မေ ၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ငလျင်ကြောင့် ယိုင်နေတဲ့ မန္တလေး အထပ်မြင့်တိုက် အောက်နှစ်ထပ်ပြိုကျ

မိုးများပြီးနောက် မြေညီထပ်ပြိုသွားတဲ့ တိုက်

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, မိုးများပြီးနောက် မြေညီထပ်ပြိုသွားတဲ့ တိုက်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မန္တလေးမြို့၊ ‌အောင်မြေသာစံမြို့နယ်၊ ၁၅ လမ်းနဲ့ ၈၂ လမ်းထောင့်က ၈ ထပ်တိုက် တစ်တိုက်ဟာ မိုးများပြီးတဲ့နောက်မှာ အောက်ဆုံးက မြေညီထပ်နဲ့ ပထမထပ်တို့ ပြိုဆင်းအိကျ သွားတယ်လို့ ပတ်ဝန်းကျင်နေထိုင်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့ပြီးခဲ့အချိန်ကတည်းက ငလျင်ဒဏ်ကြောင့် အဲဒီတိုက်ဟာ ဘယ်ဘက်ကို ယိမ်းယိုင်နေတာပါ။

အဲဒီတိုက် ယိုင်နေကတည်းက တိုက်ပေါ်မှာ နေထိုင်တဲ့သူတွေနဲ့ တိုက်ဘယ်ဘက် ခြမ်းက ကပ်လျက် အိမ်မှာနေထိုင်တဲ့သူတွေဟာ အန္တရာယ်ကြောင့် နေရာပြောင်းရွှေ့နေကြလို့ ဒီနေ့ အောက်ဆုံးထပ် ပြိုကျမှုမှာ ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့တွင်း မိုးများခဲ့ချိန်မှာ ပြိုကျလာတာကြောင့်လည်း လူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

"တစ်ထပ်တည်းပြိုတယ်ဆိုပေမဲ့ သူ့အလေးချိန်လည်းပါတော့ မြေကြီးတောင် တုန်တာ၊ ဒါကို ငလျင်ထပ်လှုပ်ပါတယ်ဆိုပြီး အိမ်ထဲကနေ ထွက်ပြေးကြရသေးတယ်။ အခု အဲဒီတိုက်က ညာဘက်ကို စောင်းသွားလို့ ညာဘက်အိမ်ကလူတွေလည်း ရွှေ့ကြရတော့မယ်"လို့ မျက်မြင်တွေ့ရှိသူ တစ်ယောက်က ပြောပြပါတယ်။

အဲဒီတိုက်ဟာ အနီးနားပတ်ဝန်းကျင်မှာ အထပ်အမြင့်ဆုံးတိုက်ဖြစ်တာကြောင့် ထပ်မံပြိုကျမယ့် အန္တရာယ် ကြိုတင် သတိပေးတဲ့အနေနဲ့ တိုက်အနီးတဝိုက်ကို ဖြတ်သန်းသွားလာခွင့်ကို သက်ဆိုင်ရာက တားထားလိုက်ပြီဖြစ်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး ၊ ပဲခူး၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော် တို့မှာ မတ် ၂၈ ရက်ကနေ မေ ၂ ရက်အထိ ရရှိတဲ့စာရင်းအရ သေဆုံးသူ ၃,၈၃၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲ

ဒီထဲမှာ အ‌ဆောက်အဦပေါင်း သောင်းနဲ့ချီဟာ ထိခိုက်ပျက်စီးခဲ့ပြီး ငလျင်ဘေးသင့်ခဲ့ပေမဲ့ နေလို့ရတယ်ဆိုပြီး ကိုယ့်အိမ်မှာ ဆက်နေထိုင်သူ လေးသိန်းကျော် ၄၂၁၃၁၁ ရှိတယ်လို့ စစ်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) က ထုတ်ပြန် ထားပါတယ်။

ပြင်ဦးလွင်မှာ မိုးများပြီး ကျေးရွာ ၃ ရွာ နာရီပိုင်းရေကြီး

ပြင်ဦးလွင်မြို့နယ် ကျေးရွာတချို့မှာ မေ ၄ ရက် မနက်ပိုင်းက တောင်ကျချောင်းရေ ဝင်လာတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြင်ဦးလွင်မြို့နယ် ကျေးရွာတချို့မှာ မေ ၄ ရက် မနက်ပိုင်းက တောင်ကျချောင်းရေ ဝင်လာတဲ့မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က မန္တလေး-ပြင်ဦးလွင်လမ်းမပေါ်မှာ တောင်ကျချောင်းရေတွေ ကျလာတာကြောင့် ကျေးရွာ သုံးရွာလောက် နာရီပိုင်းလောက် ရေကြီးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ မေလ ၄ ရက် မနက်ပိုင်းက မိုးသည်းသည်း မည်းမည်း ရွာခဲ့တာကြောင့် တောင်ပေါ်ကနေ ကျလာတဲ့ ချောင်းရေတွေဟာ ဆည်တော်၊ ဂိုက်တန်း၊ အုန်းချော စတဲ့ကျေးရွာတွေထဲကို မနက် ၇ နာရီကနေစပြီး ရေဝင်ရောက်လာတာ လို့ ပြောပါတယ်။

"မနက် ၇ နာရီကနေ ရေဝင်တာ မနက် ၉ နာရီမှာ တချို့နေရာတွေ လူတစ်ရပ်မြုပ်လောက်အထိ အမြင့်ဆုံးရောက်သွားတယ်။ ပြီးတော့ သိပ်မကြာပါဘူး ရေတွေပြန်ကျသွားတယ်။ နာရီပိုင်းလောက်ပဲ ရေတက်သွားတာပါ။ လူအထိအခိုက်တွေလည်း မရှိပါဘူး"လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်တွေမှာဆိုရင် မန္တလေး- ပြင်ဦးလွင်ကားလမ်းရဲ့ ၁၆ မိုင်ဂိတ် စစ်ဆေးရေးဂိတ်နားက တောင်ပေါ်ကနေ ချောင်းရေတွေဟာ အရှိန်နဲ့ ကျဆင်းနေ သလို ရွာတွေထဲကိုလည်း စီးဝင်နေတာတွေ တွေ့ရပါတယ်။

ပြင်ဦးလွင်မြို့နယ်ထဲက တောင်ပေါ်တွေမှာ နေအိမ်တွေ တည်ဆောက်ဖို့အတွက် ကျောက်ထုတ်ကြတာတွေကြောင့် တောင်ကျချောင်းရေတွေကို အတားအဆီးမရှိ ဖြစ်စေတဲ့ အကြောင်းတစ်ရပ်လို့လည်း ပြင်ဦးလွင်မြို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ မြို့ခံတစ်ယောက်က မှတ်ချက်ပေးပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၃ ရက် မနက် ၉ နာရီခွဲကနေ မေ ၄ ရက် မနက် ၉ နာရီခွဲ တိုင်းတာချက်အရ နေပြည်တော်နဲ့ မန္တလေးတိုင်းမှာ နေရာကွက် မိုးကြီးခဲ့ပြီး ပြင်ဦးလွင်မြို့မှာဆိုရင် မှတ်သားဖွယ်ရာ မိုးရေချိန် ၂ ဒသမ ၉၁ လက်မ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့မှာ ရွှေဆိုင်ဓားပြတိုက်သူတွေကို PDF ဖမ်းမိ

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဖမ်းမိခဲ့တဲ့ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာသူတွေ

ဓာတ်ပုံ ရင်းမြစ်, ဗျူဟာအမှတ် ၆၄၊ စစ်ဒေသ ၁

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဖမ်းမိခဲ့တဲ့ရွှေဆိုင်ဓားပြတိုက်ပြီး ပြန်လာသူတွေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်း ပြန်လာတဲ့ ဓားပြအဖွဲ့ကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းအဖွဲ့တွေက ဖမ်းမိတယ်လို့ ဗျူဟာအမှတ် ၆၄၊ စစ်ဒေသ ၁ က မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မြင်းမူမြို့မှာ ဓားပြတိုက်ပြီး ပြန်လာသူတွေဆီကနေ ကာလတန်ဖိုး မြန်မာငွေကျပ် သိန်း ၂၆,၀၀၀ ဝန်းကျင်ရှိ တဲ့ရွှေထည်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ရုပ်သံမှတ်တမ်းမှာ ဖမ်းဆီးမိတယ်ဆိုတဲ့ဓားပြတွေဆီကနေ သားရည်ထည်အိတ်၊ ကော်ပုံး၊ စစ်စိမ်းရောင် လွယ်အိတ်တွေ ထဲမှာ ထည့်လာတဲ့ရွှေထည်လက်ဝတ် ပစ္စည်းတွေအပြင် ကျည်ဆန်တွေကိုလည်း တွေ့ရ ပါတယ်။

ဒီရွှေထည်ပစ္စည်းတွေကို မြင်းမူမြို့က ရွှေဆိုင်ပိုင်ရှင်ကို ပြန်အပ်နှံလိုက်ပြီး ဓားပြတိုက်သူတွေကို မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ လွှဲပြောင်းခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

"သူတို့က စက်လှေနဲ့ ပြန်လာကြတာ။ သူတို့ဆီက သေနတ်တွေလည်း ထိန်းသိမ်းခဲ့ပါတယ်။ အခု မိထားသူတွေအပြင် ဓားပြမှုမှာ ပါဝင်ခဲ့သူတွေကိုလည်း တချို့တဝက် ဖော်ထုတ်နိုင်ပါတယ်။ နောက်ထပ် ငါးယောက်အထိ ဖော်ထုတ်နိုင်ပြီလို့ စစ်ဆေးနေတဲ့အဖွဲ့ကနေ ပြောပါတယ်" လို့ ဗျူဟာအမှတ် ၆၄၊ စစ်ဒေသ ၁ တာဝန်ရှိသူက ဘီဘီစီကို ထပ်‌ပြောပါတယ်။

ရွှေဆိုင် ဓားပြတိုက်သူတွေဟာ အသက် ၁၉ နှစ်အရွယ်ကနေ ၂၉ နှစ်အရွယ်ရှိတဲ့ လူငယ် လေး ယောက်ဖြစ်တယ်လို့လည်း ဗျူဟာ ၆၄ ရုံးအဖွဲ့ သတင်းနဲ့ပြန်ကြားရေးကနေ သိရပါတယ်။

မြင်းမူမြို့ပေါ်မှာ စစ်ကောင်စီတပ်က တပ်စွဲ ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့နယ်ထဲက ကျေးရွာတွေဟာ PDF လှုပ်ရှားနယ်မြေတွေဖြစ်ပါတယ်။

မြို့ငါးမြို့ကနေ ဆုတ်ပေးရေး စစ်ကောင်စီတောင်းဆိုချက် မလိုက်လျောလို့ ဆွေးနွေးပွဲမအောင်မြင်တာလို့ TNLA ပြော

သဘောတူညီမှုမရခဲ့တဲ့ တအာင်းတပ်နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲအပြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ မိုးကုတ်မြို့

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, သဘောတူညီမှုမရခဲ့တဲ့ တအာင်းတပ်နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲအပြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ မိုးကုတ်မြို့

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တအာင်းတပ်(TNLA)နဲ့ စစ်ကောင်စီတို့အကြား ဆွေးနွေးပွဲမှာ မြို့ငါးမြို့ကနေ TNLA ထွက်ခွာသွားဖို့ စစ်ကောင်စီဘက်ကနေ တောင်းဆိုခဲ့ပေမဲ့ အဲဒီအချက်ကို မလိုက်လျောခဲ့တာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့တာလို့ TNLA က မေ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကူမင်းဆွေးနွေးပွဲမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေကနေ TNLA တပ်တွေ စွန့်ခွာပြီး ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံနေရာတွေအထိ ဆုတ်ခွာပေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်တွေက တောင်းဆိုတာကို လက်မခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီမြို့တွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တအာင်းတပ်က ထိန်းချုပ်လိုက်တဲ့မြို့နယ်တွေဖြစ်ပါတယ်။

"ဆွေးနွေးပွဲက ပျက်သွားတာမဟုတ်ပါဘူး။ ညှိနှိုင်းလို့ သဘောမတူတဲ့ကာလပဲ ဖြစ်နေပြီး ဆက်ညှိနှိုင်းသွားဖို့ နှစ်ဘက် တင်ပြချက်တွေကို ဩဂုတ်လမှာ ဆက်ဆွေးနွေးမှာပါ" လို့ TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး တာပန်လှက ပြောပါတယ်။

တရုတ်က ကြားဝင်ဆွေးနွေးပေမဲ့ ကိုယ့်နိုင်ငံအရေးဖြစ်တာကြောင့် ကိုယ့်နိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကဖြစ်တယ်လို့ TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး တာပန်လှက ထပ်လောင်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးရတာကလည်း ၁၀၂၇ စစ်ဆင်ရေးတွေမှာ အရပ်သားတွေကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှု နောက်ထပ်မရှိအောင် တွေ့ဆုံဆွေးနွေးတာလို့လည်း ပြောပါတယ်။

TNLA ဘက်က အပစ်အခတ် ရပ်စဲဖို့၊ နှစ်ဖက်တပ်တွေ အနေနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ နေရာတွေမှာ ထိုးစစ်ဆင်တာ မလုပ်ဖို့ စစ်ကောင်စီတပ်အနေနဲ့ ဒရုန်းနဲ့တိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ယူပို့ဆောင်နိုင်အောင် ဖြတ်သန်းသွားလာခွင့်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ထဲက စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ

ရွာတန်းရှည်ရွာ စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက်ပိုင်း မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, ရွာတန်းရှည်ရွာ စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက်ပိုင်း မြင်ကွင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း၊ ရွာတန်းရှည်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စာသင်ကျောင်းကို မေ ၃ ရက် ညနေပိုင်း သုံးနာရီခွဲ ဝန်းကျင်မှာ တိုက်လေယာဥ်တစ်စီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီးက အသက် ၂၅ နှစ်အရွယ်ရှိပြီး အမျိုးသားတစ်ယောက် အမျိုးသမီး သုံးယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့လည်း သိရပါတယ်။

"သေသွားတဲ့ အမျိုးသမီးရဲ့ အဖေကလည်း ဒဏ်ရာရတဲ့အထဲပါတယ်"လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ကနေ မိုင် ၂၀ ကျော်ဝေးတဲ့ မတ္တရာမြို့ကိုထဲက ကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ထိန်းချုပ်ထားပြီး အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က မတ္တရာက ကျေးရွာတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်တာ၊ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တာတွေ ပြုလုပ်တာနေတာလို့ မြေပြင်အခြေအနေ သိသူတွေက ပြောပါတယ်။

မေ ၃ ရက်တစ်ရက်တည်းမှာပဲ မန္တလေးတိုင်းထဲကပဲ မိုးကုတ်မြို့ထဲကို လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တအာင်းတပ်(TNLA) က ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းတပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာပြုလုပ်တဲ့ စစ်တပ်နဲ့ တအာင်းတပ်တို့ကြားက ဆွေးနွေးပွဲ မအောင်မြင်ဖြစ်ခဲ့အပြီးမှာ စစ်တပ်ဟာ မိုးကုတ်ကို မနေ့တစ်နေ့တည်းတင် ၂ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ရန်ကုန်- မော်လမြိုင်လမ်းပေါ်က မိုးကောင်းတံတား ဒုတိယအကြိမ်မိုင်းခွဲခံရလို့ ပျက်စီး

ဒုတိယအကြိမ် မိုင်းခွဲခံရတဲ့ မိုးကောင်းတံတား

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ် မိုင်းခွဲခံရတဲ့ မိုးကောင်းတံတား

မွန်ပြည်နယ်၊ သထုံမြို့နယ်ကို ဖြတ်သွားတဲ့ ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်က မိုးကောင်းတံတားဟာ မေ ၃ ရက် ည ၁၁ နာရီကျော်က ဖောက်ခွဲခံရပြီး ကျိုးကျ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတံတားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း တစ်ကြိမ်ဖောက်ခွဲခံရတာကြောင့် ပြန်ပြုပြင်နေချိန် ဒုတိယအကြိမ် ထပ်မံ ဖောက်ခွဲခံရတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ဖောက်ခွဲခံရပြီးနောက် ဧပြီ ၄ ရက်မှာ ကားတွေဟာ မော်လမြိုင်မြို့နယ်အထွက် ကျိုက္ကော်ရွာကနေ စပိတ်မိနေပြီး အိမ်စီးကားအပါအဝင် ကားအသေးလေးတွေက ရွာထဲကနေ ဖြတ်သန်းသွားနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရွာထဲကနေ ဖြတ်သွားတော့ ရွာထဲမှာလည်း ကားတွေ ပိတ်ကြပ်နေပါတယ်။ အခု ကျိုက္ကော်ရွာထဲကနေ သွားနေတာ။ ရွှေရောင်ပြရွာကနေ ပြန်ထွက်သွားလို့ ရပါတယ်။ ရွာလမ်းဆိုတော့ လမ်းကျဉ်းလို့ ကားကြီးတွေ သွားလို့မရပါဘူး"လို့ သူက ပြောပါတယ်။

လူမှုကွန်ရက်မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာဆိုရင် ကုန်တင်ကား၊ စက်သုံးဆီတင်ကား၊ ခရီးသည်တင်ကားကြီးတွေ၊ တန်းစီရပ်နေကြရပါတယ်။

တံတားမိုင်းခွဲတာကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာလည်း ဒေသခံတွေက မသိကြပေမဲ့ လူအထိအခိုက်တော့ မရှိဘူးလို့လည်း ပြောပါတယ်။

ဒီတံတားက ရန်ကုန်- မော်လမြိုင် ကားလမ်း၊ ပြည်ထောင်စု လမ်းမပေါ်မှာ ရှိနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတယ်လို့လည်း သိရပါတယ်။

တရုတ်ရဲ့ ၁၁ သုတ်မြောက် အကူအညီတွေရောက်လာ၊ ထိုင်းကလည်း နောက်ဆုံးကူညီရေးအဖွဲ့စေလွှတ်

အခုလဆန်းပိုင်းမှာ မန္တလေးမြို့မှာ ကျန်းမာ ရေး စောင့်ရှောက်မှုပေးနေတဲ့ ထိုင်းကျန်းမာရေးအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး

ဓာတ်ပုံ ပုံစာ, အခုလဆန်းပိုင်းမှာ မန္တလေးမြို့မှာ ကျန်းမာ ရေး စောင့်ရှောက်မှုပေးနေတဲ့ ထိုင်းကျန်းမာရေးအဖွဲ့

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ မတ်လ ၂၈ ရက် ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံက ၁၁ သုတ်မြောက်အကူအညီတွေရောက်လာသလို ထိုင်းကလည်း သူ့ရဲ့ လေးသုတ်မြောက်နဲ့ နောက်ဆုံးအသုတ် ကူညီရေးအဖွဲ့တွေကို မြန်မာကို စေလွှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက အခုနောက်ဆုံးပေးထားတဲ့အကူအညီတွေထဲမှာ အသင့်တပ်ဆင်နိုင်တဲ့ ရုံးခန်းနဲ့ ဆက်စပ်ပရိဘောဂ အစုံရာချီဖြစ်ပြီး သီလဝါ ဆိပ်ကမ်းကို မေလ ၃ ရက်မှာရောက်ပြီလို့ ရန်ကုန်မှာ ရှိတဲ့ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အသင့်ဖြုတ်တပ်နိုင်တဲ့ ရုံးခန်းနဲ့ ယာယီ အဆောက်အဦ အစိတ်အပိုင်းတွေကို ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းကို ရောက်လာပြီး ရန်ကုန်တိုင်းအာဏာပိုင်တွေကို လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

ဓာတ်ပုံ ပုံစာ, အသင့်ဖြုတ်တပ်နိုင်တဲ့ ရုံးခန်းနဲ့ ယာယီ အဆောက်အဦ အစိတ်အပိုင်းတွေကို ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းကို ရောက်လာပြီး ရန်ကုန်တိုင်းအာဏာပိုင်တွေကို လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်

ထိုင်းနိုင်ငံကတော့ သူ့ရဲ့လေးသုတ်မြောက်လည်းဖြစ်၊ နောက်ဆုံးအသုတ်လည်းဖြစ်တဲ့ ကူညီရေးအဖွဲ့ကို မန္တလေးက ငလျင်ဒဏ်သင့်လူထုကို ကူညီဖို့ စေလွှတ်ထားပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့နဲ့ ထိုင်းတပ်မတော်က အင်ဂျင်နီယာအဖွဲ့ဟာ မန္တလေးမှာ ကျန်းမာရေး စောင့်ရှောက်မှုအပြင် စာသင်ကျောင်းပြုပြင်တာ၊ ယာယီတဲ တပ်ဆင်တာတွေကို ကူညီ လုပ်ဆောင်ပေးနေတယ်လို့ ရန်ကုန်က ထိုင်းသံရုံးက မေလ ၃ ရက်မှာ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မတ်လ ၂၈ ရက်အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃,၈၃၉ ရှိလာပြီလို့ စစ်ကောင်စီ က မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူက ၅,၁၀၅ ယောက်ရှိပြီး ပျောက်ဆုံးသူ ၁၀၁ ယောက်ရှိနေပါတယ်။