ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့တွေ့မယ်
ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်မှာ စတင်မှာဖြစ်ပြီး ငါးရက်ကြာမယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ကူမင်းမှာ ပြုလုပ်မယ့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်က တက်ရောက်မှာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။
အစည်းအဝေးကာလအတွင်းမှာ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့တွေ့မယ် လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သုံးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
အမ်းမြို့ ခုတင် ၃၀၀ စစ်ဆေးရုံကို အေအေထိန်းချုပ်
တပ်ရင်းနဲ့ ကာကင်းစခန်းတွေကို အေအေ သိမ်းပိုက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးမှာရှိတဲ့ အမှတ် (၂) ခုတင် ၃၀၀ စစ်ဆေးရုံကို အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်-အေအေ) က ထိန်းချုပ်လိုက်ပြီလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို အေအေက ပိတ်ဆို့ထားတာကြောင့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စာသင်ကျောင်းတွေမှာ တပ်စွဲပြီးဖွင့်ထားတဲ့ ယာယီဆေးပေးခန်းတွေမှာပဲ ကုသနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
ပူလောင်တောင်ဘုရားကုန်းက တပ်စခန်း၊ ကံ့ကော်တစ်ထောင်ဘုရားက စစ်ကောင်စီတပ်စခန်း၊ စရဖတပ်၊ စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနဲ့ နပခတဝိုက်က ကာကင်းစခန်းတွေကို အေအေက နိုဝင်ဘာလဆန်းမှာပဲ သိမ်းပိုက်ထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမီဒီယာတွေမှာတော့ အမ်း-မင်းဘူးတောင်ကြားလမ်းပေါ်က စစ်တပ်စခန်းတွေအားလုံးကို အေအေက သိမ်းပိုက်ထားတာလို့ဖော်ပြထားပါတယ်။
စစ်ကောင်စီကလည်း နပခ မကျရေးအတွက် နိုဝင်ဘာ ၂ ရက်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီကတော့ နပခအခြေစိုက်တဲ့ အမ်းမြို့က ခုတင် ၃၀၀ စစ်ဆေးရုံအပါအဝင် စစ်တပ်စခန်းနဲ့ ကာကင်းစခန်းတွေ သိမ်းခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ထန်တလန်မှာ တိုက်ပွဲပြင်းထန်နေ
မင်းတပ်မှာ တစ်လအတွင်း အကြိမ် ၈၀ နီးပါး လေကြောင်းတိုက်ခိုက်ခံရ
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား မြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီကလည်း မြို့မကျရေးအတွက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
“မြို့တဝိုက်ကို လေယာဉ်နဲ့ ဗုံးတွေလာကြဲသွားတယ်” လို့ ဒီနေ့မနက် အခြေအနေကို သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် နှစ်ဖက်တိုက်ပွဲအတွင်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ထန်တလန်တစ်မြို့လုံးနီးပါး ပျက်စီးနေပြီလို့ သူက ဆက်ပြောပါတယ်။
စစ်တပ်တပ်စွဲထားတဲ့ ထန်တလန်မြို့ ရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေဘက်က ဝိုင်းရံပြီး ထိုးစစ်ဆင်နေတာလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ထန်တလန်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်တွေကနေ စစ်ကူတွေဖြည့်တင်းနေပြီး ထန်တလန်မြို့ကို နောက်ထပ်စစ်ကူ ၁၀၀ နီးပါးရောက်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
“စစ်တပ်ဘက်က ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ လောက် စစ်ကူထပ်ပို့ဖို့ တောင်းထားတယ်လို့သိရတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ မြို့တော် ဟားခါးကို ဆက်ပြီးထိန်းချုပ်ဖို့ ထန်တလန်မြို့က နောက်ဆုံးခံတပ်ဖြစ်ပြီး စစ်ရေးအရ အရေးပါတာကြောင့် ထန်တလန်မြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကူတွေပါစေလွှတ်ပြီး ခုခံတိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ထန်တလန်တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်တွေဘက်က ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ စစ်ဦးစီးချုပ်အပါအဝင် သေဆုံးတဲ့သူ ၂၀ ဦးထက်မနည်းရှိနေပြီလို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
တစ်ဖက်မှာလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အောက်တိုဘာ တစ်လအတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်လုပ်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (CDF-မင်းတပ်) က မနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုအပြင် မင်းတပ်မြို့ပေါ်က အရပ်သားနေအိမ် ၃၀ ကိုလည်း စစ်ကောင်စီတပ်ဘက်က မီးရှိုးဖျက်ဆီးခဲ့တယ်လို့ CDF မင်းတပ်ဘက်က ထည့်ပြောထားပါတယ်။
စစ်ကောင်စီကတော့ ထန်တလန်မြို့ တိုက်ပွဲအပါအဝင် မင်းတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြန်မာအမျိုးသမီး ၁၄ ယောက်ကို တရုတ်ပို့မယ့် လူကုန်ကူးဂိုဏ်း မန္တလေးမှာဖမ်းမိ
မြန်မာ မိန်းကလေးတွေကို တရုတ်မယားအဖြစ် ပို့ဆောင်မယ့် လူကုန်ကူးဂိုဏ်းတစ်ခုကို အောက်တိုဘာ တတိယအပတ်ထဲ မန္တလေးမြို့မှာ ဖမ်းမိခဲ့ပါတယ်။
အဖမ်းခံရတဲ့ဂိုဏ်းထဲ တရုတ်နိုင်ငံသား ၃ ဦးပါဝင်နေသလို မြန်မာနိုင်ငံသား ၁ ဦးက အဲဒီဂိုဏ်းကို ဦးဆောင်လှုပ်ရှားပြီး နောက်ထပ် မြန်မာ ၃ ဦးကတော့ မြန်မာက မိန်းကလေးတွေကို တရုတ်မယားလုပ်ဖို့ စည်းရုံးပြီး လူစုဆောင်းနေတဲ့ ပွဲစားတွေဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတာပါ။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကိုထွက်ခွာမယ့်သူတွေကို လေဆိပ်လုံခြုံရေးက စစ်ဆေးတဲ့ချိန် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နဲ့ အမျိုးသမီးငယ် ၃ ဦးတို့ကို မသင်္ကာရာကနေ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက တဆင့် တရုတ်နိုင်ငံကို ဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။
စစ်မေးခံရတဲ့ အမျိုးသမီးငယ် ၃ ဦးဟာ လူမှုကွန်ရက် TikTok ကနေ တရုတ်မယားလုပ်ဖို့ စည်းရုံးစုဆောင်းခံရတဲ့သူတွေဖြစ်ပြီး ဂိုဏ်းဖွဲ့၊ စည်းရုံးဆောင်ရွက်ခဲ့တဲ့ ဒေါ်နန်းဆိုင်ခမ်း (မားမား) ဆိုသူကိုလည်း ဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ လူကုန်ကူးဂိုဏ်းထဲပါဝင်တဲ့ မမေထက်နိုင်ဦးနဲ့ မဇင်သူခိုင် စတဲ့ အမျိုးသမီး ၂ ဦးကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ လူကုန်ကူးဂိုဏ်းဟာ တရုတ်မယားလုပ်ဖို့ စည်းရုံးခံရတဲ့ အမျိုးသမီးတွေကို စုစည်းထိန်းချုပ်ထားဖို့ မန္တလေး ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးက သုံးထပ်တိုက်တစ်လုံးအပါအဝင် ပြည်ကြီးတံခွန်မြို့နယ်မှာလည်း အိမ်တစ်လုံးငှားရမ်းခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကို ပြည်ကြီးတံခွန်မြို့မ ရဲစခန်း၊ တံတားဦးလေဆိပ်နယ်မြေရဲစခန်းတို့မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ နဲ့ အမှု ၄ မှုဖွင့်ပြီး အရေးယူထားတယ်လို့ စစ်ကောင်စီက ထပ်ပြောထားပါတယ်။
ကိုးကန့်စစ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ လ အတွင်း လူ ၄၀ နီးပါးသေဆုံး
ကိုးကန့်တပ်ရဲ့ အမှတ် (၁) စစ်ဒေသမှာ လေကြောင်းကနေ အကြိမ် (၅၀) ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ၄ လအတွင်း အရပ်သား ၃၈ ဦးထက်မနည်းသေဆုံးပြီး ၁၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA)က ထုတ်ပြန်ပါတယ်။
ဇူလိုင်လကနေ အောက်တိုဘာလအထိ လားရှိုးနဲ့ လောက်ကိုင်မြို့အပါအဝင် သိန္နီခရိုင်နဲ့ တခြားနယ်မြေတွေကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အဓိကထားတိုက်ခိုက်ခဲ့တာလို့ MNDAA က ဆိုပါတယ်။
ကိုးကန့်တပ်က သြဂုတ်လမှာ လားရှိုးမြို့ကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံခဲ့ရတာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံတချို့အပါအဝင် အရပ်သားနေအိမ်တွေ၊ ဟိုတယ်တွေနဲ့ စက်ရုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကတော့ အမှတ် (၁) စစ်ဒေသကို လေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။