သြဂုတ် ၂၈ ရက်ထိပ်တန်းသတင်းများ - ရေတပ်ဦးစီးချုပ် အပြောင်းအလဲမရှိ၊ UAB ဘဏ်နဲ့လည်းမသက်ဆိုင်ဘူးလို့ စစ်ကောင်စီပြော

ရေးသားခဲ့သည်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ပြောင်းရွှေ့ခံရသလို သူပိုင်ဆိုင်တယ်ဆိုပြီး သတင်းထွက်နေတဲ့ ယူနိုက်တက်အမရာဘဏ် (United Amara Bank) ကို စစ်ကောင်စီက စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေအစောပိုင်းက ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေမရှိဘူးလို့ စစ်ကောင်စီရော UAB ဘဏ်ဘက်ကပါ ထုတ်ပြောလာပါတယ်။

"ဒီကိစ္စတွေဟာ တပ်မတော်မှာရှိတဲ့ အရာရှိကြီးနဲ့ ပတ်သက်တာ မရှိပါဘူး။ တပ်မတော် အရာရှိကြီးအနေနဲ့လည်း တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်" လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့မှာ ပြောပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေဟာ ရိုးသားမှုမရှိဘူးလို့ စစ်ကောင်စီဘက်က ဒီရက်ပိုင်းထုတ်ပြောခဲ့ပြီးနောက် အခုလို UAB ဘဏ် စစ်ဆေးခံနေရကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

ဒါဟာ ဘဏ္ဍာရေးစနစ်၊ ဘဏ်စနစ်တွေ မတည်ငြိမ်အောင် အချိန်ကိုက်လုပ်ကြတာလို့ ယူဆကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက‌ ပြောပါတယ်။

UAB ဘဏ်ပိုင်ရှင်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ အခုနှစ်စပိုင်းတုန်းက ဥရောပသမဂ္ဂ EU ရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

UAB ဘဏ်ဘက်ကတော့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ ဘဏ်ရဲ့ ပိုင်ရှင်လည်းမဟုတ်သလို အစုရှယ်ယာရှင်လည်း မဟုတ်ဘဲ ဘဏ်နဲ့သက်ဆိုင်မှုမရှိဘူးလို့ ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ စည်းကမ်းတွေကို UAB ဘဏ်ဘက်ကလိုက်နာနေပြီး ဗဟိုဘဏ်သတ်မှတ်ထားတဲ့ အွန်လိုင်းကုန်သွယ်ရေးစနစ်(Online Trading System)နဲ့သာ အမေရိကန်ဒေါ်လာအရောင်းအဝယ်တွေကို လုပ်ဆောင်ပေးနေတယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါအပြင် မဟုတ်မမှန်သတင်းထုတ်ပြန်တဲ့သူတွေကို တရားဥပဒေအတိုင်းအရေးယူမယ်လို့ UAB ဘဏ်က ပြောပါသေးတယ်။

UAB ဘဏ်ဟာ နဝတ အစိုးရလက်ထက်တွင် စက်မူ(၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလည်း ရင်းနှီးတဲ့ ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ကြောင်း ၂၀၁၄ ခုနှစ်က တကြိမ်သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ်တုန်းက အမေရိကန်အစိုးရက ဦးအောင်သောင်းကို မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်အောင် ကြိုးစားတယ်ဆိုပြီး နာမည်ပျက်စာရင်းသွင်းချိန်မှာ ဘဏ်ဘက်က အခုလိုကြေညာခဲ့တာပါ။

UAB ဘဏ်အနေနဲ့ မြန်မာစစ်တပ်အရာရှိတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိဆိုတဲ့ အချက်အပါအဝင် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီကနေ့ ညနေပိုင်းအချိန်အထိ ဘဏ်ဘက်က ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

အထူးကုဆရာဝန်တွေကို ဝင်ငွေခွန်ကောက်ဖို့ စစ်ကောင်စီကြိုးစား

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ လခစားဝန်ထမ်းတွေမဟုတ်ဘဲ အခကြေးငွေယူပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေဆီကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမယ့် အကြောင်း စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

ဒါဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုပေးနေတဲ့ အထူးကုဆရာဝန်တွေဆီက အခွန်ကောက်ဖို့ စီစဉ်နေတာလို့ ဘီဘီစီက နားလည်ရပါတယ်။

"ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ပြသမယ့်လူနာတွေဆီက အခွန်ကောက်တာမဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူတွေဆီက ကောက်မှာပါ။ သူတို့ဆီက ကောက်တာတော့ အရင်ကမရှိခဲ့ပါဘူး။ သူတို့အခွန်ဆောင်တဲ့ ၂ ရာခိုင်နှုန်းကိုလည်း ဝင်ငွေခွန်စည်းကြပ်တဲ့အခါ ပြန်နုတ်ပေးမှာပါ" လို့ စစ်ကောင်စီရဲ့ အခွန်ဆိုင်ရာဝန်ဆောင်မှုဗဟိုအဖွဲ့ အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဒီအမိန့်အတိုင်းလိုက်နာရမယ်လို့ စစ်ကောင်စီထုတ်ပြန်ထားတာကြောင့် အထူးကုဆရာဝန်ကြီးတွေနဲ့ ဆေးရုံတွေကြား ညှိနှိုင်းမှုတွေလုပ်နေကြတယ်လို့ ပုဂ္ဂလိကကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒါကြောင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကုသမှုပေးနေတဲ့ အထူးကု၊ သမားတော်ကြီးတွေရဲ့ ‌ဝင်ငွေတွေကို စိစစ်တာဖြစ်နိုင်တယ်လို့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းအချို့က သုံးသပ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနကတော့ အခွန်ကောက်ခံမယ့်အကြောင်း ကနဦးထုတ်ပြန်တာဖြစ်ပြီး အခွန်ပေးဆောင်ရမယ့်ပုံစံနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို ထပ်မံထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အွန်လိုင်းလိမ်လည်မှုမှာပါဝင်သူဆယ်ချီကို တရုတ်ထံ မြန်မာလွှဲပြောင်း

မြန်မာစစ်ကောင်စီ ရဲတပ်ဖွဲ့ဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှာပါဝင်တဲ့ တရုတ် ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာရဲတပ်ဖွဲ့က ဒီလူတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် တရုတ်ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းခဲ့တာလို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက သြဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာနယ်စပ်ဒေသကို အခြေပြုပြီးလှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ဒီအရေးဖြေရှင်းဖို့ တရုတ်ဘက်က မြန်မာကို ဖိအားပေးနေချိန်မှာ သံသယရှိသူတွေကို လွှဲပြောင်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုတစ်ကြိမ်လွှဲပြောင်းခံရသူတွေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနယ်ပယ်မှာ ဦးဆောင်လှုပ်ရှားနေတဲ့အမျိုးသားတစ်ဦးလည်းပါဝင်တယ်လို့ စစ်ကောင်စီနိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ဆက်စပ်တဲ့ရာဇဝတ်မှုတွေကို ထိန်းချုပ်နှိမ်နင်းဖို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ အထူးအဖွဲ့ဖွဲ့စည်းပြီးမကြာခင်မှာပဲ အခုလို သံသယရှိသူတွေကို လွှဲပြောင်းတာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရွှေတြိဂံဒေသမှာ တရုတ်အကူအညီနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်

ရွှေတြိဂံဒေသလို့ သိကြတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ထဲက ကျိုင်းလပ်မြို့မှာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်လှစ်ခဲ့ပြီး လာအိုအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမြှင့်တင်မယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

"စစ်ကောင်စီဝန်ကြီးကိုယ်တိုင်လာတက်ပြီး ဂိတ်ကိုဖွင့်ပေးတယ်။ တရုတ်၊ ဗီယက်နမ်တို့ဘက်ကနေ ကုန်သွယ်တာက ဒီလမ်းနဲ့ဆို ပိုပြီးလွယ်ကူတယ်လို့ ပြောတယ်။ လောလောဆယ်တော့ ကုန်ကားတွေ သွားတာသိပ်မရှိပါဘူး။ ကျွန်တော်တို့ဘက်ကပဲ ရာဘာတွေ ပို့ကြတာ၊ သွင်းကုန်မတွေ့ဘူး" လို့ ကျိုင်းလပ်ဒေသခံကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးတက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ တရုတ်နိုင်ငံရဲ့ အဓိက ထောက်ပံ့ကူညီမှုနဲ့ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ အကောင်အထည် ဖော်တာလို့ ဆိုပါတယ်။

ကုန်သွယ်ရာမှာ အသုံးပြုမယ့် မဲခေါင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ မြန်မာ - လာအိုချစ်ကြည်ရေးတံတားကိုတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောက်ခဲ့ပြီး NLD အရပ်သားအစိုးရလက်ထက်မှာတော့ ယာယီဂိတ်စခန်းဖွင့်ကာ ကုန်သွယ်မှုအချို့ ရှိခဲ့တယ်လို့ ဒေသခံကုန်သည်တွေက ပြောကြပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့်ရော နိုင်ငံရေးအပြောင်းအလဲတွေကြောင့်ပါ လာအိုနဲ့ နယ်စပ်မှာ ကုန်သွယ်မှု သိပ်မရှိခဲ့ဘဲ မြန်မာဘက်ကနေ ပြောင်း၊ ရာဘာ၊ ဆန်တွေ ပို့ကုန်အဖြစ် တင်ပို့လေ့ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သွင်းကုန်ဝင်ရောက်လာတာ မရှိဘူးလို့ ကုန်သည်တွေက ဆက်ပြောပါတယ်။

တရုတ်ရဲ့ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အောက်မှာ နယ်စပ်စီးပွားရေးဇုန်တည်ဆောက်ဖို့၊ အပြည်ပြည် ဆိုင်ရာ ကုန်းတွင်း နဲ့ ရေကြောင်းကုန်သွယ်ရေးစင်္ကြံတည်ဆောက်ရေးကို တရုတ်က စိုင်းပြင်းလာနေတာကို သူတို့ရဲ့ တွေ့ဆုံမှုတွေကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ စစ်ကောင်စီဝန်ကြီးအချို့ တရုတ်နိုင်ငံကိုသွားရောက်လန်ချန်းနယ်စပ်ဒေသ စီးပွားရေးဇုန်ထူထောင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘာဒီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

ကမ္ဘာ့အကျပ်အတည်းတွေကြောင့် မြန်မာအတွက် ရန်ပုံငွေ နည်းပါးရတာလို့ UNOCHA ပြော

ကမ္ဘာတဝန်းမှာ အကျပ်အတည်းတွေ အပြိုင်အဆိုင်ဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံအတွက် အကူအညီပေးရေးရန်ပုံငွေရရှိမှု နည်းပါးရတဲ့အကြောင်းရင်းတစ်ရပ်လို့ ယူဆတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ဘီဘီစီကို ပြောပါတယ်။

UNOCHA အကြီးအကဲရဲ့ မြန်မာပြည်တွင်းခရီးစဥ်နဲ့ပတ်သက်ပြီး ဘီဘီစီက ဆက်သွယ်မေးမြန်းချိန် အခုလို ပြောလာတာဖြစ်ပါတယ်။

ဝင်ရောက်ကူညီခွင့် ကန်သတ်ချက်တွေ၊ ရုံးလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကြောင့် ကြန့်ကြာမှုတွေနဲ့ ရန်ပုံငွေလိုအပ်ချက်တွေရှိနေပေမဲ့ မြန်မာပြည်သူတွေဟာ အကူအညီတွေ အဆောတလျင်လိုအပ်နေတာကြောင့် အကူအညီပေးရေးတွေကိုတော့ ဆက်လုပ်မယ်လို့ ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအတွက် ကန့်သတ်ချက်တွေ ပယ်ဖျက်ပေးဖို့အရေးကြီးတဲ့အကြောင်းလည်း UNOCHA က ပြောပါတယ်။

လူသားချင်းဆိုင်ရာတုံ့ပြန်ကူညီရေးစီမံချက်နဲ့ မိုခါအရေးပေါ်ကူညီရေး နှစ်ခုပေါင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေ လျာထားချက်ဟာ အမေရိကန်ဒေါ်လာ ၈၈၆.၇ သန်းဖြစ်ပေမဲ့ လက်ရှိရန်ပုံငွေရရှိမှုဟာ ၂၅ ရာခိုင်နှုန်းသာ ရသေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းလူသားချင်းစာနာမှုအကူအညီပေးဖို့ မှာ ပိတ်ဆို့ကန့်သတ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ က ပြောနေချိန်မှာပဲ UNOCHA အကြီးအကဲဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်မှာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ရော စစ်ကောင်စီဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

UNOCHA အကြီးအကဲကိုယ်တိုင် နေပြည်တော်ကို လာသွားတာဖြစ်ပေမဲ့ လုံခြုံရေး စစ်ကောင်စီရဲ့ လုံခြုံရေးရှုထောင့်ကနေ တင်းတင်းကျပ်ကျပ် စဉ်းစားပုံကြောင့် နိုင်ငံတကာအကူအညီတွေက တကယ်လိုအပ်နေသူတွေဆီရောက်ဖို့ ခက်နေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။