အီရန်ကို ပါကစ္စတန် တုံ့ပြန်ပစ်ခတ်- ဇန်နဝါရီ ၁၈ နိုင်ငံတကာ သတင်းများ

pakistan, iran

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်ရွာထဲ ကျတဲ့ ပါကစ္စတန် ပစ်ခတ်မှု
ရေးသားခဲ့သည်။

ပါကစ္စတန်မြေပေါ်ကို အီရန်တိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာပဲ အီရန်နယ်စပ်က အကြမ်းဖက် ခိုအောင်းရာဆိုတဲ့ နေရာတွေကို ပါကစ္စတန်ဘက်က တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

စစ္စတန် ဘလူချီစတန် ပြည်နယ်အတွင်း သေချာ ချိန်ရွယ် ဆောင်ရွက်တဲ့ စစ်ဆင်ရေးတွေ အတွင်း လူအတော်များများ သေဆုံးကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီအပတ် စောစောပိုင်းကလည်း အီရန်က အလားတူ စကားမျိုး သုံးပြီး ပါကစ္စတန်ထဲက ဘလူချီစတန်နယ်က ဂျိတ်ရှ် အယ်လ်အဒဲလ်အုပ်စုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

တဖက်နဲ့ တဖက် တိုက်ခိုက်မှုတွေအတွင်း ကလေးတွေကို သတ်ဖြတ်တယ်လို့လည်း စွပ်စွဲကြပါတယ်။

ပြည်ပခရီးရောက်နေကြတဲ့ ပါကစ္စတန် ယာယီ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့လည်း နိုင်ငံကို လှည့်ပြန်နေကြပြီ ဖြစ်ပါတယ်။

ဂါဇာအကြောင်း အစ္စရေးသမ္မတ ပြောဆို

israel

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငယ်ဆုံး ဓားစာခံကလေးပုံ ဘေးထား စကားပြော

ဂါဇာကို ပို့တဲ့ အရေးပေါ် ဆေးဝါးတွေကို ဟားမတ်စ်ဖမ်းထားတဲ့ ဓားစာခံတွေဆီ ရောက်ဖို့ ဆုတောင်းနေကြောင်း အစ္စရေး သမ္မတ အိုက်ဆက် ဟာဇော့က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလကတည်းက ဟားမတ်စ်တွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူတရာကျော်ထဲက အငယ်ဆုံးကလေးရဲ့ ပုံကို ဘေးထားပြီး ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ မစ္စတာ ဟာဇော့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂါဇာက ပါလက်စတိုင်းတွေအတွက် ပို့တဲ့ ဆေးဝါးနဲ့ လူမှုကူညီရေးပစ္စည်းတွေ နယ်မြေထဲကို ဝင်သွားပြီလို့လည်း ကာတာက ပြောပါတယ်။

ကာတာနဲ့ ပြင်သစ် ကြားဝင် ညှိနှိုင်းမှုနဲ့ အစ္စရေးနဲ့ ဟားမတ်စ်ကြား ရခဲ့တဲ့ သဘောတူညီမှု အရ ပထမဆုံး ရောက်လာတဲ့ အကူအညီတွေလည်း ဖြစ်ပါတယ်။

ဟူသီကို အမေရိကန် လေးကြိမ်မြောက် တိုက်ခိုက်

houthi

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပစ်မှတ်ကို ချိန်ပြီး ဒုံးကျည် ၁၄ လုံး ပစ်ခဲ့

ယီမင်က ဟူသီသူပုန်တွေကို အမေရိကန်က စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ပစ်မှတ်ကို ချိန်ပြီး ဒုံးကျည် ၁၄ လုံး ပစ်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ပြောပါတယ်။

ပင်လယ်နီက သင်္ဘောတွေကို တိုက်ခိုက်မှုအတွက် ရည်ရွယ် ပစ်ခတ်တာလို့လည်း ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က အမေရိကန်ပိုင် ကုန်သွယ်ရေး သင်္ဘောတစီး ဟူသီထိန်းချုပ်တဲ့ နယ်မြေက လာတဲ့ ဒရုန်းထိမှန်ပြီးနောက် ဒီစစ်ဆင်ရေးကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ထောက်ခံပေးထားတဲ့ ဟူသီတွေကို ကမ္ဘာ့အကြမ်းဖက် စာရင်း ပြန်ထည့်လိုက်ပြီလို့လည်း အမေရိကန်က ကြေညာခဲ့ပါတယ်။

ဂါဇာက အစ္စရေး စစ်ဆင်ရေးကို လက်တုံ့ပြန်တာဆိုပြီး နို၀င်ဘာလကစလို့ ကုန်သွယ်ရေး သင်္ဘောတွေကို ဟူသီတိုက်ခိုက်မှု စခဲ့ပါတယ်။

ထိုင်းဘုရင်ကို ဝေဖန်လို့ ထောင် နှစ် ၅ဝ ချ

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင်ကို မဝေဖန်ရတဲ့ ဥပဒေကို ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို စော်ကားမှုနဲ့ အမျိုးသားတယောက်ကို ထောင်ဒဏ် အနှစ် ၅၀ ချမှတ်ခဲ့ပါတယ်။

ဒီလိုပြစ်ဒဏ်ပေးတဲ့အထဲမှာ ဒါဟာ နှစ်အရှည်ဆုံး ထောင်ဒဏ်လို့ ယူဆရပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူ မုန်ကိုး သီရာကော့ ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မှတ်ချက်ရေးသားမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သူကို အစပိုင်းမှာ ထောင် ၂၈ နှစ်ချခဲ့ပေမဲ့ နောက်အဆင့်မြင့်တရားရုံးက နောက်ထပ်စွဲချက်တွေ တင်ပြီး သူ့ထောင်ဒဏ်ကို တိုးမြှင့်ခဲ့ပါတယ်။

ဘုရင် မဟာဝချီရာလောင်ကွန်ကို ဝေဖန်တာတွေ မလုပ်ဖို့ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ တားမြစ်ထားတဲ့ ထိုင်းနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း လူရာနဲ့ချီပြီး ဒီဥပဒေတွေနဲ့ အပြစ်ပေးခံခဲ့ရပါတယ်။

ဂျပန်စာပေဆု အေအိုင်ဖြည့်စွက် ရေးသူရရှိ

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝတ္ထုရဲ့ ငါးရာခိုင်နှုန်းကို ChatGPT အကူအညီနဲ့ ရေး

ဂျပန်နိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ စာပေဆုတဆုကို အေအိုင်ခေါ် ဉာဏ်ရည်တု နည်းပညာ တစိတ်တပိုင်းသုံးပြီး ရေးထားတဲ့ စာအုပ်တအုပ်က ရသွားလို့ စာပေဝေဖန်ရေးသမားတွေကြား ကွဲပြားကုန်ကြပါတယ်။

အကြင်နာ မျှော်စင်ဆိုတဲ့ ဝတ္ထုရဲ့ ငါးရာခိုင်နှုန်းကို ChatGPT အကူအညီနဲ့ ရေးကြောင်း စာရေးဆရာမ ရေးကူဒန်က ပြောပါတယ်။

အေအိုင်က သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကို တက်ကုန်ဖွင့် ကူညီပေးတယ်လို့လည်း ဆိုပါတယ်။

ဒီဝတ္ထုဟာ ယေဘုယျအားဖြင့် ဖတ်ပျော်ဖွယ်ဖြစ်ကြောင်း အကူတာ ဂါဝါ ဆု ရွေးချယ်ရေး အဖွဲ့က ချီးကျူးခဲ့ပါတယ်။

တဖက်မှာတော့ စာရေးဆရာမအနေနဲ့ ဒီဆုနဲ့ တကယ်ထိုက်တန်လားဆိုတာကို မေးခွန်းထုတ်သူတွေလည်း ရှိကြပါတယ်။