ရုရှား ဖြစ်ရတာ ရှက်စရာလို့ ခံစားမိအောင်လုပ်ထားတယ် - နိုင်ငံထဲက ရုရှားအနွှယ်တွေ သစ္စာရှိရေး လဗ်ဗီးယား တောင်းဆို

ဗိုလ်မှူးဒရီယူဂင်က ရုရှားကိုယ်ပိုင်လက္ခဏာနဲ့ လဗ်ဗီးယား နိုင်ငံ့ တာဝန်တွေအကြား ဝိရောဓိ ဖြစ်စရာ မရှိဘူးလို့ ခံယူထား
ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးဒရီယူဂင်က ရုရှားကိုယ်ပိုင်လက္ခဏာနဲ့ လဗ်ဗီးယား နိုင်ငံ့ တာဝန်တွေအကြား ဝိရောဓိ ဖြစ်စရာ မရှိဘူးလို့ ခံယူထား
ရေးသားခဲ့သည်။

လဗ်ဗီယား စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူး အနာတိုလီ ဒရီယူဂင်က သူ့မှာ ရုရှားသွေးပါပြီး ရုရှားစကားပြောပြီး ကြီးပျင်းလာတာ ဖြစ်ပေမယ့် ရုရှားနိုင်ငံနဲ့ရော ရုရှားတွေနဲ့ရော ပတ်သက်အောင် မနေဘူးလို့ ပြောပါတယ်။

လဗ်ဗီးယားက လူ ၃ ယောက်မှာ ၁ ယောက်ဟာ ရုရှားစကားပြောသူ ဖြစ်ပြီး  အသက် ၄၃ နှစ်အရွယ် အနာတိုလီဟာလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့လို လူတွေရဲ့ နိုင်ငံအပေါ် သစ္စာရှိပုံကို ပြသဖို့ ဖိအားတွေ ရှိလာနေပါတယ်။

မိခင်ဖြစ်သူက ရုရှားစကားပြောတဲ့ လဗ်ဗီးယားသူ ဖြစ်ပြီး ဖခင်က ယူကရိန်း အရှေ့ပိုင်းက ဖြစ်တဲ့ ဗိုလ်မှူး ဒရီယူဂင်ဟာ လဗ်ဗီးယားမှာပဲ မွေးဖွားကြီးပျင်း ခဲ့ပြီး သူ့အသက်ရဲ့ ထက်ဝက်ကျော်ကို တိုင်းပြည် ကာကွယ်ရေးအတွက် မြှုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။တကယ်လို့သာ သူ့နိုင်ငံ အတွက် ကာကွယ်ရမယ် ဆိုရင် တဖက်ရှေ့တန်းက ရန်သူဟာ ရုရှားတွေ ဖြစ်နေရင်တောင် သူကတော့ လဗ်ဗီးယားအတွက် ပြန်တိုက်မှာပဲလို့ ဆိုပါတယ်။ ခင်ဗျားအိမ်ထဲကို လူသတ်သမားတို့ ဓားပြတို့ ဝင်လာရင် သူဘာလူမျိုးလဲ၊ ရုရှားစကားပြောလား၊ ဘာစကားပြောလဲလို့ စဉ်းစားနေမလား၊ သူက ခင်ဗျားရဲ့ ညီအစ်ကို ရောင်းရင်း သူငယ်ချင်း မဟုတ်ဘူးလေ လို့ ဗိုလ်မှူး ဒရီယူဂင်က ပြောပါတယ်။

 ဒါပေမယ့် လဗ်ဗီးယားထဲမှာ ရုရှားဘာသာနဲ့ ထုတ်လွှင့်မှုတွေ နည်းပါးတာကြောင့် နိုင်ငံအတွင်းက ရုရှားစကားပြောသူတွေဟာ အမြဲဆိုသလို ရုရှား နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသတာတွေပဲ ကြည့်ရှုရင်း ကြီးပျင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီလူတွေထဲက တော်တော်များများဟာ ကရင်မလင်ကို ဗဟိုပြုတဲ့ ညီညွတ်တဲ့ ရုရှားကမ္ဘာရဲ့  ပုံဖော်မှုတွေ အတိုင်းသာ ပြင်ပကမ္ဘာကို သိမြင်ထားကြတာ ဖြစ်ပါတယ်။

ပူတင်ရဲ့ ပိုစတာ
ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလက ဗလာဒီမီယာပူတင်ရဲ့ ကျူးကျော်စစ် နောက်ပိုင်း လဗ်ဗီးယားက ရုရှားစကားပြောသူတွေရဲ့ ယူကရိန်းအပေါ် ထောက်ခံမှုတွေ တိုးလာ

၁၉၉၁ ခုနှစ်က ဆိုဗီယက် ပြည်ထောင်စုကြီး မပြိုကွဲခင်အထိ ရုရှားနဲ့ ယူကရိန်း လူမျိုး မိသားစုတွေဟာ အလုပ်သမား ပြန်လည် နေရာချထားရေး အစီအမံတွေအရ လဗ်ဗီးယားကို သူတို့ ဆန္ဒမပါဘဲ အပို့ခံခဲ့ကြရပါတယ်။ တချို့က လွန်ခဲ့သော ရာစုနှစ်တွေက လဗ်ဗီးယားထဲကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြတဲ့ ရုရှားလူမျိုးတွေက ဆင်းသက်လာကြသူတွေ ဖြစ်ပါတယ်။ တချို့ကတော့ ဘယ်လာရုစ်နဲ့ ဂျူးလူမျိုးတွေက ဆင်းသက်လာခဲ့ကြတာပါ။  

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ဘောလ်တစ် နိုင်ငံတွေအပေါ် အမြင်နဲ့ ပတ်သက်လို့ လဗ်ဗီးယား အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေအကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်အပေါ် အကြောင်းပြပုံက ယူကရိန်း အရှေ့ပိုင်းမှာ နေထိုင်ကြတာက ရုရှား စကားပြောသူတွေ ဖြစ်ပြီး ကရင်မလင်က ကာကွယ်ပေးဖို့ လိုအပ်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကြောင်းပြလာမှာကိုပဲ လဗ်ဗီးယားက စိုးရိမ်နေတာ ဖြစ်ပါတယ်။  

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါကြောင့်လည်း နေတိုး က လဗ်ဗီးယားအတွင်းက သူတို့ တပ်အင်အားတွေကို ၂ ဆတိုးခဲ့ပါတယ်။ နောက်ထပ်လည်း ထပ်တိုးဖို့ ရှိနေသလို ရီဂါက အစိုးရကလည်း တပ်သားသစ် စုဆေင်းဖို့တောင် စဉ်းစားလာနေပြီ ဖြစ်ပါတယ်။

အရင် ဆိုဗီယက် ပြည်ထောင်စု ရဲ့ ကြီးကျယ်မှုတွေကို ဖော်ကျူးထားတဲ့ အထိမ်းအမှတ်တွေကိုလည်း ဖယ်ရှားပစ်ဖို့ လုပ်လာနေပါပြီ။ အဲဒီအထဲမှာ ရီဂါ ပန်းခြံကြီးထဲက အောင်ပွဲ ကျောက်တိုင်ကြီးလည်း ပါဝင်ပါတယ်။  

လဗ်ဗီးယားမှာ လဗ်ဗီးယားနဲ့ ရုရှား နှစ်နိုင်ငံသား အဖြစ်ခံယူခွင့်မပြုထားပါဘူး။ အခုဆို လဗ်ဗီးယားသမ္မတ အီဂေးလ် လဗစ္စက ရုရှားကျူးကျော်စစ်ကို ထောက်ခံသူဆိုရင် သူတို့နိုင်ငံတွင်းမှာ နေထိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပြီးနောက် လဗ်ဗီးယားမှာ နေထိုင်ကြတဲ့ ရုရှားနိုင်ငံသားတွေအကြား ပိုပြီး အခက်ကြုံလာနေပါတယ်။  

ဗိုလ်မှူး ဒရီယူဂင်ကတော့ မျိုးချစ်စစ်နဲ့ နိုင်ငံကို ကာကွယ်လိုစိတ်တွေက ဘယ်ဘာသာစကားကို ပြောသလဲ ဆိုတာနဲ့ ဆက်စပ်မနေပါဘူးလို့ ဆိုပါတယ်။

သူဟာ လဗ်ဗီးယားရဲ့ Zemessardze အမျိုးသား အရန်တပ်က တပ်ရင်း ၃၄ ကို ကွပ်ကဲသူ ဖြစ်ပြီး ဘယ်လာရုဇ် နယ်စပ်နဲ့ ကီလိုမီတာ ၃၀ အကွာမှာ ရှိတဲ့ ဒိုဂါဗ်ပေးလ်စ် မြို့မှာ အခြေစိုက်တာ ဖြစ်ပါတယ်။

အမျိုးသမီးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး
ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်ပွဲကြောင့် လဗ်ဗီးယား အမျိုးသား အရန်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးသူတွေ တိုးလာ

အဲဒီဒေသတွင်းမှာ နေထိုင်ကြသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ရုရှား ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် သုံးစွဲကြတာ ဖြစ်လို့ သူတို့ တပ်ရင်းက တပ်သားသစ်တွေမှာလည်း တော်တော်များများက ရုရှားစကားကို ပြောကြသူတွေ ဖြစ်ပါတယ်။

လဗ်ဗီးယား အာဏာပိုင်တွေအတွက် သူ့နိုင်ငံသားတွေရဲ့ နိုင်ငံ့အပေါ် သစ္စာက တင့်ကားတွေနဲ့ စစ်သားတွေလိုပဲ အရေးကြီးပါတယ်။ လဗ်ဗီးယား ရုရှားလူမျိုး တွေအတွက် လဗ်ဗီးယား၊ အနောက်နိုင်ငံတွေနဲ့ ယူကရိန်းဘက်နဲ့ လဗ်ဗီးယား လေလှိုင်းတွေမှာ နှစ်ပေါင်း ၃၀ လောက် ထုတ်လွှင့်နေခဲ့တဲ့ ရုရှားရဲ့ ဝါဒဖြန့်ချက်တွေအကြား ဘာကို ပိုယုံကြည်နေကြသလဲ ဆိုတာကိုလည်း နောက်ကွယ်မှာ ဆွေးနွေး အဖြေရှာနေကြပါတယ်။  

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ် စခဲ့တဲ့ နောက်ပိုင်းမှာ သဘောဆန္ဒ ကောက်ခံတဲ့ SKDS ကုမ္ပဏီက ရုရှားစကားပြောသူတွေရဲ့ အနေအထားကို လေ့လာနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကဆို ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းကို ထောက်ခံသူဟာ ၂၂ ရာခိုင်နှုန်းပဲ ရှိခဲ့ရာက ဇွန်လမှာ ၄၀ ရာခိုင်နှုန်းအထိ ခုန်တက်လာခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင် မီဒီယာတွေကို ပိတ်ပင်လိုက်တာက အတိုင်းအတာတခု အထိ ပြောင်းလဲ ပေးနိုင်ခဲ့ပေမယ့် ဒီအမြင်တွေကို ပြောင်းလဲ ပစ်ဖို့က အခုထက်ပိုပြီး လုပ်ဖို လိုအပ်နေဆဲ ဖြစ်ပါတယ်။  

လဗ်ဗီးယားရဲ့ ဆိုရှယ် ဒီမိုကရက်တစ် ဟာမိုနီ ပါတီဟာ နိုင်ငံတွင်းက လူနည်းစု ရုရှားလူမျိုးတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုနေတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်အထိ ရုရှားယိမ်းတဲ့ မော်စကိုက အာဏာရ ယူနိုက်တက် ရုရှားပါတီ နဲ့ ဆက်နွယ်မှုတွေ ရှိတယ်လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဟာမိုနီ ပါတီဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ရှုတ်ချခဲ့သလို သူတို့ ပါတီက ပါလီမန်အမတ် တဦးဖြစ်တဲ့ ဘောရစ္စ စေလဲဗစ်က ကရင်မလင်ရဲ့ နယ်ချဲ့ရေး အမြင်တွေကို အယုံအကြည်မဲ့လာနေပြီလို့ ပြောပါတယ်။ သူက ခေတ်သစ် ရုရှားဆိုတာက တကယ်တမ်း နာဇီ ဂျာမနီရဲ့ မူနဲ့ လုံးဝနီးပါး တူညီနေတယ်၊ ဒီအခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားဖို့ က ရုရှားစစ်ရှုံးသွားဖို့ တနည်းပဲ ရှိတယ်လို့ ပြောပါတယ်။

သူ့မိဘတွေက ရုရှားဘာသာ ပါမောက္ခတွေလည်း ဖြစ်ကြပြီး သူတို့ မိသားစုအတွက် ရုရှား စာပေနဲ့ ယဉ်ကျေးမှုဟာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် ယူကရိန်းကို ကျူးကျော်စစ် စခဲ့တဲ့ နောက်ပိုင်းကတည်းက သူ့ရဲ့ ရုရှားနဲ့ ဆက်နွှယ်မှုတွေအပေါ် ချစ်မြတ်နိုးဖို့ တော်တော် ခက်ခဲနေတယ်လို့ ဆိုပါတယ်။ 

ယူကရိန်းမှာ ကျူးလွန်ခဲ့တဲ့ ရန်လို တိုက်ခိုက်မှုတွေကြောင့် အဲဒီ အရာတွေကို သိက္ခာချလိုက်တာ၊ ရုရှားဆိုတဲ့ စကားလုံးနဲ့ ပတ်သက်သမျှ အဆိပ်အတောက်တွေလို ဖြစ်သွားပြီလို့ ပြောပါတယ်။

ဒါပေမယ့် လဗ်ဗီးယားမှာ နေကြတဲ့ ရုရှားစကားပြောတဲ့ လူတွေအဖို့ ရုရှားဆိုတဲ့ ကိုယ်ပိုင်လက္ခဏာက အရေးကြီးပါတယ်။ ဒါပေမယ့် အခုဆို တော်တော်များများက ရုရှားဟာ ရန်လိုသူပါ ဆိုတာကို လက်ခံဖို့ တော်တော်ကို ခက်ခဲနေကြရပါတယ်။ စိတ်ဓာတ်ရေးရာအပိုင်းမှာပါ ထိခိုက်နေရတယ်လို့ သူက ဆိုပါတယ်။ 

 

ရုရှားအလံကို လွှင့်မှုနဲ့ ထောင် ၅ နှစ်အထိ အပြစ်ပေးခံရနိုင်တဲ့ အလက်ဇန္ဒား ဒူဗျာကို
ဓာတ်ပုံ ပုံစာ, ရုရှားအလံကို လွှင့်မှုနဲ့ ထောင် ၅ နှစ်အထိ အပြစ်ပေးခံရနိုင်တဲ့ အလက်ဇန္ဒား ဒူဗျာကို

အသက် ၁၉ နှစ်အရွယ် အလက်ဇန္ဒားဆိုရင် ရီဂါမြို့မှာ ရှိတဲ့ ဆိုဗီယက် စစ်အောက်မေ့ဖွယ် နေရာမှာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ရုရှားအလံလွှင့်ပြီး မိန့်ခွန်းပြောခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။

သူက နှစ်စဉ် အားလပ်ရက်အဖြစ် သတ်မှတ်ထားတဲ့ နာဇီဂျာမနီအပေါ် ဆိုဗီယက်တွေ အနိုင်ရခဲ့တဲ့ အောင်မြင်ခြင်း နေ့ အတွက် ကျင်းပတဲ့ တရားမဝင် စုဝေးပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။  

အဲဒီ နေ့မှာ ရုရှားကို ဂုဏ်ပြုသလို ဖြစ်မှာ မလိုလားတဲ့အတွက် အခမ်းအနားတွေ မကျင်းပဖို့အတွက် တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အလက်ဇန္ဒားတက်ရောက်ခဲ့တဲ့ ပွဲလို ချီတက်ဆန္ဒပြပွဲလိုမျိုးတွေ ဖြစ်ခဲ့ပါတယ်။

သူ့အတွက် အလံက ညီညွတ်မှုရဲ့ သင်္ကေတ ဖြစ်သလို အောင်မြင်ခြင်းနေ့ကလည်း ညီညွတ်မှုကို ပြသတဲ့ နေ့ဖြစ်တယ်၊ အဲဒီနေ့က လဗ်ဗီးယားမှာ မမြင်တာ ကြာပြီဖြစ်တဲ့ ညီညွတ်မှုတွေကို အံ့သြစရာကောင်းအောင် တွေ့မြင်ခံစားခဲ့ရတယ်လို့ အလက်ဇန္ဒားက ဘီဘီစီကို ပြောပါတယ်။

လဗ်ဗီးယား ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ အပြုအမူက ယူကရိန်းအပေါ် ရုရှားရဲ့ ရန်လိုမှုတွေကို ထောက်ခံရာ ရောက်ကြောင်း ရှုမြင်ပါတယ်။ ဒါပေမယ့် အလက်ဇန္ဒားနဲ့ သူ့မိသားစုကတော့ ဒီလို မမြင်ကြပါဘူး။

သူ့ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဂုဏ်တင်ပေးတဲ့ အပြုအမူမျိုး တွေကို ပိတ်ပင်ထားတဲ့ ဥပဒေနဲ့ တရားစွဲဆိုခံထားရပြီ ဖြစ်ပြီး အမိန့်ချမယ့် နေ့ကို စောင့်နေရပါတယ်။ အဲဒီမှာ ပြစ်မှုထင်ရှားတယ် ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။

အလက်ဇန္ဒားရဲ့ မိခင် ဆဗက်လာနာကတော့ သူ့အဘိုးဖြစ်သူဆို ဒုတိယ ကမ္ဘာစစ်ကို ဖြတ်သန်းခဲ့ရတာ ဖြစ်တယ်၊ ဒီလို အကြောင်းခြင်းရာတွေကို လေးစားပြီး အလေးအမြတ် ထားဖို့ လိုတယ်လို့ ပြောပါတယ်။ အလက်ဇန္ဒား ဖမ်းဆီးခံရချိန်မှာ ဆဗက်လာနာလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း သူတို့ နှစ်ဦးစလုံးကို လူမှုကွန်ရက်တွေပေါ်မှာ အသက်အန္တရာယ် အတွက် ခြိမ်းခြောက်မှုတွေတောင် ရှိခဲ့ပါတယ်။

သူတို့ ဟာ ရုရှားလူမျိုးတွေ ဖြစ်တာကြောင့် ရှက်ဖို့ ကြောက်ဖို့ အတင်းအကြပ် ဖိအားပေးနေကြတယ်၊ ဒီလို လုပ်တာ မှားတယ်လို့ သူက ဆိုပါတယ်။  

လဗ်ဗီးယားက ရုရှားစကားပြောကြသူတွေထဲက တော်တော်များများက ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ရှုတ်ချပြီး လဗ်ဗီးယားနိင်ငံကို ချစ်ကြသူတွေအဖြစ် ခံယူကြပေမယ့် အများစုက ဒီအောင်မြင်ခြင်းနေ့ကိုလည်း အရေးကြီးတဲ့ နေ့ထူးနေ့မြတ်အဖြစ် အမြဲသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အနောက်တိုင်းဘက်ကို သစ္စာ ရှိမှုကို အပေါ် သက်သေပြဖို့  ကိုယ်ပိုင်လက္ခဏာတွေကို စွန့်လွှတ်ဖို့ ဖိအားတွေ များလာတယ်လို့ ခံစားလာရတာနဲ့ အမျှ လဗ်ဗီးယား လူမှုအသိုက်အမြုံ အတွင်းမှာလည်း သွေးကွဲမှုတွေ ပိုများလာနိုင်ပါတယ်။

လတ်တလောမှာတော့ လဗ်ဗီးယား အစိုးရက သူတို့အပေါ် အင်အားကြီး အိမ်နီးချင်း နိုင်ငံက စစ်ရေး အရကျူးကျော်လာနိုင်လို့ ပြင်ဆင်ထားဖို့ လိုနေပြီလို့ ခံယူထားပြီ ဖြစ်ပါတယ်။  

ရီဂါ မြို့တော်က ညီညွတ်ရင် သန်မာမယ် ဆိုတဲ့ ယူကရိန်းနဲ့ လဗ်ဗီးယား အရောင်တွေ ဝတ်ထားတဲ့ အမျိုးသမီး နှစ်ဦးပုံ နံရံပန်းချီ
ဓာတ်ပုံ ပုံစာ, ရီဂါ မြို့တော်က ညီညွတ်ရင် သန်မာမယ် ဆိုတဲ့ ယူကရိန်းနဲ့ လဗ်ဗီးယား အရောင်တွေ ဝတ်ထားတဲ့ အမျိုးသမီး နှစ်ဦးပုံ နံရံပန်းချီ