အောက်တိုဘာလ ၂၉ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

သီရိလင်္ကာက သူတို့နိုင်ငံပိုင် ရေပြင်အတွင်းမှာ တရုတ်သင်္ဘောတစီးကို အဏ္ဏဝါ သုတေသန အတွက် ခွင့်ပြုမယ်လို့ ပြောပါတယ်။

အိန္ဒိယက အဲဒီသင်္ဘောဟာ စပိုင် သင်္ဘော ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေပေမယ့် သီရိ လင်္ကာကတော့ အဲဒီ တရုတ်သင်္ဘောကို ခွင့်ပြုလိုက်ပါတယ်။

ဒီသင်္ဘောဟာ တနင်းလာနေ့က စပြီး သူတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ၄၈ နာရီကြာ သုတေသန လုပ်ငန်းတွေ လုပ်သွားမယ်လို့ သီရိလင်္ကာ အစိုးရ ပြောခွင့်ရသူ တယောက်က ပြောပါတယ်။

တရုတ်က ဒီသင်္ဘောဟာ သိပ္ပံဆိုင်ရာ သုတေသန သင်္ဘောဖြစ်ပြီး သမုဒ္ဒရာဆိုင်ရာ၊ ဘူမိဗေဒဆိုင်ရာ စမ်းသပ်မှုတွေကို သင်္ဘောပါ အဖွဲ့သား အယောက် ၆၀ က လုပ်ဆောင် သွားမှာလို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ တင်နိုင်တယ်လို့ သီရိလင်္ကာက ခွင့်ပြုခဲ့ပြီးတဲနောက် ဗုဒ္ဓဟူးနေ့ကတည်းက ကိုလံဘီယာက ဆိပ်ကမ်းတခုမှာ ဆိုက်ကပ်ထားတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ကလည်း အာကာသယာဉ်တွေကို စောင့်ကြည့်လေ့လာတဲ့ တရုတ် သုတေသန သင်္ဘောတစီး သီရိလင်္ကာမှာ ဆိုက်ကပ်ခဲ့တဲ့အတွက် အိန္ဒိယတို့က စိုးရိမ် ကြောင်း ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။

ရိက္ခာ အကူအညီ ဂိုဒေါင်တွေကို ပါလက်စတိုင်းတို့ ဝင်ရောက်လု

ဂါဇာမှာ အရပ်သား တွေကို စည်းမျဉ်း ထိန်းသိမ်းနိုင်မှု မရှိတော့ပဲ စတင်ပျက်ယွင်း လာနေပြီလို့ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (UNRWA - အန်ရာ)ကသတိပေး ပါတယ်။

ဂျုံတွေ၊ အခြေခံအစားအစာတွေကို သိုလှောင်ထားတဲ့ ဂိုဒေါင်ရုံတွေကို ထောင်နဲ့ချီတဲ့ လူအုပ်တွေက အတင်းဝင်လု ကြတယ်လို့ အန်ရာ က ပြောပါတယ်။

နာရီနဲ့အမျှ ဂါဇာက အခြေအနေတွေက မျှော်လင့်ချက်ကုန်ပြီး ကြံမိကြံရာတွေ လုပ်လာတာက ပိုပြီးတိုးလာနေပြီလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်စ်က သတိပေးပါတယ်။

ခတ္တမန္ဒူမြို့ကိုရောက်နေတဲ့ မစ္စတာ ဂူတားရက်စ်က အပစ်အခတ်ရပ်စဲကြဖို့ ပန်ကြားပါတယ်။

အီဂျစ်နဲ့ အမေရိကန်တို့က ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုပြီး ပေးသွားလိမ့်မယ်လို့ အစ္စရေးကပြောပါတယ်။

ဒါပေမဲ့ အစ္စရေး ရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကြောင့် အကူအညီတွေ ပို့ရာမှာ နှောင့်နှေး နေတာလို့ အီဂျစ် က ပြန်အပြစ်ပုံပါတယ်။

ဂါဇာကနေ အစ္စရေးကို ရော့ကက်တွေနဲ့ ပြန်ပစ်

ဂါဇာကနေ ပစ်လွှတ်လိုက်တဲ့ ရော့ကက်မစ်ဇိုင်းတွေ အစ္စရေး တောင်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသတွေကို ကျရောက်ခဲ့ပါတယ်။

တဲလ်အဗစ်၊ ဟာဇလီးယားနဲ့ ရန်နာ နာ မှာ ရော့ကက် သတိပေး ဥသြသံတွေ ထွက်ပေါ်လာခဲ့ပြီး လူ ၁ သန်း ခွဲလောက် ဗုံးခိုကျင်းတွေထဲ သွားခဲ့ကြရတယ်လို့ အစ္စရေး မီဒီယာတွေက ပြောပါတယ်။

အစ္စရေးတွေက ပါလက်စတိုင်း အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ တာကြောင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်တာလို့ ဟားမတ်စ် စစ်ရေး တောင်ပံ က ပြောပါတယ်။

အစ္စရေးကလည်း ဂါဇာကို အမြောက်တွေနဲ့ အပြင်းအထန် ဆက်ပစ်နေတုန်းပဲ လို့ အစ္စရေးတောင်ပိုင်းကို ရောက်နေတဲ့ ဘီဘီစီ သတင်း‌ထောက်က ပြောပါတယ်။

အီရန် သမ္မတ အီဗရာဟင် ရိုင်ဆီက အမေ ရိကန်က သတိပေးထားပေမဲ့လည်း အစ္စရေးရဲ့ ရာဇဝတ်မှုတွေကြောင့် လူတိုင်းဟာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ တွန်းအားပေး ခံနေရပြီလို့ ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဟားမတ်စ်တို့ ဦးစီးလုပ်ကိုင်နေတဲ့ ပါလက်စတိုင်း ကျန်းမာရေး ဌာနက ပြောပါတယ်။လွန်ခဲ့တဲ့ ၃ ပတ်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စ‌ရေး ၁,၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အစ္စရေးတို့ ဖြတ်တောက်ထားတာကြောင့် တရက်ကျော်လောက် ပြတ်တောက်နေ ခဲ့တဲ့ ဂါဇာက ဖုန်း နဲ့ အင်တာနက် အဆက်အသွယ်တွေ ဒီအတော အတွင်းမှာပဲ တဖြည်းဖြည်း ပြန်ရလာနေပါတယ်။