမ်းတိုက်ပွဲအပြီး ကျောက်တော်မြို့တဝိုက်မှာ စစ်တပ်နဲ့ အေအေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ခမရ-၅၃၉ တပ်ရင်းဘက်က အလံဖြူထောင်ပြီး လက်နက်ချ ခဲ့တာလို့ တပ်ရင်းအနီးမှာ နေထိုင်တဲ့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျောက်တော်မြို့အခြေစိုက် အမြောက်တပ် ၃၇၇ နဲ့ ခမရ-၅၃၉ တို့ကို ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက အေအေ ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ အမြောက်တပ် ၃၇၇ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။

အဲဒီတပ်ရင်းတွေဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ ကျောက်တော်-ပုဏ္ဏားကျွန်းလမ်းပိုင်း ကန်ဇောက်တောင်တန်းရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေမှာ တည်ရှိနေတဲ့ တပ်ရင်းဌာနချုပ်တွေဖြစ်ကြပါတယ်။

လက်ရှိမှာ ပလက်ဝမြို့နယ်နဲ့ တဆက်တစပ်တည်းရှိနေတဲ့ ကျောက်တော်မြို့နယ်အတွင်းက တပ်ရင်းဌာနချုပ်နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တာကြောင့် ကုလားတန်မြစ် အနောက်ဘက်ခြမ်းတစ်လျှောက်မှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်အထိ အေအေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီလို့ ‌ဒေသခံတွေက ပြောကြပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက ကုလားတန်မြစ်အရှေ့ဘက်ခြမ်းမှာတော့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) အပါအဝင် ခမရ ၃၇၄၊ ၃၇၅ နဲ့ ၃၇၆ တပ်ရင်းတွေကျန်ရှိနေသေးသလို အဲဒီနေရာတဝိုက်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သိမ်းယူထားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတယ်လို့ TNLA ထုတ်ပြန်

PSLF/TNLA ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ နမ်ခမ်းမြို့နယ်အတွင်းသွားရောက်ကြီးကြပ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, PSLF/TNLA ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ နမ်ခမ်းမြို့နယ်အတွင်းသွားရောက်ကြီးကြပ်နေတဲ့မြင်ကွင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)က သိမ်းယူခဲ့တဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ တအာင်းတပ်TNLA က ထုတ်ပြန်လာပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနဲ့ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ နမ့်ခမ်းမြို့ထဲမှာ သွားရောက်ကြီးကြပ်နေပုံတွေကို ဇန်နဝါရီ ၁၇ ရက်မှာ TNLA က ထုတ်ပြန်လာပါတယ်။

ဒေသခံ တိုင်းရင်းသားလူမျိုး မခွဲခြားဘဲ တရားမျှတတဲ့ ဥပဒေရေးဆွဲပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် ဖော်ဆောင်သွားမယ်”လို့ PSLF/TNLA ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တအောင်းတော်လှန်ရေးနေ့မှာ ထုတ်ပြောထားပါတယ်။

ဒါအပြင် သိမ်းပိုက်ထားတဲ့ မြို့တွေထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဒေသခံလူထုတွေရဲ့ အိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ ဦးစားပေးအဆင့်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပြီး ပြည်ပရောက်တအာင်းလူငယ်တွေကို ပြန်လည်ထူထောင်ရေးမှာပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

TNLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတကြောမှာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေ့ါ၊ မိုင်းလုံ၊ နမ့်ခမ်း အပါအဝင် ကွတ်ခိုင် စတဲ့ မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာ ပ‌လောင်ဒေသ နမ့်ဆန်၊ မန်တုံအပါအဝင် နမ့်ခမ်းမြို့က စစ်ရှောင်သွားကြတဲ့ ဒေသခံတော်တော်များများလည်း နေရပ်ပြန်ကုန်ကြပြီလို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

ကိုးကန့်မှာ တိုက်ပွဲပြန်ဖြစ်

လောက်ကိုင်မှာ မြို့အုပ်ချုပ်ရေးအကြောင်းလူထုကိုရှင်းပြနေတဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, MNDAA

ဓာတ်ပုံ ပုံစာ, လောက်ကိုင်မှာ မြို့အုပ်ချုပ်ရေးအကြောင်းလူထုကိုရှင်းပြနေတဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦး

အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မိနစ် ၂၀ ကျော် တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်ဘက်က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီလက်ကျန်တပ်ဖွဲ့ဝင်အချို့ဟာ MNDAA ကိုးကန့်တပ် အခြေချတပ်စွဲထားတဲ့ ကချင်တောင်ရဲ့ အနီးကိုဝင်ရောက်လာပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

တပ်ဆုတ်သွားချိန်မှာ ၆၀ မမ လက်နက်ကြီးနဲ့ (၃) ကြိမ် ပစ်ခတ်ခဲ့တယ် လို့ပါ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ဇန်နဝါရီ ၁၁ ရက်‌နေ့ကတည်းက အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

ဒေသအခြေအနေ သိရှိသူတွေကတော့ ပြည်သူ့စစ်လက်ကျန်တွေဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့က ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လောက်ကိုင်) က လက်နက်ချပြီး ကိုးကန့်ဒေသကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်မြို့မှာတော့ ကိုးကန့်တပ် (MNDAA) ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကိုးကန့်တိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။