နိုဝင်ဘာ ၂၃ရက်၊ ထိပ်တန်းသတင်းများ
ရေးမှာ ရဲနှစ်ယောက်အသတ်ခံရ
မွန်ပြည်နယ်၊ ရေးမြို့မ ရဲစခန်းမှူး နဲ့ ရဲတပ်ကြပ်တစ်ဦး ရေးမြို့နယ်၊ကျုံးလောင်းရွာသစ် အနီးမှာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ရေးဘီလူးအဖွဲ့က သူတို့လက်ချက်လို့ ထုတ်ပြန်ပြီး ရဲဘက်ကလည်း အတည်ပြုပါတယ်။
‘ပါကျဲရိုးကားနဲ့ သွားတာကို လမ်းမှာအပစ်ခံရတာ။ ပစ္စတိုတစ်လက်နဲ့ M16 တစ်လက်လည်း ပါသွားတယ်’ လို့ ရေးမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရဲနှစ်ယောက် အသတ်ခံရပြီးတဲ့နောက် နယ်မြေခံတပ် ခလရ(၆၁)က စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျုံးလောင်းရွာခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရေးဘီလူး

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထကကျောင်းမှာ ကျောင်းတက်နေရင်း အသက်ရှုကြပ်တဲ့ ကျောင်းသား ၁၂ဦးဖြစ်စဥ်က ကူးစက်ရောဂါပုံစံဖြစ်တာမဟုတ်ဘူးလို့ မြို့နယ်ကျန်းမာရေးမှူးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
မြောက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနကတော့ အပျိုဖော်ဝင်စအရွယ်တွေကြောင့် ဖြစ်တဲ့ ပြဿနာတွေဖြစ်ပြီး ကူးစက်ရောဂါတွေတော့မဟုတ်ဘူးလို့ ပြောပါတယ်။
“စုစုပေါင်းဖြစ်တာက ၁၄ ယောက်ပေါ့နော်။ သူတို့တွေမှာ ဓမ္မတာကြောင့်ဖြစ်တာပါ။ ဒါနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်းမနေတတ်သေးတာတွေရယ် ပြီးတော့ ကျောင်းတက်နေရတော့ ဗိုက်အဆာလွန်ပြီး သွေးထဲသကြားဓါတ်လျော့နည်းတာတွေကြောင့် အခုလိုဖြစ်တယ်လို့ ပြောရမှာ၊ မကြာခင်ကလည်း မြောက်ဦးမြို့နယ်အတွင်းက နောက်ထပ်ကျောင်းတစ်ကျာင်းမှာအခုလို ဖြစ်ခဲ့ဖူးပါတယ်။”လို့ မြို့နယ်ကျန်းမာရေးမှူးက ပြောပါတယ်။
အဲဒီ အထက်တန်းကျောင်းမှာပညာသင်ကြားနေကြတဲ့ ကျောင်းသူ ၁၂ ဦးတို့ဟာ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်ပိုင်းက အသက်ရှူကျပ်ပြီး မြောင်းဘွေဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ ကျောင်းက ဆရာတစ်ဦးက ပြောပါတယ်။
အဲ့ဒီကလေးတွေဟာဒီကနေ့မနက်ပိုင်းက ကျောင်းတက်နေကြစဉ် Grade 9 က ကျောင်းသူလေးတစ်ဦး စတင်ဖြစ်ပွားခဲ့ပြီး မကြာခင်မှာပဲ နောက်အတန်းတွေက ကျောင်းသူတချို့လည်း အခုလို ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် ကျောင်းသူကျောင်းသားတွေကို နေအိမ်တွေပြန်ခိုင်းလိုက်ရတယ်လို့ အထက်တန်းပြဆရာ ဦးရွှေကျော်ထွန်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ပထမတော့ G-9 က ကလေးမလေးတစ်ယောက်စဖြစ်တယ်။သူကတော့ ဒီလိုအသက်ရှူကျပ်တာ မကြာခဏဖြစ်လေ့ဖြစ်ထရှိသူပါ။ သူဖြစ်နေတော့ တခြားကလေးတွေလည်းသွားကြည့်ကြတယ်။ နောက် ကျောင်းသူတချို့လဲ အဲ့လိုဖြစ်ကြတော့ အရေးကြီးတဲ့ကလေးတွေကို ဆေးရုံပို့ပေးပြီး ကျောင်းပါလွှတ်ပေးလိုက်ရတယ်”လို့ ဦးရွှေကျော်ထွန်းက ပြောပါတယ်။
ကျောင်းကနေ အိမ်ပြန်ရောက်သွားကြတဲ့အချိန်မှာလည်း သူတို့ရဲ့နေအိမ်တွေမှာ အသက်ရှူကျပ်တဲ့သူတွေ ရှိခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ပေးရတာ ၁၂ ယောက်ရှိတယ်လို့ သိရပါတယ်။
ဆေးရုံပို့ဆောင်ပေးလိုက်ရတဲ့ ကျောင်းသူ ၁၂ ဦးအနက် အခုလိုအသက်ရှူကျပ်တဲ့ရေးဂါ မကြာခဏဖြစ်ပွားတတ်တဲ့သူ တချို့လည်း ပါဝင်တယ်လို့ ပြောကြပါတယ်။
ဆေးကုသမှုခံယူခဲ့ကြရတဲ့ ကျောင်းသူတွေကတော့ မူချာကျေးရွာက ၃ ဦး၊ ကျွဲတဲကျေးရွာက ၄ ဦး၊ တန်းပျင်းကြီးကျေးရွာက ၂ ဦး၊ လက်ပံတောကျေးရွာက ၁ ဦး၊ ခမောင်းတက်က ၁ ဦးနဲ့ လက်သန်းချီက ၁ ဦးတို့ဖြစ်ကြပါတယ်။
အဲ့ဒီကျောင်းသူတွေဟာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ်တွေဖြစ်ကြပြီး G-7 က ၄ ဦး၊ G-9 က ၁ ဦးနဲ့ G-10 ၇ ဦးတို့ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ အဲ့ဒီကျောင်းသူတွေထဲ တချို့တို့ဟာ ရောဂါသက်သာသွားကြပြီဖြစ်သလို တချို့ကတော့ ဆေးရုံပေါ်မှာ ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ကာ ဒါဟာ ရောဂါအခံရှိတဲ့အတွက် တစ်ယောက်ဖြစ်တာနဲ့ နောက်လူတွေပါ စိုးရိမ်စိတ်ကြောင့်ဖြစ်တာဖြစ်နိုင်တယ်လို့ မြောင်းဘွေဆေးရုံဆရာဝန်က မှတ်ချက်ပြုပြောဆိုကြောင်း ဆရာဦးရွှေကျော်ထွန်းကပြောပါတယ်။
စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ လေးကေကော်မှာ တိုက်ပွဲ ပြင်းထန်နေ
စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားမှာ ဒီ ကနေ့ နို၀င်ဘာလ ၂၃ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သိရှိသူတွေထံကသိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကရင်ပြည်နယ် မြ၀တီ မြို့တောင်ဘက်၊ လေးကေကော်မြို့သစ်အနီး ဝေါလေလမ်းပိုင်းအပေါ်က စစ်ကောင်စီရဲ့ စွယ်တော် အမြှောက်ကုန်းနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဘလယ်ဒိုဂိတ်နေရာဟောင်းအနီး လမ်းမနားမှာ တိုက်ပွဲတွေဖြစ်နေတာပါ။
"မနေ့က KNLA ပူးပေါင်း အဖွဲ့ တွေ က ဘလယ်ဒို ရွာနားက DKBA ဝါးတားဂိတ် နေရာ ဟောင်း နားမှာ ညနေ ၅ နာရီ လောက် စစ်တပ် စစ်ကြောင်းနဲ့ ထိ့တွေ့ တိုက်ပွဲ ဖြစ်တာ ထောက်ပို့ ရဲ ဘော်တချို့ ထိကုန်တယ်၊ ထောက်ပို့ ရဲမေ ၂ ဦး အပါအ၀င် ရဲဘော်၂ ဦး ပေါင်း ၄ဦး ကျတယ် ။ကျန်တဲ့သူတွေ ၁၀ ဦး လောက် ဒဏ်ရာ ရ နေတာ ရှိတယ်၊ စစ်တပ်က သေတာတွေ ကတော့ မစီစစ်နိုင်သေးဘူး" လို့ KNLA သတင်းအရင်းအမြစ်တစ်ဦး က ပြောပြပါတယ်။
ဒီကနေ့ နေ့လည့်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေသလို ထိခိုက်သေဆုံးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ လတ်တလောမသိရသေးပါဘူး။
စစ်ကောင်စီ တပ်က သေ့ဘောဘိုး စစ်စခန်းအား ပြန်လည်သိမ်းပိုက်ဖို့ ဆုံဆည်းမြိုင် နှင့် ဖလူး လမ်းပိုင်း သုံးထပ်ကွေ့ဘုရားကုန်း၊ လေးကေကော် အမြောက်ကုန်း နေရာ တွေက ဒေသ BGF တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ KNLA ပူးပေါင်း အဖွဲ့ လှုပ်ရှားရာ နေရာတွေကိုတိုက်ခိုက်နေတာလို့ သိရပါတယ်။
အဆိုပါ KNU တပ်မဟာ၆ နယ်မြေ အတွင်းရှိ မြ၀တီ -ဝေါလေ ဒေသ များအား စစ်ကောင်စီ မှ လေကြောင်း တိုက်ခိုက်မှု့၊ လက်နက်ကြီး ပစ်ခတ်မှု များ စစ်ရေး အရှိန်မြင့် လုပ်ဆောင် တိုက်ခိုက် လာနေသည့်အတွက် ကျေးရွာ ဒေသခံ များ နေရပ်စွန်ခွာ စစ်ဘေးရှောင် နေကြရပါတယ်။
စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ် မှု့ တွေကြောင့် ထိုင်း - မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေး အထိ လူထောင်ချီ ရွှေ့ပြောင်း နေထိုင်နေရသလို၊ ထိုင်းနိုင်ငံ ဘက်အခြမ်း ထိုင်းနယ်စပ် ကျေးရွာ တွေက ထိုင်းဒေသခံတွေလည်း စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီး နယ်ကျော်ကျရောက် ပေါက်ကွဲ ထိခိုက်မှာ စိုးရိမ်တာကြောင့် နေရာရွှေ့ပြောင်း နေထိုင်ကြဖို့ ထိုင်းဘက်ကသတိပေး တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တောင်ကိုရီးယားက အထူးဗီဇာကိုင်ထားတဲ့မြန်မာတွေကို သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးလို့အခက်ကြုံနေ
တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ အထူးဗီဇာ ကိုင်ထားသူတွေကို မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းဆက်မတိုးပေးလို့ အခက်ကြုံနေသူ ထောင်ဂဏန်းရှိနေတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကနေ သိရပါတယ်။
G1-99 လို့ခေါ်တဲ့ အထူးဗီဇာဟာ မြန်မာနိုင်ငံကို လုံခြုံရေးအရ ပြန်ဖို့ အခက်အခဲရှိသူတွေကို တောင်ကိုရီးယားအစိုးရကထုတ်ပေးတဲ့ ဗီဇာဖြစ်ပြီး ၆ လတစ်ခါ သက်တမ်းတိုးရတာပါ။
နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေရင် ဗီဇာသက်တမ်းဆက်တိုးလို့မရဘဲ အလုပ်အကိုင်၊ ဘဏ်အသုံးပြုတာနဲ့ ဆေးကုသခွင့်တွေမှာ အခက်အခဲ တွေ့ရတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးရန်နိုင်ထွန်းကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့မြန်မာတွေဟာ အာဏာသိမ်းမှုကိုတက်တက်ကြွကြွဆန့်ကျင်နေသူတွေဖြစ်လို့ အထူးဗီဇာ ကိုင်ထားသူတွေကို သံရုံးက သက်တမ်းဆက်မတိုးပေးတာလို့ ကိုရီးယားရောက်မြန်မာတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းဖို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီကဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရောက်လာခဲ့ပြီး ကိုရီးယားရောက်မြန်မာတွေကို ပိုပြီးကူညီဖို့ တောင်ကိုရီးယားအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ မြန်မာ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yan Naing Htun/fb
အမေရိကန်ပါတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM-Plus စစ်ကောင်စီတက်ခွင့်မရ
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် အမေရိကန်၊ ဂျပန်၊ တရုတ်အပါအဝင် စုစုပေါင်းဆွေးနွေးဘက်နိုင်ငံ ၈ နိုင်ငံတို့နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးADMM-Plus ကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို တက်ခွင့်မပေးတာကို တွေ့ရပါတယ်။
ကမ္ဘောဒီးယား အခြေစိုက်သတင်းတွေရဲ့ဖော်ပြချက်အရ ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အရ ဒီအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုတော့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးတစ်ဦးကလည်း ကမ္ဘောဒီးယားဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားခဲ့မှုအပေါ် အတည်ပြုပါတယ်။
အာဆီယံအစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပိတ်ပင်ထားတာကလွဲရင် ကျန်တဲ့ ဝန်ကြီးအဆင့်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပြုထားတာပါ။
ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီးမှာ အာဆီယံရဲ့ တခြားအဆင့်အစည်းအဝေးတွေမှာပါ မြန်မာရဲ့ ကိုယ်စားပြုမှုကို ထပ်မံ သုံးသပ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာပဲ အခုလို ကာကွယ်ရေးဝန်ကြီး အဆင့်အစည်းအဝေး မှာ တက်ရောက်ခွင့်ပိတ်ပင်ခံရတာဖြစ်ပါတယ်။
နိုဝင်ဘာလဆန်းက လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တက်ရောက်ခွင့်ရခဲ့တုန်းကလည်း အဲဒီအပေါ် ဝေဖန်မှုအမြောက်အများရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The ASEAN Secretariat
မြန်မာနိုင်ငံမှာ မှတ်ပုံတင်မရှိသူ ၁၂ သန်းကျော်ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းတွေအရသိရပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူရောမပြည့်သေးသူတွေကိုပါ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ရဲ့ လစဥ်တိုက်ဆိုင်စစ်ဆေးမှုတွေအရ အောက်တိုဘာလအထိစာရင်းတွေကို မနေ့က နေပြည်တော်မှာလုပ်တဲ့ မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တင်ပြခဲ့ကြတာဖြစ်ပါတယ်။
မှတ်ပုံတင် ကိုင်ဆောင်ထားသူ အရေအတွက်က ၂၉ သန်းကျော် ရှိတယ်လို့ တစ်ဆက်ထဲ ထုတ်ပြန်ပါတယ်။
မြေပြင်တိုက်ဆိုင်စစ်ဆေးမှုတွေအရ မှတ်ပုံတင် နှစ်ကြိမ်ထပ်နေသူ တစ်သိန်းကျော် ကို လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မှတ်ပုံတင် သုံးကြိမ်ထပ်နေသူ တစ်သောင်းကျော် ကိုလည်း လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မှတ်ပုံတင်မှာလွဲနေတဲ့ အချက်အလက်ပေါင်း တစ်သန်းခွဲကျော်ကို ပြင်ဆင်ခဲ့ရတယ်လို့ မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို အသက် ၁၀ နှစ်ပြည့်ရင် စတင်လုပ်ဆောင်ပေးနေပြီး အသက် ၁၈ နှစ်ပြည့်ရင် ၁၈ နှစ်ပြည့်မှတ်ပုံတင်ကို ထပ်လုပ်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန်ချက်စတာယူနိုက်တက် ပိုင်ရှင် ကလေဇာမိသားစုက မန်ယူအသင်းကို ရောင်းချဖို့ စဥ်းစားနေတယ်လို့ သိရပါတယ်။
အမေရိကန် အားကစား သူဌေးကြီး မယ်လ်ကွန် ဂလေဇာ မိသားစုက မန်ယူအသင်းကို ၂၀၀၅ ခုနှစ်မှာ ပေါင်သန်း ၇၉၀ (ဒေါ်လာ ၁.၃၄ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့တာပါ။
ပရိသတ်တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုများစွာရှိခဲ့ပြီးနောက်မှာ ကလေဇာမိသားစုက မန်ယူအသင်းကိုဝယ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ရက်နေ့ ကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဘုတ်အဖွဲ့က "ကလပ်ကို ရင်းနှီးမြှုပ်နှံမှုအသစ်၊ ရောင်းချတာ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အခြားသော လွှဲပြောင်းမှုတွေအပါအဝင် မဟာဗျူဟာမြောက် အခြားရွေးချယ်စရာအားလုံးကို ထည့်သွင်းစဉ်းစားမယ်" လို့ ဖော်ပြလာပါတယ်။
အဆိုပါလုပ်ငန်းစဉ်တွေက "အားကစားကွင်းနဲ့ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအပါအဝင် ကလပ်အသင်းကို အားကောင်းလာစေဖို့အတွက် အကဲဖြတ်မှုများစွာပါဝင်မှာဖြစ်ပြီး၊ ကလပ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချဲ့ထွင်ခြင်း" အသင်းရဲ့ ရေရှည်အောင်မြင်မှုကို မြှင့်တင်ဖို့အတွက် ကလပ်ရဲ့အမျိုးသား၊ အမျိုးသမီး၊ အကယ်ဒမီအသင်းတွေ၊ ပရိသတ်တွေနဲ့ အခြားသက်ဆိုင်သူတွေထံ အကျိုးပြုနိုင်ဖို့" ဆိုတဲ့အချက်တွေလည်း ပါရှိပါတယ်။
ရောင်းချရေးလုပ်ငန်းစဉ်တစ်လျှောက်မှာ ပရိသတ်တွေ၊ အစုရှယ်ယာရှင်တွေနဲ့သက်ဆိုင်သူအသီးသီးအတွက် အကောင်းဆုံးအကျိုးစီးပွားရရှိဖို့ကိုလည်း အပြည့်အဝအာရုံစိုက်လုပ်ဆောင်နေမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၁၂ ခုနှစ်ကစလို့ ဂလေဇာ မိသားစုက သူတို့ပိုင်ဆိုင်မှုရဲ့ ၁၀ရာခိုင်နှုန်းကို စတော့စာရင်းကတစ်ဆင့် ရောင်းချခဲ့ပြီး နောက်နှစ်များတွင် ရှယ်ယာများကို ထပ်မံရောင်းချထားတာလည်းရှိပါတယ်။








