ဇွန် ၂၀ ရက် ထိပ်တန်းသတင်းများ- ညောင်ပင်ကြီးကျေးရွာမှာ ပြည်သူရုပ်အလောင်း ၄ လောင်းတွေ့ပေမဲ့ ကောက်ခွင့်မရသေး

စစ်အာဏာသိမ်း၊ ညောင်ပင်ကြီး၊ စစ်ကောင်စီတပ်စွဲ၊ လက်နက်ကြီးနဲ့ပစ်၊ နေအိမ်မီးရှို့၊ ဒေသခံသေဆုံး

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ တပ်စွဲပြီးနောက် ဒီနေ့မှာ ပြည်သူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရပေမဲ့ ကောက်ယူခွင့် မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ရွာအနားကို မကပ်ရဲကြဘူး။ အလောင်းတွေကိုတော့ အဝေးကနေ တွေ့ရတယ်။ စစ်တပ်က လူမြင်တာနဲ့ လက်နက်ကြီးရော၊ လက်နက်ငယ်ရောနဲ့ပစ်တာ၊ အလောင်းတွေနားမှာလည်း နင်းမိုင်းတွေရှိတော့ မသွားရဲကြဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတပ်စွဲခဲ့တဲ့ ဇွန် ၉ ရက်ကနေ ဒီနေ့ ဇွန် ၂၀ ရက်အထိ ၁၁ ရက်ကြာနေပြီး နေ့စဉ်ဆက်တိုက် မီးရှို့နေတဲ့အတွက် ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက ကျေးရွာနဲ့ ရပ်ကွက် ၈ ခုကအိမ်ခြေ ၄၀၀ ဝန်းကျင်လောက်လည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။

ထန်းတောကျေးရွာကတော့ ရွာလုံးကျွတ်မီးရှို့ခံရပြီး ဒေသခံတွေ နေအိမ်ပြန်စရာ မရှိတော့သလို နှင်းတောကျေးရွာနားကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာအနား မကပ်ရဲကြသေးဘူးလို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်ပင်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးကြသလို ဝမ်ပေါင်ကုမ္မဏီအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကလည်း ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ညောင်ပင်ကြီးရဲစခန်းကို ဇွန် ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်တွေက ကုန်းကြောင်းသာမက လေကြောင်းကနေပါ ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီနေ့ကစပြီး စစ်အင်အားတွေ ထပ်တိုးပြီးနောက်တပ်စွဲထားတာဖြစ်ပါတယ်။

စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံတွေထဲက ၅ ယောက်ကို နာရေးလုပ်ဖို့ မိသားစုဝင်တွေကို အကြောင်းကြား

ဝေါ၊ ညောင်ခါးရှည်ရဲစခန်း၊ ‌တိုက်ခိုက်ခံရ၊ ဒေသခံ၊ ဖမ်းဆီးခံရပြီး၊ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံပြီးနောက် အဖမ်းခံထားရတဲ့ ဒေသခံ ၃၀ ကျော်ထဲက ငါးယောက် သေဆုံးတာကို မိသားစုဝင်တွေဆီ ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားလာတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

“ သေဆုံးတာက ဖိုးစပါယ်ရွာက ၃ ယောက်၊ ကြုံပါ ရွာက ၂ ယောက်၊ အဲ့ဒီထဲမှာ ကြုံပါရွာက တစ်ယောက်ကိုပဲ အလောင်းလာကြည့်လို့ရတယ်ဆိုပြီး မိသားစုကို ပဲခူးရင်ခွဲရုံကို ခေါ်ပြတယ်။ အလောင်းမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်။ သင်္ဂြိုဟ်ခွင့် မပေးဘူး။ နောက်ထပ် ၄ ယောက်ကတော့ အလောင်းလည်းမတွေ့ရဘူး။ ဘယ်နေ့မှာ သေဆုံးတယ်ဆိုတာလည်း မသိကြရဘူး ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောတာပါ။

ဒါ့အပြင် တခြားဖမ်းဆီးခံထားရသူတွေထဲက ၈ ယောက်လောက်ကို တရားရုံးထုတ်မှာသာ တွေ့ရပြီး ကျန်တဲ့သူတွေကို အချုပ်၊ ရဲစခန်းတွေမှာလည်း စုံစမ်းလို့မရ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ညောင်ခါးရှည်ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ ၂၇ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

ညောင်ခါးရှည်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်တာကို PDF နဲ့ချိတ်ဆက် ကူညီပေးတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ညောင်ခါးရှည်ရွာ၊ ဖိုးစပါယ်ရွာ၊ ကဒွတ်ရွာ၊ ချောင်းကျိုးကျေးရွာက ဒေသခံတွေကို ဖမ်းဆီးသွားတယ်လို့ ပြီးခဲ့တဲ့ မေ ၂ ရက်က ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၁၂ နှစ်ကြာပြီးမှ KIO ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ ၁၀ နှစ်ကြာ၊ KIO

ဓာတ်ပုံ ရင်းမြစ်, KIO

ကချင်ပြည်နယ်၊လိုင်ဇာမြို့မှာ လွန်ခဲ့တဲ့ ၁၂ နှစ် က ပြုလုပ်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှတ်တမ်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်ရောက်မှ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပေးအပ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အခြေအနေအရပ်ရပ်ကြောင့် မွေးနေ့မှတ်တမ်းကို မပေးပို့နိုင်ခဲ့ဘူး လို့ KIO က ထုတ်ပြန်ပါတယ်။

မွေးနေ့အထိမ်းအမှတ်ဖြစ် ပိတ်စအဖြူပေါ်မှာ KIO ခေါင်းဆောင်တွေအပါအဝင် အခမ်းအနားတက်ရောက်လာသူတွေ အမှတ်တရလက်မှတ် ထိုးခဲ့ကြပါတယ်။

လိုင်ဇာကလာတဲ့သတင်းတွေအရ ဒီပိတ်စဖြူကို ထိန်းသိမ်းထားသူက ဒီနှစ်ဆန်းပိုင်းမှာ KIO ကို ပြန်လည်ပေးအပ်ခဲ့တာကြောင့် KIO ဗဟိုကော်မတီက မနေ့ကကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမှ NLD ပါတီကို ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာအသက်ရှည်ပြီး နိုင်ငံအတွက် ပို၍ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေ လို့ KIO က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။

ပန်းပန်တာကြောင့် အဖမ်းခံရတဲ့ သမာဓိရွှေဆိုင်ဝန်ထမ်း ၁၃ ယောက် ပြန်လွတ်၊ ဆိုင်ပိတ်ထားရ

ပန်းပန်တဲ့ဝန်ထမ်း၊ သမာဓိရွှေဆိုင်၊ အဖမ်းခံရ၊ ပြန်လွတ်၊ ဆိုင်ပိတ်

ဓာတ်ပုံ ရင်းမြစ်, သမာဓိရွှေဆိုင်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရန်ကုန်မြို့ ၊ ပန်းပဲတန်းမြို့နယ်၊ သမာဓိရွှေဆိုင် နှစ်ဆိုင်က ဝန်ထမ်း ၁၃ ယောက်ဟာ ဇွန် ၁၉ ရက် မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တာကြောင့် အဖမ်းခံရပြီး ညပိုင်းမှာ ပြန်လွတ်လာတယ်လို့ သမာဓိရွှေဆိုင် တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အဲ့ဒါက ပြီးသွားပါပြီ။ ညက ပြန်လွတ်လာပါတယ်။ နောက်ဒါမျိုးမလုပ်ဖို့ သတိပေးလိုက်တယ်။ ဆိုင်ကတော့ လောလောဆယ် ဖွင့်ဖို့ နားခိုင်းထားတယ်။ နှစ်ဆိုင်စလုံးပေါ့။ ဘယ်တော့ပြန်ဖွင့်ရမလဲတော့ မသိသေးဘူး။ တစ်ရက် နှစ်ရက်လောက်ပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ အထိန်းအမှတ်အနေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပန်းသပိတ်တွေ လုပ်ကြသလို လူမှုကွန်ရက်သုံးစွဲသူတချို့က ပန်းပန်ထားတဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြပါတယ်။

အဲ့ဒီနေ့မှာပဲ ပန်းပန်ထားတာ၊ ပန်းကိုင်ထားတာတွေကြောင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အမျိုးသမီး ၁၀ ယောက်ကျော်လည်း အဖမ်းခံလိုက်ရပြီး ကမာရွတ်မြို့မ ရဲစခန်းမှာ အထိန်းသိမ်းခံထားရပါတယ်။

“အဖမ်းခံထားရသူတွေကို ကျန်တဲ့ရက်မှာ ပန်းပန်တာ၊ ပန်းရောင်းတာတွေ လုပ်လို့ရတယ်၊ ဒီနေ့တော့ မရဘူးဆိုပြီး ပြောတယ်လို့ သိရတယ်”ဆိုပြီး ကမာရွတ်ဒေသခံတစ်ယောက်က ပြောပါတယ်။ သူတို့တွေ ပြန်လွတ်-မလွတ်တော့ စုံစမ်းနေပါတယ်။

အင်တာနက်လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာဆိုရင် ရန်ကုန်မြို့မှာ လမ်းသွားလမ်းလာ ပန်းပန်လာတဲ့ အမျိုးသမီးငယ်တွေ၊ ပန်းကိုင်လာသူတွေကို ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးတာနဲ့ ကင်းလှည့်နေတာတွေကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်စုကြည်မွေးနေ့ မှာ ပန်းပန်တဲ့သူ၊ ပန်းကိုင်ထားသူ၊ ပန်းရောင်းသူတွေသာမက လူမှုကွန်ရက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ဆုတောင်းတာ၊ ပန်းပန်ပြီး ဓာတ်ပုံတင်တာ၊ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတချို့ကို ဖြန့်ဝေတာတွေကို လုပ်ဆောင်သူတွေကိုလည်း ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့်သူတွေက နေရပ်လိပ်စာတွေနဲ့အတူ တင်နေတာတွေ ရှိပါတယ်။

ဒါ့ကြောင့် ရန်ကုန်၊ စစ်ကိုင်း၊ မကွေး အပါအဝင် မြို့နယ်တော်တော်များများမှာ အဖမ်းခံရသူတွေလည်း ရှိနေပေမဲ့ ဘယ်နှယောက်အဖမ်းခံရပြီး ပြန်လွတ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီလိုဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ရန်ကုန်လေဆိပ် Operation Director ဆိုသူ အငြိမ်းစားစစ်တပ်အရာရှိ ပစ်ခတ်ခံရ

အဲဒီရာထူးတွေအပြင် အခြားလေဆိပ်ဆိုင်ရာအရေးပါတဲ့ ရာထူးတွေကိုလည်း ပူးတွဲကာတာဝန်ယူလုပ် ဆောင်နေသူလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Urban Owls

အငြိမ်းစားစစ်တပ်အရာရှိလည်းဖြစ်၊ ရန်ကုန်လေဆိပ်ရဲ့ Operation Director၊ လေဆိပ်လုံခြုံရေးဌာနအကြီး အကဲလည်းဖြစ်တဲ့ ဦးရဲခိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ဇွန်လ ၁၉ ရက်၊ ညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ဦးရဲခိုင်ဟာ အာဏာသိမ်းပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ဆို့စစ်ဆေးတာ၊ အကြမ်း မဖက်အာဏာသိမ်းမှုကိုဆန့်ကျင်လှုပ်ရှားသူတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာ၊ ဖမ်းဆီးတာတွေ ကြောင့်လို့ ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Urban Owls အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒါအပြင် သာမန်ခရီးသွားပြည်သူတွေကိုလည်း ခြိမ်းခြောက်တာ၊ စစ်ဆေးရေးအကြောင်းပြပြီးနောက် ဖမ်းဆီးတာမျိုး၊ အနုပညာရှင်အပါအဝင် ထင်ပေါ်ကျော်ကြားသူတွေကိုလည်းပြည်ပထွက်ခွင့် ပိတ်ပင်တာ မျိုးတွေကို ဦးဆောင်လုပ်ဆောင်သူလို့ Urban Owls အဖွဲ့က ဖော်ပြပါတယ်။ Urban Owls အဖွဲ့ဖော်ပြချက်‌ တွေအပေါ် ဘီဘီစီကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဦးရဲခိုင်ဟာ နိုင်ငံရေးသိပ္ပံနဲ့ အစိုးရအဖွဲ့အစည်းအထူးပြုဘာသာရပ်နဲ့ စစ်တက္ကသိုလ် DSA မှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ လေ့လာဆည်းပူးခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပါတယ်။

Yangon Aerodrome Company Limited ရဲ့ Operation Director အဖြစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကမှ စတင်တာဝန်ယူလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အဲဒီရာထူးနဲ့အတူ လေဆိပ်လုံခြုံရေးဌာနအကြီးအကဲ တာဝန်ကိုလည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီကနေ အခုအချိန်ထိ ပူးတွဲလုပ်ဆောင်နေသူလို့ သိရပါတယ်။

အဲဒီရာထူးတွေအပြင် အခြားလေဆိပ်ဆိုင်ရာအရေးပါတဲ့ ရာထူးတွေကိုလည်း ပူးတွဲကာတာဝန်ယူလုပ် ဆောင်နေသူလည်းဖြစ်ပါတယ်။

အရာရှိစစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲခိုင် ပစ်ခတ်ခံရမှု၊ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကိုးကန့်ပါတီ နှစ် ခုကို ပါတီလုပ်ငန်းဆောင်ရွက်ထားမှုတွေ စစ်ဆေး
စစ်ကောင်စီခန့်၊ ရွေးကောက်ပွဲကော်မရှင်၊ USDP၊ ကိုးကန့်ပါတီ၊ စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, UEC

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ နဲ့ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေအရ ပါတီလုပ်ငန်းဆောင်ရွက်တာတွေကို စစ်ဆေးခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ပါတီမှတ်ပုံတင်ခွင့်ပြုတဲ့နေကစပြီး ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားတဲ့ ပါတီဝင်အင်အား တစ်သိန်း ပြည့်မီဖို့၊ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ထက်ဝက်မှာ ပါတီရုံးခန်းဖွင့်လှစ်ဖို့၊ ပါတီဝင်တွေ ကိုင်ဆောင်ထားတဲ့ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်တွေကို နိုင်ငံသား စိစစ်ရေးကတ်တွေနဲ့ အစားထိုးလဲလှယ်နိုင်ဖို့သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီ နဲ့ ရှမ်းပြည်ကိုးကန်ဒီမိုကရက်တစ်ပါတီတို့ကို ရှမ်းပြည်နယ် လားရှိုးမြို့နယ်မြေခံတပ်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့တာပါ။

သတ်မှတ်ထားတဲ့ ကာလအတွင်း စုဆောင်းရမယ့် ပါတီဝင်အင်အား၊ ဖွင့်လှစ်ရမယ့် ပါတီရုံးခန်းတွေကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့၊ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပါတီအဖြစ် တည်ဆောက်ဖို့အပြင် အချိုးကျကိုယ်စားပြုစနစ်နဲ့ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားဒေသတွေအလိုက် ရွေးကောက်တင်မြောက်ခံရပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အပါအဝင် ကြိုတင်စီမံရမယ့် အချက်လက်တွေကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာမြတ်မောင်ရွှေဆိုင်ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိ

မြောက်ဥက္ကလာ၊ ‌မြတ်မောင်ရွှေဆိုင်၊ ဓားပြတိုက်၊ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Social

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက် မေဓာဝီလမ်းမှာရှိ မြတ်မောင်ရွှေဆိုင် ဓားပြမှုပါ ပါဝင်ပတ်သက်သူ ကျား ၈ ယောက်၊ မ ၁ ယောက် စုစုပေါင်း ၉ ယောက်တို့ကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ဇွန် ၁၉ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ CCTV မှတ်တမ်းအရ မြတ်မောင်ရွှေဆိုင်ကို မိုးကာဝတ် လူ ၃ ယောက် ဇွန် ၁၈ ရက် ညနေပိုင်းမှာ ရောက်လာပြီး ပစ္စတိုကိုင်ဆောင်ထားတဲ့ နှစ်ယောက်က ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ အရောင်းကောင်တာ မှန်တွေကို တူ၊ ခုံတွေနဲ့ ရိုက်ခွဲဖျက်ဆီးပြီး အသင့်ယူလာတဲ့ အိတ်ထဲကို ထည့်ခဲ့ကြပါတယ်။

အတူပါလာတဲ့ တစ်ယောက်ကတော့ ရွှေဆိုင်အပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေတာဖြစ်ပြီး ရွှေဆိုင်အတွင်း ဓားပြဝင်တိုက်သူနှစ်ယောက် ထွက်လာတဲ့အခါ ဆိုင်ကယ်ကို သုံးယောက်စီးပြီး ထွက်သွားခဲ့ကြတာပါ။ ရွှေဆိုင်ကောင်တာထဲက ရွှေတည်ပစ္စည်း ကျပ် သိန်း ၁၆၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအမှုမှာ ပါဝင်တဲ့သူတွေကို ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်က အကယ်ဒမီဟိုတယ်မှာ ၂ ယောက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ၂ ရပ်ကွက် မှာ ၄ ယောက်တို့ကို ဖမ်းမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီနောက် ဝေဘာဂီ ၅ ရပ်ကွက်မှာ M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၈ ခု၊ ၉၁ လက်ပစ်ဗုံး နှစ်လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့် စတဲ့ လက်နက်ပစ္စည်းတွေနဲ့ဓားပြတိုက်ခဲ့တဲ့ ရွှေထည်ပစ္စည်းတွေကို လည်းသိမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီနောက် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ကျွဲလန်းကျေးရွာမှာ ၂ ယောက်နဲ့ သေနတ် ၁ လက်တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

“မြတ်မောင်ရွှေဆိုင်ရှိတဲ့ နေရာက ဈ ဈေးနားတင်၊ လူသွားလူလာလည်းများတယ်။ အဲ့ဒီဝန်းကျင်မှာလည်း ဈေးသွားဈေးလာ၊ သွားလာရင်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်တာတွေ၊ ဖုန်းလုပြေးတာတွေက တော်တော်ဖြစ်နေတာ၊ အခုလည်း လူမြင်ကွင်းမှာ ဓားပြတိုက်တာ၊ ပြည်သူတွေလုံခြုံရေးကတော့ ရှိကို မရှိတော့တာ”လို့ မြောက်ဥက္ကလာပမြို့ခံတစ်ယောက်က ပြောပါတယ်။

ထိုင်းရောက်မြန်မာတွေကို အထောက်အထားလုပ်ပေးတဲ့ ထိုင်းအရာရှိ ၃ ဦး စစ်ဆေးခံရ

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ထိုင်းအမျိုးသားတစ်ဦးအသတ်ခံရတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀နီးပါး ဖမ်းဆီးခံခဲ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ထိုင်းအမျိုးသားတစ်ဦးအသတ်ခံရတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀နီးပါး ဖမ်းဆီးခံခဲ့ရစဥ်

ထိုင်းဘတ်ငွေ သန်း ၃၀ ‌လာဘ်ယူကာ မြန်မာနိုင်ငံသား ၇၀၀ ကို အထောက်အထားကတ်တွေပြုလုပ်ပေးတဲ့ မဲဆောက်မှတ်ပုံတင်ဌာနက အရာရှိ ၃ ဦးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ထိုင်းဘက်ကသတင်း တွေအရသိရပါတယ်။

ထုတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံသား ၇၀၀ လောက်က ကယားပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ဆက်စပ် မှုရှိတဲ့ စစ်အာဏာသိမ်းမှုကို ခုခံကာကွယ်နေကြသူတွေ၊ PDF တွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်သူတွေလို့ မှတ်ပုံတင်ရေးရုံးကသိရတာကို ထိုင်းဘက်က သတင်း တွေက ရေးသားဖော်ပြကြပါတယ်။

တစ်ရက်ကို အဲဒီလိုကတ်ပေါင်း ၁၅ ခုကနေ ၂၀ အထိ၊ ပြီးခဲ့တဲ့ ၃ လအတွင်းဆက်တိုက်ဆိုသလို ထုတ်ပေးခဲ့ တယ်လို့ဆိုပါတယ်။ ပန်းရောင်ကတ် ၁ ခုကို ဘတ်ငွေ ၄ သောင်းကနေ ၁ သိန်း (မြန်မာကျပ်ငွေ ၃၅ သိန်းမှ ၈၅ သိန်း) အထိကို ပေးခဲ့ရသလို၊ စုစုပေါင်း ဘတ်သန်း ၃၀ (ကျပ်ငွေသိန်းပေါင်း ၂ သောင်းခွဲကျော်) အထိ လာဘ်ယူခဲ့တာလို့ ဖော်ပြကြပါတယ်။

အိမ်လိပ်စာ တစ်ခုတည်းနဲ့ ပန်းရောင်ကတ် ၁၀၀ လောက်ကို ထုတ်ပေးထားမျိုးကို ကတ်တွေထုတ်ပေးတဲ့ အရာရှိတွေအိမ်ကို သွားရောက်လည်ပတ်သူ အခြားဝန်ထမ်းတွေကတွေ့ရှိသွားပြီး နောက် တိုင်ကြားမှုတွေ ရှိလာခဲ့တာလို့ ထိုင်းသတင်းတွေကဖော်ပြကြပါတယ်။

အခုလို လုပ်ဆောင်ပေးနေမှုကို တာခ့်ခရိုင်အုပ်ချုပ်ရေးမှူးထံကို တိုင်ကြားမှုတွေရရှိပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးဖို့ တာခ့်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဆွန်ချိုင်းက အမိန့်ထုတ်ခဲ့တာလို့ သိရပါတယ်။

အခုတော့ အဲဒီအရာရှိ ၃ ဦးကို လတ်တလောမှာ အခြားနယ်ဘက်တွေကို ပြောင်းရွှေ့စေဖို့ မဲဆောက်မြို့ တော်ဝန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုပြောင်းရွှေ့မိန် ထွက်လာပြီးနောက် သူတို့ကို စုံစမ်းစစ်ဆေးမှုတွေကို ဆိုင်းငံ့ထားပါတယ်။

အဲဒီအရာရှိ ၃ ဦးဟာ ပန်းရောင်ကတ်လို့ခေါ်တဲ့ နိုင်ငံခြားသားတွေ ဥပဒေအရ တရားဝင်နေထိုင်နိုင်တဲ့ ၁၀နှစ် သက်တမ်းရှိတဲ့ အထောက်အထားကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကတ်ဟာ အလုပ်လုပ်ကိုင်ဖို့လည်း အထောက်အထားအဖြစ်ရရှိစေပါတယ်။

ပန်းရောင်ကက်ခေါ် ၁၀ နှစ်ခံကတ်ဟာ နယ်စပ်တစ်လျှောက်နေထိုင်ကြတဲ့ တောင်ပေါ်သားတွေကို ထုတ်ပေးတဲ့ကတ်လို့ သိရပါတယ်။