သမ္မတပူတင်နဲ့တွေ့ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ခရီးနှင်ပြီလား

ဓာတ်ပုံ ရင်းမြစ်, Alexander Safronov / TASS
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံမယ့် အာရှအရှေ့ဖျားစီးပွားရေးဖိုရမ် ထိပ်သီးဆွေးနွေးပွဲအတွက် ဗလာဒီဗိုစတော့မြို့ ကို စတင်ခရီးနှင်ပြီလို့ ယူဆရပါတယ်။
နိုင်ငံခြားခရီးစဥ်တွေမှာ မစ္စတာကင် စီးနင်းလေ့ရှိတဲ့ သူ့ရဲ့လုံခြုံရေးမြှင့်သီးသန့်ရထားကြီး စတင်ခုတ်မောင်းနေပြီလို့ တောင်ကိုရီးယားအစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေကဖော်ပြပါတယ်။ ဒီခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုဟာ ရုရှားစံတော်ချိန် အင်္ဂါနေ့ မှာ အစောဆုံးဖြစ်နိုင်တယ်လို့ တွက်ဆထားကြပါတယ်။
မစ္စတာကင်ဟာ လာမယ့်ရက်တွေအတွင်း လာရောက်ဖို့ မျှော်လင့်ထားတယ်လို့ ရုရှားသတင်းဌာန Interfax က အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မှာ ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားအစိုးရက ပြောပါတယ်။
ကရင်မလင် ရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ရုရှားရုပ်မြင်သံကြား နိုင်ငံတကာဌာန (RTVI) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ EEF မှာ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖို့မရှိကြောင်းပြောခဲ့ပြီး မစ္စတာကင်ရဲ့ ရုရှားခရီးစဉ်ကိုတော့ ငြင်းဆိုတာမရှိပါဘူး၊
မစ္စတာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကြားမှာ ထိပ်သီးဆွေးနွေးပွဲဖြစ်ခဲ့ပြီဆိုရင်တော့ ဒါဟာလေးနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ရဲ့ ပထမဆုံးနိုင်ငံတကာခရီးစဉ်ဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြီး အပြီး ပထမဆုံးလည်းဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက မော်စကို ကို လက်နက်တွေထောက်ပံ့ပေးအပ်နိုင်ဖွယ်ရှိတယ်ဆိုတာကို ခေါင်းဆောင်နှစ်ဦးကြားမှာဆွေးနွေးဖို့ရှိနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက အစောပိုင်းက BBC ရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS ကို ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မစ္စတာကင်ရဲ့ နောက်ဆုံးပြည်ပခရီးစဉ်ဟာ ၂၀၁၉ ခုနှစ်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ကိုပဲ သွားခဲ့တာပါ။ သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ မြောက်ကိုရီးယား နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက်မှာ သမ္မတပူတင်နဲ့ ထိပ်သီးအစည်းအဝေးအတွက် သွားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီတုန်းကလည်း မစ္စတာကင်က ဗလာဒီဗော့စတော့မြို့ကို ရထားနဲ့ပဲသွားခဲ့တာပါ။
ကင်ရဲ့ ကျည်ကာရထား
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သူ့ရဲ့ ရထားမှာ ကျည်ကာရထားတွဲ အတွဲ ၂၀ ထက်မနည်းပါတယ်လို့ သတင်းတွေထွက်နေတာကြောင့် ဒီရထားအလေးချိန်နဲ့ဆိုရင် တစ်နာရီကို ၃၇ မိုင်နီးပါးပဲ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဗလာဒီဗော့စတော့မြို့ခရီးစဥ်ဟာ တစ်ရက်လုံးကြာမြင့်လိမ့်မယ်လို့ ပြောဆိုနေကြတာပါ။
အိမ်ဖြူတော်ဘက်ကထွက်လာတဲ့ မြောက်ကိုရီးယားနဲ့ ရုရှားကြားမှာ လက်နက်ဆိုင်ရာ ညှိနှိုင်းမှုသစ်တစ်ခု ဖြစ်လာနေတယ်ဆိုတဲ့ သတင်းတွေနောက်မှာ ဒီခရီးစဥ်ထွက်ပေါ်လာတာပါ။ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘိုင် ရဲ့ အစောပိုင်းပြောဆိုချက်အရဆိုရင် ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြောက်ကိုရီးယားခရီးစဥ်ပြီးတဲ့နောက် ပြုံယမ်းကလက်နက်ကြီးကျည်တွေ ရောင်းချဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။
ရုရှားဟာ ၁၂၂ မမ နဲ့ ၁၅၂ မမ အမြောက်ကျည်တွေ ပိုပြီးလိုအပ်နေမယ်လို့ယူဆရပြီး သူတို့ရဲ့ လျှို့ဝှက် သဘောသဘာဝအရ မြောက်ကိုရီးယားကို သူတို့လိုအပ်တဲ့ လက်နက်စာရင်းအပြည့်အစုံကိုပေးဖို့တော့ မဖြစ်နိုင်ပါဘူး။
ထိပ်သီးဆွေးနွေးပွဲဟာ ရုရှား နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးအတွက် လိုအပ်နေတာတွေနဲ့ လိုချင်နေတာတွေ အပြန်အလှန်ရှိနေတဲ့ကာလမှာဖြစ်လာတာလို့ Carnegie Endowment နိုင်ငံတကာလေ့လာရေးဌာန က အန်ကစ်ပန်ဒါက သုံးသပ်ပါတယ်။
“အခုအရေးကြီးတာက နှစ်ဖက်စလုံးက သင့်တော်တဲ့စျေးနှုန်းတွေကို ရှာနိုင်ရင် တစ်ဖက်လိုအပ်နေတဲ့ အကူအညီအတွက် ကျေကျေနပ်နပ် ပေးချေကြမှာပါ ” လို့ ဘီဘီစီကိုပြောပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ ရုရှားက ယူကရိန်းစစ်ပွဲအတွက် လက်နက်တွေလိုအပ်နေပြီး မြောက်ကိုရီးယားက ရိက္ခာနဲ့ငွေကြေးလိုအပ်ချက်ရှိနေလို့ ဒီခရီးစဥ်ကို အပေးအယူခရီးစဥ်သဖွယ်ဖော်ပြထားကြတာပါ။
နယူးယောက်တိုင်းမ်စ်ရဲ့ သံတမန်ရေးရာသတင်းထောက် အက်ဒဝပ်ဝမ်ကတော့ မြောက်ကိုရီးယားအရာရှိတွေအဖွဲ့ဟာ ဗလာဒီဗော့စတော့မြို့နဲ့ မော်စကိုကို ပြီးခဲ့တဲ့လမှာ ကြိုတင်သွားရောက်ထားတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
အဲဒီအရာရှိတွေထဲမှာ ''ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ခရီးသွားလာမှုမှာ သံတမန်ရေးအစီအစဥ်တွေနဲ့ ပတ်သက်တာတွေကို ဆောင်ရွက်တဲ့ လုံခြုံရေးအရာရှိတွေ ပါဝင်တာကြောင့် ဒါကို ထင်ရှားတဲ့ လက္ခဏာတစ်ခုအဖြစ် ကြည့်ကြတယ်" လို့ ဝမ်က ပြောပါတယ်။
ပြုံယမ်းနဲ့ မော်စကိုဘက်ကတော့ ယူကရိန်းမှာဖြစ်နေတဲ့ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။








