ပူတင်အစိုးရက သူတို့အာဏာပိုင်တွေဆိုတာကို ပြဖို့ ကြိုးစား နဲ့ ဇွန်လ ၂၆ ရက် ညပိုင်း သတင်းတွေ

ရေးသားခဲ့သည်။

ဗက်ဂနာ တပ်ဖွဲ့ ရဲ့ ဒီသီတင်းပတ် အကုန်ပိုင်းက တပ်တွင်းပုန်ကန်မှု နောက်ပိုင်း သမ္မတ ပူတင်အစိုးရက သူတို့ အာဏာထိန်းချုပ်နိုင်ပြီ ဆိုတာကို ပြသဖို့ ကြိုးစားနေ ပါတယ်။

ကုန်ထုတ်လုပ်ကြတဲ့ လူငယ် ဖိုရမ်မှာ သမ္မတ ပူတင်က မိန့်ခွန်းပေးနေတဲ့ ဗီဒီယိုကို နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ အဲဒီ ဗီဒီယိုက ဘယ်တုန်းက ရိုက်ထား တာလဲ ဆိုတာတော့ ဘယ်သူမှ မသိရပါဘူး။

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂု ကလည်း သူတို့ အဆို ယူကရိန်း ထဲက စစ်စခန်း တခုကို သွားရောက်နေတဲ့ ဗီဒီယို ကို ရုရှား နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြ ပါတယ်။

ဒါလည်း ရိုက်ထားတာက ဘယ်နေရာမှာလဲ၊ ဘယ်တုန်းကလဲ ဆိုတာတွေက မရှင်း လင်းလှ ပါဘူး။

ဒီအတောအတွင်းမှာပဲ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်က အစိုးရအဖွဲ့ဝင်တွေအနေနဲ့ သမ္မတ ပူတင်ရဲ့ အနောက်မှာ ညီညီညွတ်ညွတ်နဲ့ ထောက်ခံပေး ကြဖို့ တောင်းဆိုခဲ့ ပါတယ်။

ပရစ်ဂိုဇင်ဟာရဲ့ လုပ်ရပ်တွေအ‌ပေါ် စုံစမ်းထောက်လှမ်းနေဆဲဟု ဆို

ဗက်ဂနာ တပ်ဖွဲ့ရဲ့ တပ်တွင်းပုန်ကန်မှု နောက်ကွယ်က ကြိုးကိုင်သူ ရက်ဂေးနီ ပရစ်ဂိုဇင်ကို ဖက်ဒရယ် လုံခြုံရေး ဌာနက ဆက်လက်ပြီး စုံစမ်း ထောက်လှမ်း နေဆဲပဲလို့ ရုရှား နိုင်ငံပိုင် မီဒီယာက ကြေညာသွားပါတယ်။

သူ့ကို စွဲထားတဲ့ အမှုတွေကို ရုတ်သိမ်းပေးမယ်လို့ စနေနေ့ ညနေပိုင်းမှာ ကြေညာခဲ့ပေမယ့် အခု ကြေညာချက် ထွက်လာတာပါ။

သူ့ကို ရာဇဝတ်မှုနဲ့ စွဲဖို့ ဆုံးဖြတ်ချက်က မဖျက်သိမ်း ရ သေးသလို ပုန်ကန်မှုကို စုံစမ်း ဆန်းစစ်နေတာကိုလည်း ဆက်လုပ် နေတယ်လို့ အကျိုးဆောင်ရှေ့နေချုပ် ရုံးက ပြော တာကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြနေတာပါ။

အမဲသားသယ်တာ တားဆီးပြီး လူသတ်တဲ့ ဟိန္ဒူအရပ်သား ကင်းအဖွဲ့ဝင်တွေကို အိန္ဒိယရဲက ဖမ်းဆီး

အမဲသားတွေ သယ်ယူ ပို့ဆောင်ပေးတယ်လို့ စွပ်စွဲကာ မွတ်စလင် တယောက်ကို သတ်ဖြတ် ခဲ့တဲ့ အမှုနဲ့ ဆက်စပ်သူ လူပေါင်း ၁၁ ယောက်ကို အိန္ဒိယ ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

နိုင်ငံအနောက်ပိုင်း မဟာရပ်ရှ်ထရာ ပြည်နယ်မှာ လူတယောက်ဟာ နောက် အဖော်တယောက်နဲ့ အတူ ကားနဲ့ ခရီးသွားစဉ်မှာ တိုက်ခိုက် သတ်ဖြတ်တာ ခံခဲ့ရတယ် လို့ ရဲတွေက ပြောပါတယ်။

အိန္ဒိယ မှာ အများစု ဖြစ်တဲ့ ဟိန္ဒူ အသိုင်းအဝိုင်းက နွားကို အထွတ်အမြတ် ထားကြပါတယ်။

နွားတွေကို သတ်ဖို့ သယ်ဆောင်ကြတယ်၊ အမဲသားတွေ သယ်ယူကြတယ် စတဲ့ စွပ်စွဲချက်တွေထုတ်ကာ ဟိန္ဒူ အရပ်သား ကင်းအဖွဲ့တွေက ဒါဇင်နဲ့ ချီ အရေ အတွက်ရှိတဲ့ မွတ်စလင်တွေနဲ့ ဆင်းရဲနိမ့်ကျတဲ့ အသိုင်းအဝိုင်းက လူတွေကို ဒီနှစ်ပိုင်းတွေအတွင်း သတ်ဖြတ်ခဲ့ကြပါတယ်။