ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုင်တာနဲ့အရေးယူမယ့် ပုံနှိပ်ဥပဒေပြင်ဆင်ချက်ကို စစ်ကောင်စီထပ်ဖြည့်
စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာ မတ်လ ၇ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကို ပြင်ဆင်လိုက်ပြီး ပြည်တွင်းပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတွေကို ထပ်မံတင်းကျပ်လိုက်ပါတယ်။
မူလဥပဒေမှာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေ၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေမယ့်အကြောင်းအရာတွေ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုတွေကို အားပေးလှုံ့ဆော်တဲ့ ဖော်ပြမှုတွေမလုပ်ဖို့ တားမြစ်ထားပါတယ်။
အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ အဲဒီ တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ သတင်းပေးပို့ခံရလို့ စစ်ဆေးတွေ့ရှိရင် လုပ်ငန်းလိုင်စင်ကို ပြန်လည် ရုပ်သိမ်းတာ၊ ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာတွေလုပ်နိုင်တယ်လို့ စစ်ကောင်စီက အသစ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
ဒါအပြင် ပြန်လည်ပြင်ဆင်လိုက်တဲ့ဥပဒေမှာ အရင်က တရားမဝင်ထုတ်ဝေတဲ့စာအဖြစ် ကြေညာနိုင်ဖို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ခရိုင်တရားရုံးတွေကနေ သွားခိုင်းထားပြီး အခုပြင်ဆင်ချက်မှာတော့ အဲဒီအဆင့်တွေကို ဖယ်ရှားကာ နိုင်ငံတော်ပြန်တမ်းမှာ တန်းကြေညာခွင့် ရှိတယ်ဆိုပြီး ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
“အရေးယူတဲ့ အဆင့်ကို ကျော်လိုက်တယ်၊ ပုံနှိပ်သူ နေရာမှာ ထုတ်ဝေသူကို အစားထိုးပြီးပြင်လိုက်တာ ထူးခြားတယ်”လို့ ပြည်တွင်းက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ အာဏာသိမ်းသတင်းတွေ ရေးသား တင်ဆက်ကြတဲ့ သတင်းဌာနတချို့ကို လိုင်စင်ပိတ်သိမ်းလိုက်ပြီး သတင်းထောက်တွေ ဆက်တိုက်ဖမ်းဆီးခံလိုက်ရသလို ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေ စတင် ကန့်သတ်ခံလိုက်ရပါတယ်။
အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာတော့ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက ဖိနှိပ်ကန့်သတ်မှုတွေက စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ဦးတည်လာပါတယ်။
ထုတ်ဝေတဲ့စာအုပ်ထဲက အကြောင်းအရာတချို့အပေါ်မူတည်ပြီး စာအုပ်ထုတ်ဝေတဲ့စာအုပ်တိုက်တွေကို ပိတ်သိမ်းတာ တရားစွဲတာတွေ ဆက်တိုက်ဆိုသလို လုပ်လာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေဟာ အရင်ကလောက် လည်ပတ်နိုင်ခြင်း မရှိတော့သလို စာပေတွေရေးသားထုတ်ဝေရာမှာလည်း သတိထားပြီးထုတ်ဝေနေရတယ်လို့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပါတယ်။
အာဏာစသိမ်းလိုက် ကတည်းက စကားလုံးအသုံးအနှုန်းတွေမှာ မငြိဖို့ ရေးသားမှုတွေမှာ မငြိဖို့ အထူးသတိထားနေရတဲ့ အကြောင်းလည်း သူက ပြောပြပါတယ်။
“အာဏာသိမ်း စစ်ကောင်စီတို့ စကစ တို့ စတဲ့ စကားလုံးတွေကို ပုံနှိပ်ထုတ်ဝေတဲ့ အထဲမှာ မပါအောင်”သတိထားရတယ်လို့ သူက ပြောပြပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးသားထားတဲ့စာအုပ်ကို တင်သွင်း၊ ဖြန့်ချိ ရောင်းချခဲ့တဲ့အတွက် လွင်ဦးစာပေတိုက်ကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့ကစလို့ စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်လိုက်ပါတယ်။
လွင်ဦးစာပေဟာ Myanmar's Rohingya Genocide: Identity, History and Hate Speech ဆိုတဲ့ စာအုပ်ကို Facebook ကနေတစ်ဆင့် ဖြန့်ချိရောင်းချခဲ့တဲ့အတွက် အခုလို ပိတ်လိုက်ရတာလို့ မေလ ၃၁ ရက် စစ်ကောင်စီရဲ့ သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းတာ တစ်နှစ်ကျော်ပြီးနောက်ပိုင်း ဧပြီ ၈ရက်နေ့က ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒစာအုပ်ကို တခါပြန်ထုတ်ဝေခဲ့တဲ့ ဝင်းတိုးအောင်ပုံနှိပ်တိုက်နဲ့ ရန်အောင်စာပေတိုက်တို့ကို စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့်ပိတ်လိုက်ပြီး စာအုပ်တိုက်ကို တရားစွဲဆိုထားပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားချင်း ချစ်ကြိုက်မှုအကြောင်းကို ဇာတ်လမ်းရေးသားဖော်ပြထားတဲ့''My Possessive Step-Bro '' ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့တဲ့ ရွှေလာဘ်စာပေကိုလည်း စစ်ကောင်စီက ညစ်ညမ်းစာပေထုတ်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ထုတ်ဝေခွင့်ကို ၂၀၂၂ ခုနှစ် ဧပြီလက ထပ်မံပိတ်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် ကံကောင်းခြင်းအိမ်ငယ်လေးဆိုတဲ့ စာအုပ်တိုက်လည်း ညစ်ညမ်းစာပေထုတ်တယ်ဆိုပြီး ၂၀၂၂ ခုနှစ် သြဂုတ်လက ပိတ်သိမ်းခဲ့ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ စာအုပ်တိုက် ၄ ခုအထိရှိလာခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်က ပြန်ကြားရေးဝန်ကြီးဌာနကတော့ ပိတ်သိမ်းလိုက်တဲ့စာအုပ်တိုက်တွေ၊ ပုံနှိပ်လုပ်ငန်းတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမှာပါတဲ့ ထုတ်ပြန်ချက်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး လိုင်စင်ပိတ်သိမ်းတာတွေ၊ တရားစွဲဆိုတာတွေ လုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် မြို့ကြီးတွေက ပုံနှိပ်တိုက်တွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အရေးအသားတွေပါတဲ့ စာတွေကို ပုံနှိပ်တာမလုပ်ဖို့ကိုလည်း စစ်ကောင်စီကသတိပေးတာတွေ လုပ်ခဲ့တယ်လို့ စာအုပ်ထုတ်ဝေသူတချို့က ဘီဘီစီကို ပြောခဲ့ပါတယ်။
အခုလက်ရှိပြည်တွင်း မှာ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာ ၃ စောင် နဲ့ ပုဂ္ဂလိက သတင်းစာ ၂ စောင် နေ့စဥ်ထုတ်ဝေနေကြပါတယ်။
မတ်လ ၇ ရက်နေ့ ထပ်မံပြင်ဆင်လိုက်တဲ့ ဥပဒေမှာ အရင်ဥပဒေမှာ ဖော်ပြထားတဲ့ ပုံနှိပ်သူ ဆိုတဲ့နေရာမှာ ထုတ်ဝေသူဆိုတာကို ပြင်ဆင်တာလည်းတွေ့ရပါတယ်။
"ပုံနှိပ်သူ ဆိုရင် ပုံနှိပ်စက် မန်နေဂျာတို့ တာဝန်ရှိသူတွေ တရားစွဲတာခံရတာဖြစ်ပြီး အခုတော့ ထုတ်ဝေတဲ့သူ ကို တိုက်ရိုက် အရေးယူဖို့ ပြောင်းလာတာ"လို့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး သတင်းသမား အယောက် ၁၃၀ ထက်မနည်း အဖမ်းခံရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၇၂ ယောက်ရှိနေသလို သတင်းသမား ၄ ယောက်လည်း သေဆုံးခဲ့တယ်လို့ RSF နယ်စည်းမခြားသတင်းသမားများအဖွဲ့က ၂၀၂၃ ဇန်နဝါ ရီ ၃၀ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ DVB, Myanmar Now, 7Day News အပါအဝင် သတင်းဌာန ၁၃ ခုကိုလည်း စစ်ကောင်စီက ပိတ်သိမ်းခဲ့ပါတယ်။
အဲဒါအပြင် လွတ်လပ်တဲ့ သတင်းသမားအဖွဲ့အစည်းတွေလည်း ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်တွေ မရှိတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။
"အခုက စာအုပ်ထုတ်ပြီး စာပေစိစစ်ရေးကိုတင်ရတာ၊ ကျွန်တော်ဆိုရင် စာအုပ်တိုက်နာမည်လေးနဲ့ ထုတ်ဝေခွင့် အမှတ်ကို အချို့က ခွင့်ပြုချက်မတောင်းဘဲ ထုတ်တာတွေရှိတော့ ထုတ်ဝေသူ တွေလည်း စိုးရိမ်ရတယ်လို့" လည်း စာအုပ်ထုတ်ဝေရေးလုပ်ကိုင်သူ တစ်ဦးကပြောပြပါတယ်။
အခုလိုကန့်သတ်ချက်တွေ အဘက်ဘက်က ဆုတ်ယုတ်မှုတွေရှိသလို တင်းကျပ်မှုတွေရှိတာကြောင့် မြန်မာ့စာပေစျေးကွက်ကျဆင်းလာသလို နောက်ဆက်တွဲမှာ စာနယ်ဇင်းလော နဲ့အသက်မွေးဝမ်းကျောင်း လုပ်တဲ့ စာရေးဆရာ၊ ကာတွန်းဆရာတွေလည်း ဖန်တီးမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ခဲ့ကြရပါတယ်။
လက်ချိုးရေတွက်လို့ရတဲ့ ပမာဏသာကျန်တော့တဲ့ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာတွေကြောင့် ကာတွန်းရေးဆွဲတဲ့ကာတွန်းဆရာတချို့လည်း အသက်မွေးဝမ်းကျောင်းပြောင်းရတာတွေ ရှိလာပါတယ်။
'' စျေးကွက်မရှိလို့ စာအုပ်မထုတ်နိုင်၊ စာအုပ်မထုတ်နိုင်တော့ စာအုပ်မဖတ်နိုင်ကြ၊ ဒီလိုနဲ့ မမျှော်လင့်နိုင်တဲ့ အခြေအနေတွေနဲ့ ပိန်းပိတ်မှောင်သွားတော့မှာ။"
"နိုင်ငံတစ်ခုမှာဘယ်လောက်ပဲ အွန်လိုင်း၊ ရုပ်သံတွေ ထွန်းကားပေမယ့် ပုံနှိပ်ထုတ်ဝေတဲ့စျေးကွက်တစ်ခုကတော့ ရှိနေကြတယ်။ မြန်မာနိုင်ငံမှာတော့ ဝမ်းနည်းထိတ်လန့်စရာအနေအထားရောက်နေပြီ။" လို့ စာရေးဆရာ ဟိန်းလတ်က ဘီဘီစီကို သုံးသပ်ပြောဆိုခဲ့ပါတယ်။