ဒီဇင်ဘာ ၁၉ ရက် ထိပ်တန်းသတင်းများ - ဒီပဲယင်းမှာ ဒီဇင်ဘာလ ပထမ ၂ ပတ်အတွင်း နေအိမ် ၁၇၀၀ ကျော် မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ထဲမှာ အခု ဒီဇင်ဘာလ ပထမ သီတင်း ၂ ပတ်အတွင်း နေအိမ် ၁၇၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသတွင်း အကူအညီပေးရေးအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
မီးလောင်ပြာကျခဲ့တဲ့အရေအတွက်ဟာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁ ရက်ကနေ ၁၂ ရက်အတွင်း ကျေးရွာပေါင်း ၁၂ ရွာမှာ မီးရှို့ခဲ့တဲ့ နေအိမ်စုစုပေါင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီထဲမှာ နေအိမ်ရာနဲ့ချီမီးရှို့ခံခဲ့ရတဲ့ ညောင်လှ၊ ယဥ်ကျေး၊ မူးရိုးကုန်းနဲ့ညောင်ကြီးကုန်းရွာတွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေပါ မီးရှို့ခံခဲ့ရတယ်လို့ မြေပြင်က စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ဒီပဲယင်း ညီနောင်များအဖွဲ့က ပြောပါတယ်။
မီးရှို့ခံရတဲ့ကျေးရွာအများစုဟာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပြီးနောက် အနီးနားကျေးရွာတွေကို ဝင်ရောက် မီးရှို့တာနဲ့ နယ်မြေအတွင်း ဖြတ်သန်းသွားလာချိန်မှာ တိုက်ပွဲမရှိဘဲ ကျေးရွာတွေကို မီးရှို့တာလို့လည်း မြေပြင် အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတဲ့သတင်းကြားချိန် ဘေးလွတ်ရာထွက်ပြေးကြရတဲ့ဒေသခံတွေဟာ နေအိမ်မီးရှို့ခံရတဲ့အခါ ပြာပုံနဲ့ အပျက်အစီးတွေကိုသာ ပြန်ရတာကြောင့် ဒီပဲယင်းဒေသခံတွေဟာ ဘဝရပ်တည်ရေးနဲ့ စားဝတ်နေရေး ခက်ခဲလာနေပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီရေး အဖွဲ့တွေက ပြောပါထားပါတယ်။
တစ်ဖက်မှာလည်း အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့မီးရှို့တာခံရတဲ့ ဒီယင်းမြို့နယ်ထဲက နေအိမ် အရေအတွက်ဟာ ၃၀၀၀ ကျော်အထိရှိလာနေတယ်လို့ အဲဒီအဖွဲ့တွေက ဆိုပါတယ်။
အင်းတော်မှာ စစ်တပ်နဲ့ KIA/PDF တို့ တိုက်ပွဲ ၃ ရက်ဆက်ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Indaw Revolution
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြားပြီးခဲ့တဲ့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြေပြင်အခြေအနေ သတင်းတွေကို ဖော်ပြနေတဲ့ Indaw Revolution ကသတင်းဖော်ပြလာပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်ထဲက ညောင်ကုန်၊ ဂျုံးဂျုံးဂျနဲ့ ပိန်းအင်းရွာတွေအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်၊ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ တိုက်ပွဲ ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဆယ်ချီကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ရင်ဘတ်ကို လက်နက်ထိမှန်ခဲ့တယ်လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တစ်ဖက်မှာလည်း အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဂျုံးဂျုံးကျကျေးရွာက စားသောက်ဆိုင်နဲ့နေအိမ် ၁၀ လုံးကျော်၊ မအူကုန်းရွာက နေအိမ် အလုံး ၂၀ နဲ့ ပိန်းအင်းရွာက နေအိမ် ၁ လုံး မီးရှို့ခံရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိတွေ့တိုက်ပွဲနဲ့ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အင်းတော်မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာက ပြည်သူ ထောင်ချီဟာ စစ်ဘေးရှောင်နေရပါတယ်။
စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့တာသူတို့မလုပ်ကြောင်းငြင်းဆိုထုတ်ပြန်နေတာပါ။
သူရဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လာရောက်တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Mekong News
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုပဲ ဆွေးနွေးပြောကြားကြတာလို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးက တစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာ တွေ့ရပါတယ်။
''ဂါရဝပြုတာပေါ့။ကျန်းမာရေးအခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ဆယ်မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး နာယက ဖြစ်သူကို တွေ့ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်အပေါ် ၂၀၂၃ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ပြောဆိုဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ရက်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီရဲ့နာယကလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးကို ဗဟန်းက ဦးတင်ဦးရဲ့နေအိမ်မှာတွေ့ဆုံခဲ့ပါသေးတယ်။
စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု တစ်နှစ်ပြည့်ချိန် အခုနှစ်ဒီဇင်ဘာလ မှာ သူ့ရဲ့ ကောင်စီဝင်တစ်ဦးက သွားရောက်တွေ့ဆုံတာလည်းဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ရန်ကုန်-မော်လမြိုင် လေအိတ်ရထားပြေးဆွဲမှု ယာယီဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းမှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက မိုင်းခွဲခံရမှုအပြီးမှာ အဲဒီလမ်းပိုင်းမှာ ညအိပ် လူစီးရထားပြေးဆွဲတာကို ယာယီဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက် မြန်မာ့မီးရထားက ကြေညာပါတယ်။
ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်းက ဆိမ်ဆိပ်နဲ့ဒုံးဝန်းဘူတာကြားမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရထားလမ်းပိုင်း မိုင်းဆွဲခံရတာပါ။
အဲဒီမိုင်းဆွဲခံရမှုဖြစ်စဥ်မှာ ကျောက်တင်ရထားရဲ့တွဲဆိုင်းတွေ တိမ်းမှောက်ခဲ့သလို လမ်းပိုင်းလည်း အတော်လေး ပျက်စီးခဲ့တာပါ။
အဲဒီကတည်းက လမ်းပြုပြင်တာတွေ ပြုလုပ်နေတာဖြစ်ပေမဲ့ လမ်းပိုင်းလုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးလို့ ညရထားခရီးစဥ် ပြေးဆွဲတာကို ယာယီဖျက်သိမ်းထားပြီး နေ့ရထားပဲ ပြေးဆွဲမယ်လို့ ဆိုပါတယ်။
လုံခြုံရေးအတွက် CCTV တွေပါ တပ်ဆင်ထားတဲ့ လေအိတ်မီးရထားကို မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ရန်ကုန် ခရီးစဉ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လနှောင်းပိုင်းကတည်းက စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့လယ်ပိုင်းမှာ ဆန္ဒပြမှုပြုလုပ်သွားပါတယ်။
မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်တာအပြင် လုပ်ခလစာနဲ့ လုပ်အား ခေါင်းပုံဖြတ်မှုကြုံနေရတာကို ရွှေ့ပြောင်းလုပ်သားတွေက ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၈ ရက်တုန်းကကျရောက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အနေနဲ့ ဒီဆန္ဒဖော်ထုတ်ပွဲကို ထိုင်းရောက်မြန်မာလုပ်သားရာနဲ့ချီ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေမှာ ကူရာမဲ့အခြေအနေဖြစ်နေလို့ ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်။
ပြည်တွင်း စစ်အာဏာသိမ်းမှုနဲ့ ကပ်ဘေးကြောင့် လူမှုစီးပွားအကျပ်အတည်းကြုံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်မှုမြင့်တက်နေပါတယ်။
အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ အိမ်နီးချင်းထိုင်းနိုင်ငံကိုတော့ တရားဝင်နည်းလမ်းနဲ့ရော တရားမဝင် နည်းလမ်းနဲ့ပါ ဝင်ရောက်နေကြတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ အရေး အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ဟိုပုံးမြို့နယ်မှာ လက်နက်ရာချီ ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
PDF အဖွဲ့ဝင်တွေသယ်ဆောင်လာတဲ့လက်နက် ရာချီနဲ့ ကျည်အိမ်အပါအဝင် ဆက်စပ်ပစ္စည်းတွေကို ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ်စုအနီးမှာ သိမ်းဆည်းရမိတယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
ပင်လုံမြို့၊ ဆနင်းရွာဘက်ကနေ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာဘက်ကို မောင်းလာတဲ့ ဒိုင်နာ ၆ ဘီးကားကို သတင်းအရ စစ်ဆေးဖို့တားဆီးချိန် ရပ်မပေးလို့ လိုက်လံဖမ်းဆီးချိန် ကားပေါ်မှာ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးမိတာလို့ဆိုပါတယ်။
ကားပေါ် လိုက်ပါခဲ့သူတွေကတော့ ထွက်ပြေးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကသတင်းတွေကို ဖော်ပြနေတဲ့တယ်လီဂရမ် ချန်နယ်တွေမှာတော့ အခုဖမ်းဆီးရမိတဲ့လက်နက်တွေဟာ စစ်ကိုင်းတိုင်းဘက်ကိုပို့ဆောင်မယ့် NUG ရဲ့ လက်နက်တွေဖြစ်တယ်လို့ ရေးသားနေကြသလို ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကထွက်လာတဲ့လက်နက်တွေဆိုပြီး စွပ်စွဲဖော်ပြနေတာတွေ့ရပါတယ်။
ရှမ်းတောင်ပိုင်းနဲ့ ရှမ်းဒေသတဝိုက် တော်လှန်ရေးအင်အားစုတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အခုဟိုပုံးမှာ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာမှာ NUG၊ CRPH ရဲ့ ဆက်သွယ်ညွှန်ကြားမှုနဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဂန့်ဂေါနယ်ထဲက PDF တပ်ဖွဲ့ဝင်တွေဟာ ကုန်းသာရွာတဝိုက် ခိုအောင်းနေတာကို ဒေသခံအချို့ရဲ့ သတင်းပေးမှုအရသိရှိရတာကြောင့် လေကြောင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အဲဒီကနေ PDF တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီထုတ်ပြန်ချက်ကိုတော့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် ကုန်းသာရွာမှာ နယ်မြေစိုးမိုးမှုရှိတဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)ကငြင်းဆိုထားပြီး အဲဒီဒေသမှာ TNLAရဲ့လက်နက်တွေရော NUG - PDF ရဲ့ လက်နက်တွေပါ သိမ်းဆည်းခံရတာမျိုးမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
မန္တလေး၊ တံတားဦးအနီး ငလျင်ထပ်လှုပ်

ဓာတ်ပုံ ရင်းမြစ်, CJ
အခုအပတ်အတွင်း ၅ကြိမ်မြောက်လှုပ်ခတ်မှုဖြစ်
မန္တလေး၊ တံတားဦးမြို့အနီးမှာ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲကျော်အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲ့ တောင်၊အနောက်တောင်ဘက် ၁၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း တံတားဦးမြို့ရဲ့ အရှေ့ ၊အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မှာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းကလည်း တံတားဦးမြို့အနီးမှာပဲ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်တခုလှုပ်ခတ်ခဲ့လို့ မန္တလေးတိုင်းအတွင်းငလျင်လှုတ်ခတ်ခဲ့လို့ မန္တလေး တိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဘုရားပုထိုးတော်တွေနဲ့ ရှေးဟောင်းအဆောက်အဦးအချို့ ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။
နောက်ရက် ဒီဇင်ဘာ ၁၆ ရက် မှာလည်း တနေ့တည်းမှာ ငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့တာပါ။
မြန်မာဘက်က ထွက်လာသူ ၁၀၄ ဦးကို သီရိလင်္ကာရေတပ် ကယ်ဆယ်

ဓာတ်ပုံ ရင်းမြစ်, navy.lk
သီရိလင်္ကာ ပင်လယ်ရေပြင်ပိုင်နက်မှာ စက်လှေနဲ့အတူမျောပါနေတဲ့ မြန်မာဘက်က ထွက်လာသူ ၁၀၄ ဦးကို မနေ့ ဒီဇင်ဘာလ ၁၈ ရက်မှာ ကယ်ဆယ်ခဲ့တယ်လို့ သီရိလင်္ကာရေတပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာကနေ အင်ဒိုနီးရှားကို သွားမယ့်လူတွေလိုက်ပါလာတဲ့ အဲဒီစက်လှေဟာ သီရိလင်္ကာရေပိုင်နက်ကို ဖြတ်ကျော်နေချိန်မှာ စက်ချို့ယွင်းမှုဖြစ်ခဲ့တာလို့ သိရှိရတဲ့အကြောင်းလည်း ရေတပ်ဘက်က ပြောပါတယ်။
အခုတော့ အဲဒီလူတွေကို ရေတပ်က ပင်လယ်ပြင်ကနေ ခန်ခါသံသူရိုင်ဆိပ်ကမ်းကို ခေါ်ယူကယ်ဆယ်ထားပြီး လိုအပ်တဲ့အကူအညီတွေ ပေးထားတာ နောက်ပိုင်းမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေဆီ လွှဲပြောင်းဖို့ရှိတယ်လို့ ဆိုပါတယ်။
အခုသီတင်းပတ်တွေအတွင်း အာရှပင်လယ်ပြင်မှာ လှေစီးဒုက္ခသည်တွေကို ကယ်ဆယ်ရမှုတွေရှိထားပြီး ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း မြိတ်မြို့ အနောက်တောင်ဘက် ထိုင်းပင်လယ်ပြင် အနီးမှာ မျောနေတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို မြန်မာစစ်တပ်က သွားရောက်ခေါ်ယူခဲ့ရပါတယ်။
ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာန သင်္ဘော ၂ စီးက ကနဦးသွားရောက်ကယ်ဆယ်ခဲ့အပြီးမှာ မြန်မာရေတပ်ကို သတင်းပို့ခဲ့တာဖြစ်ပါတယ်။
တစ်ချိန်နည်းမှာပဲ ရိုဟင်ဂျာ ၂၀၀ နီးပါးလိုက်ပါလာတဲ့လှေတစ်စင်း အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ဖြစ်ရပ်ကို ကယ်ဆယ်ဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သက်ဆိုင်ရာအစိုးရတွေကို တောင်းဆိုနေပါတယ်။
မြန်မာ့လူ့အခွင့်အရေးစိုးရိမ်လို့ ထိုင်း PTT ရင်းနှီးမြှုပ်နှံမှုကနေ နော်ဝေ နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်း PTT ရေနံကုမ္ပဏီက မြန်မာစစ်ကောင်စီလက်အောက်က နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေမှာ စီးပွားဖက် လုပ်ကိုင်နေတာတွေဟာ စစ်တပ်ကို စစ်ဆင်ရေးတွေနဲ့ ချိုးဖောက်မှုတွေလုပ်နိုင်ဖို့ ငွေရလမ်း ဖြစ်နေစေတယ်လို့ ဆိုပြီး PTT မှာ ရင်းနှီးမြှုပ်နှံထားတာကို နော်ဝေနိုင်ငံက နုတ်ထွက်ဖို့ ရှိနေပါတယ်။
ထိုင်း PTT အပြင် သူ့ရဲ့ လက်လီလုပ်ငန်း (OR)၊ နောက် အစ္စရေး လုံခြုံရေးဆော့ဝဲလ်ကုမ္ပဏီ (Cognyte Software Ltd) ကနေလည်း ရင်းနှီးမြှုပ်နှံမှု နုတ်ထွက်မယ့် အကြောင်း နော်ဝေနိုင်ငံပိုင် အနာဂတ်ရန်ပုံငွေ(Norway Sovereign Wealth Fund) က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာတာပါ။
ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ဆိုင်ရာကောင်စီကတော့ ''ဒီကုမ္ပဏီတွေဟာ စစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခမှာ လူတစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရမှုမှာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ပါဝင် ပတ်သတ်မှုရှိနေစေတဲ့ လက်မခံနိုင်စရာအခြေအနေရှိနေတယ်'' လို့ ပြောပါတယ်။
မြန်မာ့ကမ်းလွန်လုပ်ကွက်ဖြစ်တဲ့ ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကနေ ပြင်သစ်က တိုတယ်ကုမ္ပဏီ နုတ်ထွက်မယ်လို့ဆိုတဲ့အခါ တိုတယ်ရဲ့ လုပ်ငန်းပါဝင်မှုကို လက်လွှဲယူမယ်လို့ PTT ရဲ့ နောက်ထပ်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ PTT သဘာဝဓာတ်ငွေ့တူးဖော်ရေးနဲ့ ထုတ်လုပ်ရေးက ပြီးခဲ့တဲ့ မတ်လမှာပြောထားပါတယ်။
ကပ်ဘေးအလွန် တောင်ကိုရီးယားကို မြန်မာလုပ်သား ၇၀၀၀ ကျော်ရောက်ရှိ

ဓာတ်ပုံ ရင်းမြစ်, မြန်မာသံရုံး-ဆိုးလ်
အာဏာသိမ်းပြီးနောက် ပြည်ပအလုပ်ထွက်ခွာမှုပိုများလာ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုလျော့ပါးချိန်ကစလို့ တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၇၀၀၀ ကျော် ရောက်ရှိထားပြီလို့ ဆိုးလ်မြို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာလုပ်သားအများစုတရားဝင်သွားဖို့ကြိုးစားကြတဲ့ နိုင်ငံတွေထဲ ဂျပန်ပြီးရင် တောင်ကိုရီးယားဟာ ဒုတိယနေရာမှာရှိနေပြီး နောက်ထပ် သွားဖို့ကြိုးစားနေသူတွေနဲ့ သင်တန်းတက်စာမေးပွဲဖြေဖို့ပြင်ဆင်နေသူ သောင်းချီရှိနေတယ်လို့ တောင်ကိုရီးယားအလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်သူတွေဆီကသိရပါတယ်။
ကပ်ရောဂါကြောင့် ပြည်ပလုပ်သားတွေကို တောင်ကိုရီးယားကပြည်ဝင်ခွင့် ပိတ်ထားရာကနေ အခုနှစ် နှစ်ဆန်းပိုင်းမှာ ပြန်ဖွင့်ခဲ့ပြီးနောက်ပြည်ဝင်ခွင့် ပြန်လည် ရရှိကြတာပါ။
''သံရုံးကတော့ စရောက်တာနဲ့လာကြိုပေးပြီး သင်တန်းကျောင်းတွေကိုပို့ပေးတဲ့ တချိန်ပဲ တွေ့ရတယ်။နောက်ပိုင်းကတော့ သံရုံးနဲ့ အလုပ်သမားတွေ အဆက်သွယ်မရှိသလောက်ပဲ။ မရှိတာများတယ်။ ဒီမှာရောက်ပြီးသားနှစ်ကြာတဲ့ အလုပ်သမားအများစုကြုံရတာကတော့ သက်တမ်းကုန်လို့ အထောက်အထားစာရွက်စာတမ်းလုပ်တဲ့အခါ မြန်မာသံရုံးလုပ်ငန်းစဥ်ကြာတာမျိုးကတော့တခြားနိုင်ငံတွေနဲ့မတူဘူး။ ပိုကြာတယ်။ကျန်တဲ့ပြဿနာကတော့ ထိုင်းတို့ မလေးတို့လို့မဟုတ်ဘူး။ ကိုရီးယားဘက်က စနစ်ကျတော့ ပြဿနာကြီးကြီးမားမားမရှိဘူး '' လို့ တောင်ကိုရီးယားရောက် အလုပ်သမားတစ်ဦးကပြောပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မြန်မာလုပ်သား ၄၀ နီးပါးကို တောင်ကိုရီးယားကို စေလွှတ်ထားတာကို တောင်ကိုရီးယားအလုပ်အကိုင်ဂရုတွေမှာဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက် အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အချက်အလက်တွေအရ ကိုရီးယားလုပ်သားကျွမ်းကျင်မှုစာမေးပွဲအောင်မြင်ထားသူ ထောင်နဲ့ချီရှိနေပါတယ်။
တစ်ဖက်မှာလည်း ဒီလူတွေဟာ ကျွမ်းကျင်မှုစာမေးပွဲအောင်မြင်ထားပေမဲ့ အလုပ်အကိုင်ခေါ်စာရရှိရေး အပိုင်းမှာ နှစ်နဲ့ချီ စောင့်ဆိုင်းရမှုတွေ ရှိနေပါတယ်။








