ဇွန် ၁၆ ရက်ထိပ်တန်းသတင်းများ-မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသခံတွေ တစ်လကျော်တဲ့အထိ အမိုးအကာအောက်မရောက်ကြသေး

ရေးသားခဲ့သည်။

ရွှေဝယ်ယူသူတွေကို စိစစ်ပြီးမှ ရောင်းချပေးမယ်လို့ မန္တလေးရွှေအသင်း ပြော

Gold

ဓာတ်ပုံ ရင်းမြစ်, MOI

မန္တလေးက ရွှေလုပ်ငန်းရှင် ၁၁ ဦးကို ခေါ်ယူမေးမြန်းတာတွေရှိနေ

ရွှေစျေးကျဆင်းပြီး ရွှေစျေးကွက်တည်ငြိမ်ဖို့အတွက် လက်ရှိမှာ ရွှေထုတ်ရောင်းဖို့အတွက် စီစဉ်နေ တယ်လို့ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒါပေမဲ့ ရွှေပိဿာချိန် ဘယ်လောက်ထုတ်ရောင်းပြီး ဝယ်ယူသူတစ်ဦးချင်းစီကို ဘယ်လောက်ပမာဏအထိအများဆုံးရောင်းချပေးမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ရွှေဝယ်ယူမယ့်သူတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ တင်ပြနိုင်မှသာ ရောင်းချပေး သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းဝင်တစ်ဉီးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ အခေါက်ရွှေစျေး တစ်ကျပ်သားကို ကျပ် သိန်းသုံးဆယ်ငါးသောင်း ( ၃၀၅၀၀၀၀) နဲ့ ဒီနေ့ ဇွန် ၁၆ ရက်မွန်းလွဲပိုင်းကစလို့ ရောင်းချပေးမယ်လို့ရွှေအသင်းက ကြေညာထားတာပါ။

ရွှေစျေးတည်ငြိမ်ဖို့အတွက် စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်တွေက ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး အသင်းသားတွေကလွဲလို့ မည်သူမဆိုဝယ်ယူနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒ့ါအပြင် ရွှေဝယ်ယူမယ့်သူတွေဟာ မန္တလေးရွှေလုပ်ငန်းရှင်များအသင်းရုံးကို မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းယူဆောင်လာကာ ဘဏ်တွေနဲ့ ချိတ်ဆက် ဝယ်ယူနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်ထက်မှာတော့ ရွှေစျေးနှုန်း တက်တိုင်း ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိပြီး လက်ရှိမှာလည်း အခေါက်ရွှေစျေးနှုန်း သိန်းသုံးဆယ်အထက်ရောက်ရှိခဲ့တာကြောင့် မန္တလေးက ရွှေလုပ်ငန်းရှင် ၁၁ ဉီးကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဇွန်လ ၁၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းဝင်တစ်ဉီးက ဘီဘီစီကို ပြောပါတယ်။

ဒေါ် အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ် ပြုလုပ်ကြဖို့ တိုက်တွန်း

Aung San Suu Kyi Birthday

ဓာတ်ပုံ ရင်းမြစ်, Social Media

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပန်းသပိတ် ပါဝင်ဆင်နွှဲကြဖို့ တော်လှန်ရေး အင်အားစုတွေဘက်က ထုတ်ပြန် ထားတာ တွေ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပန်းသပိတ်အနေနဲ့ ဘုရားပန်းအိုး အသစ်တင်တာ၊ အိမ်တွင်း၊ အိမ်ပြင် အိမ်ရှေ့တိုင်းမှာ ပန်းတွေ ထိုးစိုက်အလှဆင်တာ၊ ပန်းအလှတွေ ချိတ်ဆွဲကြတာ စတာတွေနဲ့ ဒီလှုပ်ရှားမှုမှာ ပြုလုပ် ပါဝင်နိုင်ပြီး Online ရော Offline ပါ ပန်းသပိတ် ကမ်ပိန်းကို ဆောင်ရွက်ကြမယ်လို့လည်း တိုက်တွန်းတာတွေရှိနေပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ အပြင်ထွက် လှုပ်ရှားသွားလာကြမယ့် ပြည်သူတွေအနေနဲ့လည်း လမ်းမှာ သွားရင်းလာရင်းနဲ့ ပန်းပန်တာ ၊ ရင်ဘတ်မှာ ပန်းထိုးတာတွေ စတာတွေနဲ့ ပန်းသပိတ်မှာ ပါဝင်နိုင်ပြ ပန်းအမျိုးအစားကို မကန့်သတ်ထားဘူးလို့ ဆိုပါတယ်။

ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တချို့ကလည်း ‘ခွန်အားဖြည့် မိငယ်’၊ ‘သွေးမုန်တိုင်း’၊ ‘အရေးကြီးပြီ’ အစရှိတဲ့ တော်လှန်ရေးသီချင်းတွေကို အွန်လိုင်းမှာ တီးခတ် သီဆိုဖို့အစီအစဥ်ရှိတယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး အဲဒီနောက် ကျရောက်ခဲ့တဲ့ ၇၆ နှစ်ပြည့်နဲ့ ၇၇ နှစ်ပြည့်မွေးနေ့တွေကိုလည်း အကျဥ်းထောင်တွင်းကနေ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က စစ်အာဏာသိမ်းမှုအောက် ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွေမှာ ပန်းသပိတ်တွေပြုလုပ်ပြီး ဆင်နွှဲပေးခဲ့ကြသလို စစ်တပ်က ပန်းသပိတ် မှာပါဝင်သူတွေကို လိုက်လံ ဖမ်းဆီးထောင်ချတာတွေရှိခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသခံတွေ တစ်လကျော်တဲ့အထိ အမိုးအကာမဲ့နေဆဲ၊ မိုးရွာရင် မိုးရေထဲညမအိပ်ရဘဲ ငုတ်တုတ်ထိုင်မိုးလင်းကြရ

Rakkhine State
Rakkhine State
Rakkhine State
Rakkhine State
Rakkhine State

မိုခါမုန်တိုင်းတိုက်ခဲ့တာ တစ်လကျော်အကြာမှာတော့ မုတ်သုန်ရာသီစတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်တိုက် ရှိလာနေတာပါ။

မိုးများတဲ့ဒေသတစ်ခုလည်းဖြစ်သလို အခုအခါ မုန်တိုင်းဒဏ်ကြောင့် အဆောက်အဦနဲ့နေအိမ်တွေ သိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ မူလတည်းက ဆင်းရဲကျပ်တည်းရှာတဲ့ရခိုင်ဒေသခံတွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်မဆောက်လုပ်နိုင်ကြသေးပါဘူး။

ပျက်စီးသွားတဲ့နေအိမ်တွေအစား မြေကြီးပေါ်မှာ တာပေါ်လင်စတွေနဲ့ တဲထိုးပြီးနေထိုင်နေကြရသူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေမှာတင် အများအပြားရှိနေကြတာဖြစ်ပါတယ်။

မုန်တိုင်းသင့်ရခိုင်ဒေသခံတွေ ပြန်လည်ထူထောင်ရေးအတွက် အနည်းငယ်သော အကူအညီကလွဲလို့ ထိရောက်တဲ့ အကူအညီကြီးကြီးမားမား မရကြသလို ဒေသတွင်း သစ်ဝါးနဲ့ တခြားအိမ်ဆောက်ပစ္စည်းတွေ ဈေးမြင့်တက်နေတာကြောင့် နေအိမ်တွေပြန်ဆောက်ဖို့ ငွေကြေးအခက်အခဲတွေနဲ့ကြုံနေကြရတာပါ။

ရခိုင်ပြည်နယ်အတွင်းနေထိုင်နေကြတဲ့ လူဦးရေအများစုဟာ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေဖြစ်ကြပြီး နေအိမ်တွေပြန်လည်ဆောက်လုပ်ပြုပြင်ခြင်းတွေမလုပ်နိုင်ကြသေးတဲ့အတွက် သူတို့ယာယီနေထိုင်နေကြတဲ့ တဲအိမ်တွေမှာ မိုးရွာလာလို့ရှိရင် ညမအိပ်ဘဲ ငုတ်တုတ်မိုးလင်းနေကြရတယ်လို့ ကာယကံရှင်တွေက ဘီဘီစီကိုပြောပါတယ်။

တချို့မိသားစုတွေကတော့ အဝတ်အစားဝတ်ဖို့တောင် မရှိလို့ အတော်လေးအခက်တွေ့နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီး တိုးတက်မှုရှိတယ်လို့ပြောဆိုပေမဲ့ မြေပြင်အခြေအနေမှာတော့ အစိုးရဆီကပေးတဲ့ ဆန် ၄ ပြည်ကလွဲပြီး အရပ်သားဒေသခံတွေ ဘာအကူအညီမှရကြဘူးလို့ပြောနေပါတယ်။

နိုင်ငံတကာကအကူအညီပေးရေး ပစ္စည်းတွေရောက်ရှိနေပြီး စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသလို့ ရခိုင်ပြည်နယ်ကိုကြေညာခဲ့ကာစစ်ဗိုလ်ချုပ်တစ်ဦးစီကို စေလွှတ်ပြီးပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ ဆိုထားပေမဲ့ မြေပြင်မှာတော့ အကူအညီတွေ ကန့်သတ်ဆိုင်းငံ့ခံနေရတယ်လို့ ကုလသမဂ္ဂဘက်က ပြောနေပါတယ်။

ဒါနဲ့ပတ်သက်လို့ အကြောင်းရင်းကိုသိရှိနိုင်ဖို့နဲ့ မြေပြင်မှာ အကူအညီပေးရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းထံဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။