ဇူလိုင် ၁၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တရုတ်စိုးရိမ်ချက်ကြောင့် ကိုးကန့်တပ် လေးရက်ကြာ အပစ်ရပ်မယ်

တရုတ်စိုးရိမ်ချက်ကြောင့် ကိုးကန့်တပ် လေးရက်ကြာ အပစ်ရပ်မယ်

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ကွမ်းလုံကို သိမ်းပိုက်ပြီးနောက် MNDAA တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပဖို့ရှိနေလို့ ဒီနေ့ ဇူလိုင် ၁၄ ရက်ကစလို့ လာမယ့် ၁၈ ရက်အထိ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။

တရုတ်လိုရေးသားထားတဲ့ ထုတ်ပြန်ချက်အရ တရုတ်ရဲ့ စိုးရိမ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ကြေညာတာဖြစ်ပြီး ဒီနေ့ည သန်းခေါင်ယံက စတင်မယ့် အပစ်ရပ်မှုကို တပ်ဖွဲ့ဝင်အားလုံးလိုက်နာရမယ်လို့ ဆိုပါတယ်။

ဘယ်နေရာတွေမှာ အပစ်ရပ်မယ်ဆိုတာ မပြောထားတာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ကိုးကန့်တပ် (MNDAA) က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေတာကြောင့် အဲဒီတဝိုက်လေးရက်ကြာ အပစ်ရပ်မယ့် သဘောလို့ နားလည်ရပါတယ်။

ဒါပေမဲ့ ဒီနေ့မနက်ပိုင်းမှာတော့ လားရှိုးမြို့ အရှေ့မြောက်ဘက် ဝင်ပေါက်မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၅၀၇ ခြေမြန်တပ်ရင်းတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်တာ ရက်ပေါင်း ၂၀ ရှိလာပြီဖြစ်ပြီး လားရှိုးတကြောမှာ ကိုးကန့်တပ် MNDAA ၊ မိုးကုတ် - နောင်ချို - သီပေါ တဝိုက်မှာ တအာင်းတပ်(TNLA)နဲ့ မတ္တရာ - စဉ့်ကူးတကြောမှာ ပြည်သူ့ကာကွယ်ရေးတပ်(မန္တလေး) MDY PDF တို့က ဦးဆောင်ပြီး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။

၂ ပတ်အတွင်း လားရှိုးမြို့မှာ သေဆုံးသူ ၂၆ ဦး အထိရှိလာ

ဇူလိုင် ၁၂ ရက်နေ့က ဒဏ်ရာရထားသူ လားရှိုးမြို့ခံတစ်ဦးကို လူနာတင်ယာဥ်ပေါ်ကို တင်ဆောင်နေ

ဓာတ်ပုံ ရင်းမြစ်, ပေးသောလက် ပရဟိတအဖွဲ့

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၂ ရက်နေ့က ဒဏ်ရာရထားသူ လားရှိုးမြို့ခံတစ်ဦးကို လူနာတင်ယာဥ်ပေါ်ကို တင်ဆောင်နေ

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ သီတင်း ၂ ပတ်အတွင်း လားရှိုးမြို့ခံ ၂၆ ဦးသေဆုံးပြီး နောက်ထပ် လူပေါင်း ၄၀ ကျော် ဒဏ်ရာရထားလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း လားရှိုးမြို့အဝင် အေတီ ၄၁ တပ်ဦး ဘုန်းကြီးကျောင်းနားကို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး သံဃာတစ်ပါး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲက မိုးလင်းကတည်းက စဖြစ်တာ မိုးချုပ်တဲ့အထိပဲ။ မနေ့က ရပ်ကွက် (၅) မန်အိုင်ကုန်းဘက်မှာ သေဆုံးတဲ့ အလောင်းသွားကောက်တာ။ တိုက်ပွဲပြင်းလို့ ကောက်လို့မရခဲ့ဘူး။ ဒဏ်ရာရနေတဲ့ သူကိုပဲ ကယ်နိုင်ခဲ့တယ်လို့” မြို့ခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရတဲ့ သူတွေကို လူမှုကူညီရေးအသင်းတွေက လားရှိုးမြို့ဆေးရုံကို ပိုဆောင်ပေးနေတယ်လို့ လည်း သိရပါတယ်။

ဒီနေ့ မနက်ပိုင်းထဲကစပြီး လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက် မန်အိုင်ကုန်းဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၅၀၇ နဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ကောင်စီဘက်ကတော့ လားရှိုးမြို့ထဲကို လုံခြုံရေးတိုးမြှင့်ထားပြီး ကင်းပုန်းဝတ်တာနဲ့ တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက် နေရာချထားတာတွေ လုပ်နေတယ်လို့လည်း လားရှိုးမြို့ခံတွေက ပြောပါတယ်။

တရားမဝင်လက်နက်ရောင်းဝယ်တာကို တားမြစ်ထားတယ်လို့ RCSS ပြော

တရားမဝင်လက်နက်ရောင်းဝယ်တာကို တားမြစ်ထားတယ်လို့ RCSS ပြော

ဓာတ်ပုံ ရင်းမြစ်, Tai Freedom

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA အနေနဲ့ တရားမဝင်လက်နက်ခဲယမ်းရောင်းဝယ်တာ ကို အဖွဲ့အစည်းအတွင်းမှာ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အကြောင်း ဒီနေ့ ဇူလိုင် (၁၄) ရက်မှာ ထုတ်ပြန်လာပါတယ်။

ဒါဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီးက နားရိုင်းကျေးရွာလမ်းခွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထုတ် လက်နက်တွေနဲ့အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင် (၅) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ RCSS ဘက်က တုံ့ပြန်လိုက်တာပါ။

မနေ့ ဇူလိုင် (၁၃)ရက် သတင်းစာမှာက အခုလိုဖမ်းဆီးရမိတဲ့အကြောင်းထုတ်ပြန်ခဲ့ပြီး ဒီကနေ့မှာတော့ RCSS ဘက်က ဒီတပ်ဖွဲ့ဝင် (၅) ဦးဟာ ခွင့်ယူထားတဲ့ကာလအတွင်း စည်းကမ်းချိုးဖောက်ပြီး သူတို့သဘောဆန္ဒ အတိုင်းသာ လက်နက်ရောင်းဝယ်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ RCSS တပ်မဟာ (၇၅၉) က စုမှူးအဆင့်ရှိသူနဲ့ တပ်သား (၄) ဦးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သူတို့ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်ဆီကနေ KIA ထုတ် လက်နက်တွေဖြစ်တဲ့ KA (၄၀ မမ တွဲ)၅ လက် ၊ ၄၀ မမဆုံလည် (၆ လုံးတွဲ) ၅ လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခုနဲ့ လွယ်ကြိုး ၁၅ ချောင်း တို့ကို နားရိုင်းကျေးရွာလမ်းခွဲမှာ လက်လွှဲရယူခဲ့တာပါ။

နားရိုင်းကျေးရွာမှာ စစ်ကောင်စီဖမ်းဆီးရမိခဲ့တဲ့ အဲဒီလက်နက်တွေဟာ ကယားပြည်နယ်အတွင်းမှာ လှုပ်ရှားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပြင် ကယား - ကရင် အစပ်မှာလှုပ်ရှားနေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စတဲ့အဖွဲ့တွေဆီကို ပို့ဆောင်ပေးမှာလို့ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ KIA၊ PNLA ၊ KNPP ၊ KNDF နဲ့ KNLA စတဲ့ တပ်ဖွဲ့အသီးသီးကတော့ ဒီနေ့ညနေပိုင်းအထိ တစုံတရာတုံ့ပြန်လာတာမတွေ့ရသေးပါဘူး။

အမပူရမြို့နယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တာပေါက်လို့ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ

အမပူရမြို့နယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တာပေါက်လို့ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးက ယက်ကန်းတော်ရွာမှာရှိတဲ့ စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဒီနေ့ ဇူလိုင် ၁၄ ရက်မနက်ပိုင်းမှာ တာပေါက်ပြီး မြစ်ရေ ဝင်ရောက် ခဲ့တာကြောင့် အလုပ်သမား ၇ ဦး ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲဒီ လုပ်ငန်းခွင်ဟာ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာမှာ ပါဝင်ပြီး ရေဆိုးထုတ်ပြွန် တည်ဆောက်ရေးလုပ်နေချိန် သဲနဲ့ကာရံထားတဲ့တာကနေ ရေဝင်ခဲ့တာကြောင့် အလုပ်လုပ်နေတဲ့ အလုပ်သမား အမျိုးသား ၁၀ ဦးထဲက ၇ ဦး ရေထဲမှာ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

လုပ်ငန်းခွင်ဟာ သဲဖို့မြေဖြစ်ပြီး မြစ်ရေလည်း ဝင်ရောက်လာတာကြောင့် ရှာဖွေရာမှာ အခက်အခဲတချို့ ရှိနေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရှာမတွေ့သေးပါဘူး။ လောလောဆယ်တော့ ရေစုပ်ထုတ်ဖို့ လုပ်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါဟာ လုပ်ငန်းခွင်သီးသန့်တာကျိုးပေါက်တာဖြစ်ပြီး ယက်ကန်းတော်ရွာက လူနေအိမ်တွေဘက်တော့ ရေဝင်ရောက်တာမရှိဘူးလို့ ဆိုပါတယ်။

အမပူရမြို့နယ်က ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကျေးရွာအချို့မှာတော့ ရေဝင်ရောက်တာရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးရတဲ့ အခြေအနေတော့မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရေဆက်တိုက်မြင့်တက်နေပြီး နိုင်ငံတဝန်းက မြို့နယ်ဒါဇင်နဲ့ချီမှာ မြစ်ရေစိုးရိမ်ရေမှတ်မှာရှိနေကာ အချို့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်တဲ့အခြေအနေကြုံတွေ့နေရ ပါတယ်။

ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ ၅ ပေခွဲအထိ မြင့်တက်နေ

မင်းဘူးမြို့ရေဘေးသင့်ပြည်သူတွေကို ပြောင်းရွှေ့‌ပေးနေ

ဓာတ်ပုံ ရင်းမြစ်, အလင်းရောင် ပရဟိတလူမှုကူညီရေးအဖွဲ့ မင်းဘူးမြို့

ဓာတ်ပုံ ပုံစာ, မင်းဘူးမြို့ရေဘေးသင့်ပြည်သူတွေကို ပြောင်းရွှေ့‌ပေးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၅ ပေခွဲအထိ မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက က ဒီကနေ့ ဇူလိုင် ၁၃ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ညောင်ဦးစျေးရဲ့မြောက်ဘက်အခြမ်းကို ရေဝင်တာရှိသလို စစ်ကောင်စီရဲစခန်းရှိရာ ညောင်ဦးမြို့လယ် လမ်းမကြီးအထိ ရေတက်လာလို့ လမ်းသွားလို့ မရတော့ဘူးလို့လည်း ‌‌ညောင်ဦး‌ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီမြစ်လယ်မှာရှိတဲ့ ကျွန်းသီရိရွာဘက်မှာတော့ ရေ ၅ ပေ‌ကျော်အထိ တက်နေလို့ တိရိစ္ဆာန်တွေကို ရွှေ့ပြောင်းဖို့လုပ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“မနှစ်က ရေက ရွာထဲကို ဝင်တယ်ဆိုရုံပဲဘ။ ဝင်တာ ဒီနှစ် ကျွန်တော့် လည်ပင်းအထိ ရေ ရောက်တယ်” လို့ ကျွန်းသီရိရွာသား တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မကွေးတိုင်း မင်းဘူးမြို့မှာလည်း ဧရာဝတီမြစ်ရေတက်လို့ ဒေသခံတွေကို ရွှေ့ပြောင်းပေးနေရတယ်လို့ လူ့မှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့မှာ စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲ၊ မြင်းမူမြို့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေ ကျော်မြင့်တက် နေတယ်လို့လည်း မိုးဇလ က ပြောပါတယ်။

ဒါအပြင် ချင်းတွင်းမြစ်ရေဟာလည်း မော်လိုက်နဲ့ ဖောင်းပြင်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ၇ ပေခွဲ ထိမြင့်တက်နေပြီး ကလေးဝမြို့မှာ ၆ ပေနဲ့ မင်းကင်းမြို့ မှာ ၅ ပေခွဲ အထိ မြင့်တက်နေတယ်လို့လည်း စစ်ကောင်စီ မိုးဇလက ထုတ်ပြန်ပါတယ်။

လောက်ကိုင်မြို့က နေရာ ၂ ခုကို စစ်တပ်က ဒီနေ့မနက် အစောပိုင်းမှာ ဗုံးကြဲ

ဗုံးကြံမှုမှာ ပျက်စီးတဲ့ အပျက်အစိးတွေလို့ မြို့ခံတွေက ပြောနေကြ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဗုံးကြံမှုမှာ ပျက်စီးတဲ့ အပျက်အစိးတွေလို့ မြို့ခံတွေက ပြောနေကြ

ကိုးကန့်တပ် (MNDAA) အုပ်ချုပ်နေတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ မနက် အစောပိုင်းမှာ ဗုံးနှစ်လုံးကြဲသွားတယ်လို့ ဒေသခံတွေဆီကနေ ဘီဘီစီက သိရပါတယ်။

စစ်ကောင်စီတပ်က လောက်ကိုင်မှာရှိတဲ့ တုံချိန်ရပ်ကွက်ကို ဒီနေ့ အစောပိုင်း ၂ နာရီကျော်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး တစ်လုံးက ဖူလီလိုက် ဟိုတယ်အနီးနဲ့ နောက်တစ်လုံးက ဟွမ်ကြားလီဟွာ ဟိုတယ်ဝင်းထဲ ကျခဲ့တာလို့သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ရဲ့ ဒီနေ့ မနက်ပိုင်းအထိ လေယာဥ်တွေ ဝဲပျံ ကင်းလှည့်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လူမှုကွန်ရက် ရုပ်သံတွေမှာတော့ အဲဟိုတယ်ဝင်းတွေထဲ အပျက်အစီးတွေမြင်တွေ့ရပြီး ထိခိုက်သေဆုံးသူ ရှိ မရှိကိုတော့ မသိရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာတော့ မြို့ အရှေ့မြောက်ဘက် ဝင်ပေါက်မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၅၀၇ ခြေမြန်တပ်ရင်း(ခမရ)နဲ့ ကိုးကန့်တပ်(MNDAA) တို့ ဒီနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

မြန်မာစစ်တပ် လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေပါဝင်နေလားဆိုတာကို ထိုင်းအာဏာပိုင်တွေ စုံစမ်းဖော်ထုတ်မယ်

မြန်မာစစ်တပ် လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေပါဝင်နေလားဆိုတာကို ထိုင်းအာဏာပိုင်တွေ စုံစမ်း ဖော်ထုတ်မယ်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်တုန်းက တပ်မတော် (ကြည်း) (လေ)၊ အမြောက်နဲ့ သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း မြင်ကွင်း

စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဝယ်ယူရေးမှာ ထိုင်းနိုင်ငံဘဏ်တချို့ကို ကြားခံ ချိတ်ဆက်ပေးတဲ့ဘဏ်တွေအဖြစ်အသုံးပြုနေတယ်လို့ ဆိုတဲ့ ကုလအထူးကိုယ်စားလှယ်အစီရင်ခံစာပါ အချက်နဲ့ ပတ်သတ်ပြီး ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးက စုံစမ်းဖို့ ရှိနေပါတယ်။

ဒါဟာ ဇူလိုင် ၁၂ ရက်နေ့တုန်းက ထိုင်းလွှတ်တော်မှာပြုလုပ်ခဲ့တဲ့အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေးကြောင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုရလဒ်တွေကို တစ်လအတွင်း အဲဒီကော်မတီကို အစီရင်ခံစာတင်ပြရမှာလည်းဖြစ်ပါတယ်။

ဒီလိုစုံစမ်းဖော်ထုတ်မှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ထိုင်းနိုင်ငံဟာ မြန်မာပြည်သူတွေအပေါ် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်နေတဲ့အပေါ် ပံ့ပိုးကူညီတာမျိုးမရှိဘဲ လူ့အခွင့်အရေးမြှင့်တင်ဖို့ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း လိုက်နာဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ တစ်ပတ်စာထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်တုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ “သေမင်းတမန်ကုန်သွယ်မှုက ဘဏ်လုပ်ငန်းတွေ” လို့ သုံးနှုန်းထားတဲ့ အစီရင်ခံစာသစ် ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုစုံစမ်းမှုတွေပေါ်ပေါက်လာတာပါ။

အစီရင်ခံစာအရ စစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဝယ်ယူရေးမှာ ထိုင်းဘဏ်တချို့က ကြားခံချိတ်ဆက်ပေးတဲ့ဘဏ်တွေအဖြစ် နေရာယူလာတယ်လို့ ဖော်ပြထားပြီး Siam Commercial Bank က အများဆုံးလို့ ဆိုပါတယ်။

ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းကရော သက်ဆိုင်ရာဘဏ်တွေကပါ မြန်မာက ဘယ်စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကိုမှ လက်နက်ဝယ်ယူနိုင်ရေး ထောက်ပံ့တာမျိုးမရှိဘူးလို့ ရက်ပိုင်းအတွင်းမှာပဲ ကြေညာချက် အသီးသီးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေပြုလုပ်လာတယ်လို့ KNU ပြော

စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေပြုလုပ်လာတယ်လို့ KNU ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကရင်စစ်ဘေးရှောင်တွေ (ပုံဟောင်း)

စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ပထမခြောက်လတာအတွင်း တိုက်ခိုက်မှုတွေမှာ လေကြောင်းတိုက်ခိုက်တာအပြင် ဒရုန်း အသုံးပြု တိုက်ခိုက်တာတွေပါ ပြုလုပ်လာတယ်လို့

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လူ့အခွင့်အရေးချိုးဖောက် မှု စာရင်းချုပ်မှာ ဖော်ပြပါတယ်။

ပြည်သူတွေကို ဒရုန်းနဲ့ ၁၀၆ ကြိမ် တိုက်ခိုက်ခဲ့သလို လေကြောင်းနဲ့တိုက်ခိုက်မှု အကြိမ်ရေ ၈၅၀ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၁,၂၄၉ ကြိမ်၊ သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်မှု ၁၁ ကြိမ်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း နှစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့တယ်လို့ KNU ရဲ့ သတင်းနဲ့ပြန်ကြားရေးဗဟိုရဲ့ မှတ်တမ်းအချက် အလက်တွေအရ သိရပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် အရပ်သား ၁၃၄ ဦးသေဆုံးခဲ့ပြီး အယောက် ၅၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါအပြင် ၉၆ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းပျက်စီး ဆုံးရှုံးတာတွေလည်းရှိတယ်လို့ KNU က ဖော်ပြပါတယ်။

ခြောက်လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲငယ်ပေါင်း ၁၈၀၀ ကျော်ဖြစ်ခဲ့သလို စစ်ကောင်စီတပ်သား ၂,၀၀၀ နီးပါးသေဆုံးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း အခုတိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိပါဘူး။

လားရှိုးမှာ ခမရ ၅၀၇ တပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်နေ

၁၀၂၇ အစပိုင်းမှာတွေ့ရတဲ့ MNDAA တပ်ဖွဲ့ ခေါင်းဆောင်တွေ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ၁၀၂၇ အစပိုင်းမှာတွေ့ရတဲ့ MNDAA တပ်ဖွဲ့ ခေါင်းဆောင်တွေ

လားရှိုးမြို့ အရှေ့မြောက်ဘက် ဝင်ပေါက်မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၅၀၇ ခြေမြန်တပ်ရင်း(ခမရ)နဲ့ ကိုးကန့်တပ်(MNDAA) တို့ ဒီနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

MMDAA နဲ့ ခမရ ၅၀၇ တို့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ တန့်ယန်းနဲ့ မိုင်းရယ်မြို့တွေဘက် စပ်နေတဲ့ နေရာဖြစ်တယ်လို့လည်း ပြောပါတယ်။

လားရှိုးမြို့ အရှေ့ဘက်ဝင်ပေါက် အေတီတံတားနားမှာရှိတဲ့ စစ်ကောင်စီ ခလရ ၆၈ တပ်ကိုလည်း MNDAA က ထိုးစစ်ဆင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

“ပြည်ထောင်စုလမ်းကြီး သိန္ဒီဝင်ပေါက်ပေါ့ ခလရ ၆၈ က မြို့စောင့်တပ်လို့ပြောလို့ရတယ်။ အဲဒီကနေ ဆက်သွားရင် လားရှိုးအကျဥ်းထောင်အထိ တန်းပေါက်တယ်” လို့ လားရှိုးမြို့ခံတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

လားရှိုးမြို့ထဲမှာ ပိတ်မိနေတဲ့ မိသားစုတွေကို ပြန်ဝင်ခေါ်ချင်တဲ့ လူတွေလည်း မြို့ထဲကို ပြန်ဝင်လို့ မရဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ကိုးကန့်တပ်(MNDAA) ဟာ လားရှိုးမြို့ဝင်ပေါက်တွေအားလုံးကို ပိတ်ဆိုထိုးစစ်ဆင်နေတာလို့လည်း မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လားရှိုးလေဆိပ်နားမှာတော့ စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အပြင် ဆက်သွယ်ရေးတပ်တွေနဲ့ သံချပ်ကာတပ်ရင်းတွေပါ ရှိပါတယ်။

တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေကို ဖမ်းဆီးပေးလို့ ကျေးဇူးတင်ကြောင်း ထိုင်းကို စစ်ကောင်စီပြော

တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှုတွေကို ဖမ်းဆီးပေးလို့ ကျေးဇူးတင်ကြောင်း ထိုင်းကို စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, MOFA (Myanmar)

တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ဖောက်ကားမှုတွေ၊ လူကုန်ကူးမှုတွေ၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ ထိုင်းနိုင်ငံက မြန်မာနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာကို ကျေးဇူးတင်အသိအမှတ်ပြုတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန် နဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပခဲ့တဲ့ ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံချိန်မှာ အခုလို ပြောခဲ့တာပါ။

အခုလပိုင်းတွေထဲ နယ်စပ်ဒေသတွေမှာ မြန်မာဘက်ကိုတင်ပို့မယ့် လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေဆက်တိုက်ရှိနေတာကို ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ တွေ့ရပါတယ်။

ဒီလိုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်မယ်လို့ဆိုပြီး ဘင်းမ်စတက်နဲ့ မဲခေါင် - လန်ချား ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေအောက်မှာ ပိုပြီးနီးနီးကပ်ကပ်ဆောင်ရွက်မယ့်ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့တာလို့ ဒီကနေ့ ဇူလိုင် ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ‌ဖော်ပြပါတယ်။

ထိုင်း - မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၁၁ ရက်နေ့မှာ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပြီး နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော်ကုန်သွယ်တဲ့ မှုခင်းတွေအကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

ဘင်းမ်စတက်အစည်းအဝေးကာလအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးနဲ့ တွေ့ဆုံချိန် နယ်စပ်လုံခြုံရေးကိစ္စဆွေးနွေးသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ချိန်မှာလည်း နှစ်နိုင်ငံကုန်သည်ကြီးများအသင်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။