မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မယ် - ဇွန်လ ၈ ရက် ထိပ်တန်း သတင်းများ စုစည်းချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှေ့တောင်အာရှနိုင်ငံအများအသင်း (အာဆီယံ) နိုင်ငံတွေ နဲ့ လေ့လာသူအဖြစ် တီမောလက်စ်တေနိုင်ငံတို့ပါဝင်တဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လဘ်အတွင်း စက်တင်ဘာလမှာ ကျင်းပမယ်လို့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲက အာဆီယံကာကွယ်ရေးဆိုင်ရာ အစည်းအဝေးအပြီး ပြောပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ပိုင်းနာတူနာပင်လယ် ပြုလုပ်မယ်လို့ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ ယူဒို မာဂိုနိုကိုက ပြောကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင်သတင်း အန်တာရာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာလည်း ပါဝင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှုက ရေကြောင်းလုံခြုံရေးနဲ့ ကယ်ဆယ်ရးအတွက်သာဖြစ်ပြီး တိုက်ခိုက်စစ်ဆင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေတော့ မပါဝင်ဘူးလို့ မာဂိုနိုက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာမျိုး ရှိဖူးပေမဲ့ အာဆီယံအနေနဲ့တော့ ပူးတွဲစစ်ရေးလေ့ကျင့်တာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်ရဲ့ လှုပ်ရှားမှုတွေအပေါ် အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတချို့က စိုးရိမ်မှုရှိနေပြီးနောက် အာဆီယံဘက်ကလည်း အခုလို စစ်ရေးလေ့ကျင့်မှု ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ပဒူကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဆက်ပြီး တပ်အထိုင်ချ ဒေသခံတွေ မပြန်နိုင်သေး

ဓာတ်ပုံ ရင်းမြစ်, YP
မေလ ၁၉ရက်က စပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတွေ လေးရက်ဆက်တိုက် ထိတွေ့မှု ရှိခဲ့တဲ့ စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်မှာ အနည်းဆုံးကျေးရွာ ၆ ရွာက နေအိမ်တွေကို စစ်ကောင်စီအဖွဲ့တွေက တပ်ချထားပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေ ၂၂ မှာ ပဒူရွာက ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ ဝိုင်းထားချိန် လေကြောင်းတိုက်ခိုက်မှု သုံးခါ ရှိခဲ့တဲ့နောက် စစ်ကောင်စီက မြေပြင်အင်အားပါ တိုးချဲ့ခဲ့ပြီး အထိုင်တပ်စွဲခဲ့ပါတယ်။
ဒီနောက်ပိုင်းရက်တွေမှာ ပဒူရွာနဲ့ အနီးဝန်းကျင် မင်းဝံတောင်ရိုးတလျှောက်က ချောင်းဦး၊ စဉ့်ကိုင်၊ အုတ်ဖိုရွာတွေကို တပ်ဖြန့်ထားပါတယ်။ ပဒူကျေးရွာ အထိုင်ချတပ်ဟာ ဆယ်ရက်ကျော်ကြာ နေအိမ်တွေ မီးရှို့တာရှိသလို ဒီကနေ့ ဇွန် ၈ ရက် မနက်ပိုင်းမှာလဲ ထပ်မံမီးရှို့တာကို တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ အခုအခါမှာ ပဒူစစ်ရှောင်ပြေးသူတွေပါ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ အဲ့ဒီက အခြေနေတွေကို စစ်ရှောင်ပြေးနေသူ ဒေသခံတဦးက အခုလို ပြောပါတယ်။
" စဉ့်ကိုင်က အိမ် ၃၀ ကျော်၊ အုတ်ဖိုက အိမ် ၂၀ ကျော်၊ ချောင်းဦးက အိမ် ၄၀ မီးရှို့ခံရတယ်။ ဒီနေ့လည်း အဲဒီပဒူကျေးရွာ မှာပဲ ဆက်ပြီး တပ် အထိုင်ချထားတယ်။ အဲဒီတော့ ရွာထဲ ဘယ်သူမှာ ဝင်လို့ မရသေးဘူး။ " လို့ ပြောပါတယ်။
ပဒူကျေးရွာ ကို လေကြောင်းတိုက်ခိုက်တာ နေအိမ်မီးရှို့တာနဲ့ ပက်သက်လို့ နှစ်ပတ်ကျော် ကြာတဲ့အထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိပါဘူး။ စစ်အာဏာသိမ်းပြီးနောက် ဧပြီ ၂၀ ထိ ပြည်တွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၂ သန်းကျော်တိုးလာတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
တရုတ်က မြန်မာကို ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး သုံးသန်း ထပ်ရောက်

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy
တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံကို ပံ့ပိုးထားတဲ့ ကိုဗစ် - ၁၉ ကာကွယ် ဆေးတွေ ရန်ကုန်ရောက် တရုတ်နိုင်ငံ အစိုးရကနေ မြန်မာနိုင်ငံ ကို ပံ့ပိုး ကူညီတဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ (Doses) သုံးသန်း မနေ့ ဇွန်လ ၇ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
မြန်မာဘက်က ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထပ်မံ အကူအညီပေးဖို့အတွက် တရုတ်နိုင်ငံကို တောင်းဆိုခဲ့တဲ့အတွက် အခုလို ရောက်ရှိလာတာလို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီကာကွယ်ဆေးတွေကို သက်ကြီးရွယ်အိုတွေနဲ့ အားနည်းတဲ့ အုပ်စုတွေအတွက် အသုံးပြုဖို့ မျှော်လင့်ထားတယ်လို့ လည်း တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံအစိုးရဟာ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၆၄ သန်း နဲ့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းအများအပြားကိုလည်း ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ဆေးနဲ့ဆေးပစ္စည်းအကူအညီတွေ ပေးပို့ရေး အမေရိကန်အခြေစိုက် Project C.U.R.E အဖွဲ့နဲ့ NUG တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, NUG Facebook
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံကို ဆေးနဲ့ ဆေးပစ္စည်းတွေ ပေးပို့လှူဒါန်းဖို့ အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်၊ ဒန်းဗားမြို့အခြေစိုက် Project C.U.R.E အပြည်ပြည်ဆိုင်ရာ ဌာန ချုပ်ရုံး တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Project C.U.R.E အဖွဲ့ဟာ နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်မှာ ကန့်သတ် အရင်းအမြစ်ရှိတဲ့ ဒေသတွေက လူနာတွေ အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေကို ကူညီဖြန့်ဖြူးလှူဒါန်းနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
Project C.U.R.E. အဖွဲ့ဘက်ကတော့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးနွယ် ပေါင်းစုံ ဒုက္ခဆင်းရဲတွေကို ကိုယ်ချင်းစာနာ နားလည်ကြောင်းပြောကြားခဲ့သလို မြန်မာပြည်သူတွေကို အတတ်နိုင်ဆုံးကူညီသွားမယ်လို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက ဘယ်ဒေသက ဘယ်လို ပြည်သူတွေကို အဓိက ထား ကူညီမယ် ဆိုတာနဲ့ အဲဒီအဖွဲ့က အကူအညီတွေ မြန်မာနိုင်ငံကိုဘယ်အချိန်မှာ ရောက်ရှိလာမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာမရှိသေးပါဘူး။
စစ်ကောင်စီက ဖမ်းသွားတဲ့ ဒေသခံ တစ်ဒါဇင်ကျော်ထဲက ၈ ဦးရဲ့ ရုပ်အလောင်းပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, Kawlin Revolution KR
စစ်ကိုင်းတိုင်း ကောလင်း မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဇွန်လဆန်းပိုင်းအထိ ဝင်ရောက်စစ်ကြောင်းထိုးတာတွေ ရှိခဲ့ပြီး အဲဒီလို စစ်ကြောင်းထိုးရာမှာ ကျေးရွာ ဒေသခံ ၁၆ ဦးကို ဖမ်းဆီး သွားခဲ့တယ်လို့ Kawlin Revolution KR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း စစ်ကြောင်းထိုးခံရတဲ့ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်ကနေ ဖမ်းဆီးခံရသူ တစ်ဒါဇင်ကျော်ရှိခဲ့ပြီး အဲဒီထဲကနေ ၅ ဦးပြန်လည်လွတ်မြောက်လာသလို ၈ ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်သူတွေကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"ကောလင်း၊ ကျွန်းလှဘက်က ရွာတွေ စစ်ကြောင်းဝင်ခံရတာ ရှိသလို မီးရှို့ခံရတာတွေလည်း ရှိပါတယ်။ သေဆုံးလူဦးရေကိုတော့ ရုပ်အလောင်းတွေ တွေ့တာ ကလွဲပြီး တိတိကျကျ မပြောနိုင်သေးပါဘူး။ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲအခြေအနေမှာလည်း ရှိနေပါသေးတယ် " လို့ ကောလင်းက ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကောလင်းမြို့နယ်ထဲက ချပ်ကုန်း ၊ အင်းယား၊ ဘန်ဘွေးကုန်း၊ မုတ်ဝ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဖြစ်ပြီး တစ်ဆူတောင်အနီး သစ်တောထဲ နဲ့ တခြား နေရာတွေမှာ တော့ ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် ကျေးရွာဒေသခံ ၈ ဦးကို ရုပ်အလောင်းတွေအဖြစ် ပြန်လည်တွေ့ရှိရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ ဇွန် ၈ ရက် မွန်းလွဲပိုင်းထိ သီးသန့်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်မယ် အရင်နှစ်ကထက် ဝင်ရောက်ဖြေဆိုသူ ထက်ဝက်နီးပါး လျော့ကျ

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကိုမနက်ဖြန် ဇွန်လ ၉ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ထုတ်ပြန်မှာ ဖြစ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စာမေးပွဲအောင်စာရင်းတွေကိုတော့ သက်ဆိုင်ရာြမို့နယ်တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေနဲ့ စာစစ်ဌာတွေမှာ ကပ်ထားမှာဖြစ်ပြီး အွန်လိုင်းဝက်ဆိုက်ဖြစ်တဲ့ www.myanmarexam.org မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် ဝေးလံတဲ့ ဒေသတွေမှာရှိတဲ့ စာစစ်ဌာနတွေနဲ့ အင်တာနက်မရရှိတဲ့ ဒေသတွေအတွက် အောင်စာရင်းတွေကိုတော့ မြန်မာ့အသံ ရေဒီယိုအစီအစဉ်တွေကနေ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
၂၀၂၂- ၂၀၂၃ ခုနှစ် ပညာသင်နှစ် ၊မတ်လမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းမှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားအရေအတွက် တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာဝင်ရောက်ဖြေဆိုသူ ၃ သိန်းရှိခဲ့တာကြောင့် အခုနှစ်က အရင်နှစ်တွေထက် ဝင်ရောက် ဖြေဆိုသူ ထက်ဝက်နီးပါး လျော့ကျခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီ ၁၃ နှစ် ပြည့်ပြီ ရွေးကောက်ပွဲနိုင်အောင်လုပ်မယ်လို့ ဦးခင်ရီပြော

ဓာတ်ပုံ ရင်းမြစ်, အောင်ပိုင်မင်း
၂၀၁၀ ခုနှစ်က တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၁၃ နှစ် ပြည့် အခမ်းအနားကို ဒီကနေ့ ဇွန်လ ၈ ရက် က နေပြည်တော်က ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရအောင် လုပ်မယ်လို့ အခမ်းအနားမှာပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတင်အေး နဲ့ ကြံ့ခိုင်ရေးအစိုးရ ဝန်ကြီးဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
၁၉၉၃ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီးကို ၂၀၁၀ မှာ ပါတီအသွင်ပြောင်းခဲ့ပြီး ဇွန်လ ၈ ရက်မှာ ပါတီမှတ်ပုံတင် ကျခဲ့တာဖြစ်ပါတယ်။
အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ပြိုင်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ နေရာအများစု ရှုံးနိမ့် ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ပါတီဝင်ထောင်ဂဏန်းကျော်အထိ သတ်ဖြတ်ခံထားရပါတယ်။
နတ်သံကွင်း အပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်နေရာ ၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNU
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ ၃ လက်အောက်ခံပူးပေါင်းတပ်တွေဟာ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) ၊ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ် အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာ ၅ ခုကို တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ KNU က ဒီနေ့ ဇွန် ၈ ရက်မှာထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ လမ်းကြောင်းတွေ ဖြစ်တဲ့ တံတား ၃ စင်းကိုလည်း ဖျက်ဆီးခဲ့တယ်လို့ KNU ကရင်အမျိုးအသားအစည်းအရုံးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနဲ့ ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းတပ် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်း တို့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နတ်သံကွင်းတံတား၊ အုန်းနဲပင်နဲ့ နယွဲပင်ကြားရှိ တံတား အပါအဝင် သာစည်နဲ့ တာဆုံကြားရှိ တံတားတို့ ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်အောက်ခံ ပူးပေါင်း တပ်တွေ ဘက်က ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အသေအပျောက်စာရင်းနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်နဲ့ ၆ ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ခန့်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်တွေက စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေ အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ထဲမှာရှိတဲ့ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စတဲ့ ကျေးရွာတွေနဲ့ ကေအဲန်ယူ-မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ ကျေးရွာတွေက လူဦးရေ ၅၀၀၀ နီးပါး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ခင်ဦးမြို့နယ် က မြို့ပေါ် ထဲကို ဒီကနေ့ ဇွန်လ ၈ ရက် မနက် ၈ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေ အင်အား ၁၂၀ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ခင်ဦးဒေသခံတွေက ပြောကြပါတယ်။
ဒီကနေ့ မနက်အစောပိုင်းကတည်းက အင်အား အလုံးအရင်းနဲ့ ခင်ဦးမြို့ပေါ်ကို စတင် စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး မြို့ပေါ်မှာ လက်ရှိ အချိန်အထိ ဝင်ရောက်လှည့်လှည်နေတယ်လို့ သိရပါတယ်။
" ရွာတွေကို ဆိုရင်တော့ ဝင်တာနဲ့ တန်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တော့တာပဲ။ အခု မြို့ပေါ် ကို ဝင်တော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာမျိုးမရှိဘူး။ ဒီအတိုင်းဝင်ချလာတာ။ မနက် ၇ ခွဲ၈ နာရီလောက်ထဲက ဝင်လာတာ။ ခု ၉ ခွဲထိ ရှိနေတုန်းပဲ" လို့ ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို ဇွန်-၄ရက်နေ့ ညနေပိုင်းမှာ ၄ ကြိမ်မြောက် ဝင်ရောက် မီးရှို့ခဲ့ပြီး အိမ်ခြေ ၆၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်တွေက ၂၀၂၂ ခုနှစ်
ဇွန်လ ပထမအကြိမ် ၅၂ လုံး ၊ နိုဝင်ဘာလ မှာ ဒုတိယအကြိမ် အဖြစ် နေအိမ် ၇ လုံး ၊၂၀၂၃ ခုနှစ် မေလ မှာ တတိအကြိမ်၂၀၆ လုံးနဲ့ အခု ဇွန်လမှာ စတုတ္ထအကြိမ် မြောက် အဖြစ် အိမ် ၆၀ ဝန်းကျင် ဆုံးရှုံး ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်က လေးကြိမ်မြောက်မီးရှို့ခံရတာလည်း ဖြစ်ပါတယ်။
ဒီလ ဇွန်လ ၁ ရက်နေ့ကထဲက အခုချိန်အထိ စစ်ကောင်စီက ကျေးရွာ ဆယ်ရွာ ထက်မနည်းကို စစ်ကြောင်းထိုးနေတာကြောင့် ခင်ဦး ဒေသခံ သောင်းနဲ့ချီဟာ စစ်ကြောင်းထိုးလာရင် တိမ်းရှောင်သွားလိုက် စစ်ကြောင်းထွက်သွားတဲ့အခါ နေရပ်ပြန်လာလိုက်နဲ့ အကြိမ်ပေါင်း ၃ ကြိမ် ထက် မနည်း အခါခါ တိမ်းရှောင်လိုက် နေရပ်ပြန်လိုက်ပြုလုပ်နေကြရတာ လည်း ဖြစ်ပါတယ်။








