ဩဂုတ် ၂ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ဗန်းမော်ကို စစ်သင်္ဘောတွေရောက်ရှိ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘောတွေထဲက တချို့ဟာ ဗန်းမော်မြို့နယ် သင်္ဘောဆိပ်ကို ဩဂုတ် ၁ ရက် ညနေပိုင်းက ရောက်ရှိလာပြီလို့ ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေဟာ ဇူလိုင် လဆန်းပိုင်းကစပြီး မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကို ဆန်တက်လာတာ ဖြစ်ပါတယ်။

"စစ်သင်္ဘောတွေက ၁၇ စင်း ပါတယ်လို့ သိထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော်တို့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်လို့ ၆ စင်းပျက်စီးသွားတယ်။ အခု ဗန်းမော်ကို ရောက်တဲ့ အစင်းရေ ဘယ်လောက်ဆိုတာတော့ မသိသေးဘူး။ အဲဒီသင်္ဘောတွေလည်း ဆိပ်ကမ်းမှာပဲ ရှိသေးတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နောက်ထပ် စစ်ရေးအရင်းအမြစ်တစ်ယောက် ပြောတာကတော့ စစ်သင်္ဘောတွေကို ဝိုင်းတိုက်ခိုက်တာကြောင့် စင်းခန်းမြို့နယ်နားမှာ တစ်စင်းက နစ်မြုပ်သွားပြီး တစ်စင်း မီးလောင်သွားတယ်လို့ သိရပါတယ်။

ဗန်းမော်ဆိပ်ကမ်းကို ရောက်ရှိလာတာက ပစ္စည်းတွေသယ်တဲ့ သင်္ဘော ၄ စင်း၊ ကမ်းထိုးသင်္ဘော ၃ စင်း အပါအဝင် သင်္ဘော ၉ စင်း လို့ ပြောပါတယ်။

ဗန်းမော်မြို့ကို ရောက်ရှိလာတဲ့ စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ဆိပ်ကမ်းလုံခြုံရေး ယူပေးနေတဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်းကို သယ်ပို့မှာဖြစ်ပြီး အဲဒီကနေမှ တခြားတပ်ရင်းတွေကို ထပ်ပို့နိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကာလ ၆ လကြာလာတာ၊ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ စစ်တပ်အင်အား တချို့ကို အခုလို ပို့လာတာလို့လည်း သိရပါတယ်။

ဗန်းမော်မြို့မှာ မြန်မာစစ်တပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ ၄၇၊ အမှတ် ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊ တပ်မ ၈၈ လက်အောက်ခံတပ်ရင်း စတဲ့ တပ်တွေအပါအဝင် စခန်း ၈ ခုလောက်ကို သိမ်းဖို့ ကျန်နေသေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပုလဲ၊ ကန့်ဒေါင့်ရဲစခန်း စစ်တပ်ပြန်သိမ်းပိုက်

ဖြည့်စွက်ဖော်ပြချက်- ပုလဲမြို့၊ ကန့်ဒေါင့်ကို စစ်တပ်မသိမ်းသေးဘူးလို့ PLA ထပ်မံဖြေဆို

ပုလဲမြို့၊ ကန့်ဒေါင့်တိုက်ပွဲနဲ့ ပတ်သက်ပြီး သြဂုတ် ၁ ရက် မှာ ပြည်သူ့လွတ် မြောက်ရေးတပ်မတော် - PLA တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်ကို ဘီဘီစီက မေးမြန်းခဲ့ရာမှာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်း ဝင်လာတာကြောင့် PLA တပ်အနေနဲ့ ကန့်ဒေါင့် ကနေ ဆုတ်ခွာခဲ့တယ်လို့ အဲဒီ ညပိုင်း ၁၀ နာရီအချိန်မှာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

'' မနေ့က( ဇူလိုင် ၃၁ ရက်) က တော့ သူတို့တွေ အရန်တပ်စွဲထားတဲ့ အင်မထီးကနေ ထွက်လာတဲ့နေရာတွေရှိတယ်လေ။သရက်ကန်တို့၊ တလှိုင်းကန်တို့ သရက်ကန်ကို မီးတွေဘာတွေရှို့ပြီးတော့ သရက်ကန်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ဘာတွေနဲ့ပစ်တာ။ ပစ်တော့ ရဲဘော်ရှိတဲ့ဘက်တွေပေါ့။ ကန့်ဒေါင်နဲ့နီးတဲ့ဘက်တွေပေါ့။ လက်နက်ကြီးတွေနဲ့ ပစ်ပစ်ပြီးတော့မှ တဖြည်းဖြည်းဝင်တာ။ ဝင်တော့ ဆုတ်ပေးလိုက်ရတဲ့သဘောပေါ့နော်။ သူတို့တောက်လျှောက်တိုက်နေတာဆိုတော့။ မနေ့က ကတည်းက ဖြစ်နေကြတာ။'' လို့ ရဲဘော်နီနီကျော်က သြဂုတ် ၁ရက် ညပိုင်း က ပြောပါတယ်။

သြဂုတ် ၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်အချိန်မှာ အဲဒီနယ်မြေအခြေအနေကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူနဲ့ ထပ်မံမေးမြန်းရာမှာ စစ်တပ်က ဩဂုတ် ၁ ရက် ညနေပိုင်းမှာ ပြန်သိမ်းပိုက်လိုက်တယ်လို့ သိရှိရကြောင်းဖြေဆိုပါတယ်။

သြဂုတ် ၂ ရက်ညနေပိုင်းမှာတော့ PLA တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ကန်ဒေါင့်ကို စစ်တပ်က မသိမ်းနိုင်သေးဘူးလို့ ဘီဘီစီကို ထပ်မံဖြေဆိုပါတယ်။

''သတင်းတွေကို မြေပြင်နဲ့ အဆက်ပြတ်နေလို့ ပြန်မေးနေလို့။ အခုသူတို့က ( စစ်တပ်) ကန့်ဒေါင့်ထဲကို ဝင်သိမ်းတယ်ဆိုတာမဟုတ်ဘူး။ကျွန်မတို့ သူတို့ဆီက သိမ်းလိုက်တာက ဇွန် ၁၉ ရက်က သိမ်းလိုက်တယ်။ အဲဒီကတည်းက သူတို့တွေက ထွက်ပြေးသွားတယ်။ အင်မထီး ရွာထဲကို စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားပြီး အင်မထီးရွာထဲမှာရှိတဲ့ ပျူတွေနဲ့ ပေါင်းပြီး နောက်ထပ် စစ်ကူချပေးတာတွေ၊ခဲယမ်းချပေးတာတွေရှိတယ်။ အဲဒါတွေနဲ့ သူတို့က အင်မထီးရွာပြင်မှာ သူတို့က စစ်ကြောင်းထိုးတာရှိတယ်။တိုက်ပွဲဖြစ်ကြတော့ သူတို့ တပ်တွေလန်ပြီး ဆုတ်ပြီးပြေးရတယ်။ သူတို့ဘက်က ရဲဘော်တွေ ကျဆုံးတာ ဒဏ်ရာရတာတွေရှိတယ်။ အယောက် ၄၊ ၅၀ ရှိတယ်။ အဲဒီမှာသူတို့ကစစ်ကြောင်းပျက်ပြီး အင်မထီးထဲကိုပြန်ဝင်ပြေးတယ်။ နောက်ပိုင်းကျတော့ အင်မထီးကိုဝင်မပြေး‌တော့ဘူး။ အဲဒီကနေ သူတို့က တလှိုင်းကန်တို့ သရက်ကန်တို့အထိ စစ်ကြောင်းထိုးလာတော့ ကျွန်မတို့ရဲဘော်တွေနဲ့ တိုက်ပွဲထပ်ဖြစ်တာပေါ့။ မနေ့က(သြဂုတ် ၁ ရက်) ကျတော့ အဲဒီသရက်ကန်ရွာကနေ သူတို့လက်နက်ကြီးတွေနဲ့ အမြောက်တွေနဲ့ ပစ်တယ်။ တရပ်စပ်ပစ်တယ်။ ပြီးတော့ စစ်ကြောင်းထိုးတယ်။ ထိုးလာတော့ ကန့်ဒေါင့်ရွာနဲ့ နီးတယ်ပေါ့နော် အဲဒီရွာတွေကို ရောက်လာတော့ အခုထက်ထိသူတို့တိုက်ပွဲတွေဖြစ်နေတယ်။ ကန့်ဒေါင့်ရွာပတ်လည်မှာလည်း ကျွန်မတို့ တော်လှန်ရေးတပ်ဖွဲ့တွေအများကြီးပဲရှိတယ် ဝိုင်းထားတယ်ဆိုတော့ သူတို့ဝင်လို့မရဘူး။ ကန့်ဒေါင့်ထဲမှာလည်း အကုန်မြေလှန်ပြီးတော့ အကုန်လုံးရှင်းလင်းထားပြီးတော့ သူတို့လည်းဝင်လို့မရဘူး။ ရဲဘော်တွေနဲ့ မဟာမိတ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဆိုတော့ သူတို့လာလို့မရဘူး။'' လို့ ထပ်မံဖြေပါတယ်။

ဘီဘီစီက အဲဒီနယ်မြေမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ သြဂုတ် ၂ ရက် ညနေပိုင်း ထပ်မံမေးမြန်းချက်မှာတော့ စစ်တပ်က ကန့်ဒေါင့် အနီးကိုရောက်နေပြီလို့ ပြောပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ခံစစ်ပုံစံနဲ့ ဆက်ပြီးတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

အစောပိုင်းသတင်းဖော်ပြချက် - တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရဲစခန်းကို မြန်မာစစ်တပ်က ဩဂုတ် ၁ ရက် ညနေပိုင်းမှာ ပြန်သိမ်းပိုက်လိုက်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုတွေက ဇွန် ၁၉ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကျော်မှာ ပြန်လက်လွှတ်လိုက်ရတာပါ။

"တလိုင်းကန်၊ သရက်ပန်၊ ညောင်ရင်းကုန်း၊ မဲဇရပ် လမ်းကနေ ဝင်လာတဲ့ နမခ (အနောက်မြောက်ပိုင်း စစ်ဌာနချုပ်) စစ်ကူလမ်းကြောင်းပါ၊ စခန်းပြန်ရပြီးတော့ ဒီနေ့မနက် ငြိမ်နေတယ်" လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဒေါင့်နယ်မြေ ရဲစခန်းတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက်တုန်းက တပ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်လာသန်း ၂၀၀ အကုန်အကျခံပြီး ခန်းမသစ်တစ်ခုဆောက်မယ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ကုန်ကျမယ့် ခန်းမသစ်တစ်ခုကို ဆောက်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါပြီ။

သမ္မတကတော် မယ်လာနီယာ ထရမ့်နဲ့ အိမ်ဖြူတော်ထိပ်တန်းအရာရှိတွေ သုံးတဲ့ အရှေ့ဘက်အဆောင်ကိုပါ ခေတ်မီအောင်ပြုပြင်မှာဖြစ်ပါတယ်။

လိုအပ်တဲ့ငွေကြေးကို ထရမ့်နဲ့ အခုအချိန်အထိ အမည်မဖော်သေးတဲ့ အလှူရှင်တွေက ထောက်ပံ့မှာဖြစ်ပြီး စက်တင်ဘာမှာ ဆောက်လုပ်မှုတွေစတင်မယ်လို့ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရိုလင်း လဗစ်ကပြောဆိုခဲ့ပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်မှာ လှပတဲ့ ခန်းမတစ်ခုတည်ဆောက်ပေးမယ်လို့ အကြိမ်ကြိမ်ကတိပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဘားရက်အိုဘားမားအစိုးရလက်ထက်မှာလည်း ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ အဲ့ဒီအချိန်က သမ္မတက ပယ်ချခဲ့ပါတယ်။

ဒီခန်းမဟာ စတုရန်းပေ ၉၀၀၀၀( ၈၃၆၀ စတုရန်းမီတာ) ရှိမှာဖြစ်ပြီး လူ ၆၅၀ ခန့် ဝင်ဆန့်မှာဖြစ်ပါတယ်။

ဆောက်လုပ်မှုဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းကုန်မယ့် ၂၀၂၉ ခုနှစ် ဇန်နဝါရီ မတိုင်မီမှာ ပြီးစီးမယ်လို့ မျှော်လင့်ရတယ်လို့ လဗစ်ကပြောဆိုခဲ့ပါတယ်။

"အိမ်ဖြူတော်ဟာ နိုင်ငံအကြီးအကဲရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ချဲ့ထွင်ခဲ့ရတဲ့ သမိုင်းကြောင်းရှိခဲ့ပြီးသားပါ၊ အဆိုပြုထားတဲ့ ပြောင်းလဲမှုတွေဟာ သမိုင်းကို အများကြီးကြုံတွေ့ခဲ့ရပြီးဖြစ်တဲ့ လက်ရှိနံရံတွေကို ဂုဏ်ပြုထိန်းသိမ်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ဟာ ဒီမိုကရေစီနိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိတဲ့လက်ရာတွေဖြစ်ပါတယ်" လို့ သမ္မတလေးဦးလက်ထက်မှာ အိမ်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်စ်လေ ဂရင်း ဘိုးမန်းက ဘီဘီစီကိုပြောပါတယ်။

အိမ်ဖြူတော်မှာ သမ္မတထရမ့်လက်ထက် အလံတိုင်ကြီးနှစ်ခု စိုက်ထူတာ၊ သမ္မတရုံးစိုက်ရာ ဘဲဥပုံရုံးခန်းအတွင်း ရွှေတန်ဆာဆင်မှုတွေထားရှိတာ၊ နာမည်ကျော်နှင်းဆီဥယျာဉ်ကို မြေတူးစက်နဲ့ကော်ပြီး ခင်းပစ်တာအစရှိတွေ လုပ်ခဲ့ပြီးဖြစ်ပါတယ်။

"ကခန်းမဆောင် ဒါမှမဟုတ် ဘောရွမ်းတွေနဲ့ပတ်သက်လို့ ထူးချွန်တဲ့ သမ္မတမရှိခဲ့ဖူးဘူး" လို့ ထရမ့်က ကြာသပတေးနေ့မှာပြောပါတယ်။

အိမ်ဖြူတော်မှာ အခမ်းအနားကြီးတွေအတွက် ယာယီတဲတွေထိုးတာပဲရှိခဲ့ပြီး ဒါဟာ တကယ့်အဖြစ်ဆိုးပဲ၊ မြင်ရတွေ့ရတာမကောင်းဘူး လို့ ထရမ့်က ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်မပါတော့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်

အငြိမ်းစားဗိုလ်ချုပ်ကြီးညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်လွှဲအပ်ပြီးတဲ့နောက် ပထမဆုံးကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို မနေ့ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်လာခြင်း မရှိတော့ပါဘူး။

အာဏာသိမ်းပြီးချိန်ကစလို့ လေးနှစ်ခွဲအတွင်း စစ်ခေါင်းဆောင်မပါတဲ့ အစိုးရအဖွဲ့အစည်းအဝေးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးနဲ့ ယာယီသမ္မတတာဝန်ယူထားတဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာပဲ တွေ့ရနိုင်ခြေရှိပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပါ မနေ့ကအစည်းအဝေးမှာ မတွေ့ရတော့ပါဘူး။

ဇူလိုင် ၃၁ ရက် အပြောင်းအလဲတွေကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူ ဗိုလ်ချုပ်ကြီးညိုစောက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

မနေ့က အစည်းအဝေးမှာ ဦးညိုစောက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော် အကြီးအကဲလို့ သုံးနှုန်းပြီး စစ်ခေါင်းဆောင်ရဲ့ မူဝါဒတွေကိုပဲ ဆက်လက်ပြောကြားနေတာ တွေ့ရပါတယ်။

မိုးကုတ်မြို့ထဲ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁၁ ယောက်သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ဂေါင်းဦးဘာကွက်သစ်နဲ့ အောင်သုခရပ်ကွက် အစပ်ကြားကို ဩဂုတ် ၂ ရက် ဒီနေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ယောက် ‌သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေလည်း ၁၀ ယောက်ဝန်းကျင်လောက် ရှိနေပါတယ်။

ကုန်စုံဆိုင်တစ်ဆိုင်နဲ့ ဘိလိယက်ခုံနားကို လေကြောင်းကနေ ဗုံးနှစ်လုံး ဆက်တိုက်ကျရောက် ပေါက်ကွဲတာကြောင့် အနားမှာရှိတဲ့ ထော်လာဂျီယာဉ်မောင်း သုံးဦး၊ ကွမ်းယာရောင်းသူ၊ ဖြတ်သွားဖြတ်လာ ပြည်သူတွေနဲ့ ဆွမ်းခံ သံဃာတစ်ပါးအပါအဝင် ၁၁ ယောက် သေဆုံးတာလို့ ဒေသခံက ပြောပါတယ်။

"မနက် ၈ နာရီကျော်လောက်က ကျတာ၊ ကျပ်ပြင်လမ်းမကြီးပေါ် လမ်းအလယ်ကိုကျတာ။ ထိခိုက်တာတွေက ပြည်သူတွေပါဗျာ"လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးကွင်းတို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ၃ ယောက် သေဆုံးပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တအာင်းတပ်- TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် တစ်လတည်းမှာတင် မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ၉ ယောက် သေဆုံးပြီး ၄၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာစုံတွဲတွေကို ညစ်ညမ်းရုပ်သံရိုက်တဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် ၅ ယောက်ကို ထောင်ဒဏ်တစ်သက်ချ

မြန်မာလူငယ်စုံတွဲ သုံးတွဲကို ညစ်ညမ်းရုပ်သံရိုက်ပြီး ချီထိုက် Application ကနေ Live လွှင့်ခဲ့တဲ့ တရုတ်နိုင်ငံသား နှစ်ယောက် အပါအဝင် ငါးယောက်ကို လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေး ဥပဒေအရ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသား နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို စစ်ခုံရုံးအဖွဲ့ (၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌက ဇူလိုင် ၂၉ ရက်မှာ အမိန့်ချတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က လူငယ်စုံတွဲ တစ်တွဲက သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ရွှေပြည်သာမြို့နယ်က အသိအမျိုးသမီးဆီ အလုပ်ပေးဖို့ အကူအညီတောင်းခံတာကနေ လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီအိမ်ရာဝင်းထဲက နေအိမ်မှာ အသိအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ၊ တရုတ်ဘာသာပြန်သူ ၊ တရုတ်နိုင်ငံသား ဒါရိုက်တာ၊ တရုတ်နိုင်ငံသားကြီးကြပ်သူနဲ့ ရိုက်ကူးသူတို့ကို တွေ့ရှိခဲ့တယ်လို့ နေ့စဉ်ထုတ် သတင်းစာကနေ သိရပါတယ်။

အဲဒီနေအိမ်မှာ သင်္ဃန်းကျွန်းမြို့နယ်က လူငယ်စုံတွဲအပြင် နောက်ထပ်စုံစွဲနှစ်တွဲလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူငယ်စုံတွဲတွေ အတူနေတဲ့ ဗွီဒီယို ရိုက်ကူးမယ်ဆိုရင် လုပ်အားခ တစ်လကို ငွေကျပ် ၁၁ သိန်းကနေ ၁၆ သိန်း ရရှိမယ်ဆိုပြီး သုံးကြိမ်စီ ရိုက်ကူးခဲ့ပါတယ်။

ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း ချီထိုက် Application ကနေ Live လွှင့်ခဲ့တာကြောင့် အမျိုးသမီးလင်မယား၊ တရုတ်ဘာသာပြန်နဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို လူကုန်ကူးမှု တာဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၈ (က) (ခ) တို့အရ ထောင်ဒဏ်တစ်သက် ချမှတ်တာ ဖြစ်ပါတယ်။

ဒါရိုက်တာ အားဂျယ်ကတော့လွတ်မြောက်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် နဝဒေးအိမ်ရာမှာပဲ တခြားအမှုတွေလည်း ဖမ်းဆီးခဲ့ပြီး ထောင်တစ်သက်ချမှတ်ခဲ့ပါတယ်။

ငွေကြေးရယူပြီး အသက် ၁၇ နှစ်နဲ့ ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီး နှစ်ယောက်ကို တရုတ်မယားအဖြစ် မြန်မာအမျိုးသမီးနဲ့ တရုတ်နိုင်ငံသား လင်မယားတို့က တခြား တရုတ်နိုင်ငံသား နှစ်ယောက်ဆီ ရောင်းချခဲ့တဲ့အမှုဖြစ်ပါတယ်။

ဒါ့ကြောင့် ရောင်းချသူ နဲ့ ဝယ်ယူသူ တရုတ်နိုင်ငံသား ၃ ယောက်၊ မြန်မာအမျိုးသမီးတစ်ယောက်ကိုလည်း ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့ပါတယ်။

၂၄ နာရီထက်ပိုမချုပ်နှောင်ဖို့နဲ့ နေအိမ်ထဲဝင်ရောက်ရှာဖွေတဲ့ ပုဒ်မတွေကို ရပ်ဆိုင်း

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးထားတဲ့ ဥပဒေထဲက ပုဒ်မ ၅ ၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ မှာ ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်လိုက်ပါတယ်။

အရပ်သား အစိုးရ သမ္မတ ဦးထင်ကျော်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်‌ပေးရေး ဥပဒေကို ၂၀၁၇ ခုနှစ် မတ် မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

အဲဒီဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၃ ခုကို ၂၀၂၅ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်‌ပေးရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ဆိုပြီး စစ်ခေါင်းဆောင်က ပြင်ဆင် ထုတ်ပြန်လိုက်တာပါ။

ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ ၅ မှာဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုတွေ နစ်နာဆုံးရှုံးတာတွေ မရှိအောင် ကာကွယ်ပေးရမှာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ နေအိမ်၊ အခန်း၊ အဆောက်အအုံ၊ ပရဝဏ်တွေထဲကို ဥပဒေအရ ဝင်ရောက်ရှာဖွေ သိမ်းဆည်းမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရှာဖွေ ဖမ်းဆီးမယ်ဆိုရင် အဲဒီရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ တာဝန်ခံ၊ ဆယ်အိမ်မှူး တစ်ယောက်ယောက် အပါအဝင် အနည်းဆုံး သက်သေ နှစ်ယောက် ပါရမှာပါ။

ပုဒ်မ ၅ မှာပါတဲ့ ဒီအချက်တွေကို ရပ်ဆိုင်းလိုက်တာဟာ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်မှု၊ လုံခြုံမှုတွေ ဆုံးရှုံးမှာဖြစ်သလို ကိုယ့်နေအိမ်၊ ပရဝဏ်တွေထဲကို သက်သေမပါဘဲ ဝင်ရှာခံရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၇ မှာဆိုရင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားတဲ့ ကိစ္စကလွဲပြီး တရားရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ၂၄ နာရီ ထက် ကျော်လွန်ပြီး ချုပ်နှောင်ခွင့် မပြုရဆိုတဲ့ အချက်ကို ရပ်ဆိုင်းခံရတာပါ။

ပုဒ်မ ၈ ကတော့ တရားဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းမပါဘဲဖြစ်ဖြစ်၊ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုချက် မရှိဘဲ ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့ အိမ်တွေ၊ အခန်း၊ အဆောက်အဦ၊ ပရဝဏ်တွေထဲကို ရှာဖွေ၊ ဖမ်းဆီး၊ သိမ်းဆည်းတာတွေ မလုပ်ရပါဘူး။

နိုင်ငံသားတစ်ယောက်အပေါ် အနှောင့်အယှက်ဖြစ်စေတဲ့ လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ နောက်ယောင်ခံလိုက်တာ၊ စုံထောက် စုံစမ်းတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် ဖုန်းပြောတာတွေကို ကြားဖြတ်နားထောင်တာ၊ တနည်းနည်းနဲ့ အနှောင့်အယှက်ပေးတာတွေ၊ အော်ပရေတာဆီကနေ သတင်းအချက်အလက် တောင်းယူတာ ထုတ်ပေးတာတွေ မလုပ်ဖို့ ပါဝင်ပါတယ်။

တခြားတစ်ယောက်ရဲ့ စာအိတ်၊ ချောထုတ်၊ ပါဆယ်တွေကို ဖွင့်ဖောက်၊ သိမ်းဆည်း၊ ရှာဖွေ၊ ဖျောက်ဖျက်၊ ဖျက်ဆီးတာတွေကိုလည်း တားမြစ်ထားတာပါ။

နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ထိပါးအောင် လုပ်တာတွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းယူတာ၊ ဖျက်ဆီးတာတွေကို မလုပ်ဖို့ ပါဝင်တဲ့ ပုဒ်မ ၈ ကိုလည်း ရုပ်သိမ်းလိုက်တာပါ။

ဒါ့ကြောင့် ဖုန်းပြောတာတွေ၊ လမ်းသွားလမ်းလာချိန်တွေမှာပါ ကိုယ့်ရဲ့ လုံခြုံမှုတွေကို ထောက်လှမ်း၊ စုံစမ်းခံရနိုင်သလို ကိုယ့်ရဲ့ ပါဆယ်၊ အိတ်တွေကိုပါ ဖွင့်ဖောက်စစ်ဆေးခံရမှာ ဖြစ်ပြီး ဝရမ်းမပါဘဲလည်း ဖမ်းဆီးခံရနိုင်ပါတယ်။

ပုဒ်မ ၅၊ ပုဒ်မ၇၊ ပုဒ်မ ၈ တွေကို ရပ်ဆိုင်းထားတဲ့ ဒီဥပဒေ ကို လွှတ်တော်တွေ မဖွဲ့စည်းနိုင်သေးချိန် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ကျင့်သုံးနေတဲ့ ကာလအတွင်း အကျုံးဝင်တယ်လို့လည်း စစ်ခေါင်းဆောင်က ထုတ်ပြန်ထားပါတယ်။