အဖေက သားကို အာဏာလွှဲမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ - ဇူလိုင် ၂၃ နိုင်ငံတကာ ထိပ်တန်း သတင်းများ

အနှစ် ၄၀ နီးပါး အာဏာ ဆုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့  အာဏာအမွေ ဆက်ခံမယ့်သား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနှစ် ၄၀ နီးပါး အာဏာ ဆုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အာဏာအမွေ ဆက်ခံမယ့်သား
ရေးသားခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ၊ အထွေထွေ ရွေးကောက်ပွဲမှာ လူတွေရဲ့ မဲထည့်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဏာကို အနှစ် ၄၀ နီးပါး ကာလတာရှည် ဆုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ပဲ သေချာပေါက် အနိုင်ရဖို့ ရှိပါတယ်။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ထားပါတယ်။

ဒါ့ကြောင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဆိုတဲ့ လက်ရှိ အာဏာရ ပါတီပဲ ပါလီမန် ခုံနေရာ အားလုံးမှာ နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်တာတို့၊ မဲဆန္ဒထည့်မှာကို နှောင့်ယှက် ဟန့်တားတာတို့ လုပ်ရင် ရာဇဝတ်မှု မြောက်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒီတစ်ခေါက် ရွေးကောက်ပွဲ အပြီး သီတင်းပတ် တချို့ အတွင်းမှာပဲ ဟွန်ဆန်ဟာ ဝန်ကြီးချုပ် ရာထူးကို သူ့ရဲ့ သားအကြီးဖြစ်သူ ဟွန်မယ်နေး Hun Manet ကို လွှဲပေးလိမ့်မယ် ဆိုပြီး တွက်ဆ ထားပါတယ်။

ဒါ့ကြောင့်လည်း အခု ရွေးကောက်ပွဲဟာ ကမ္ဘောဒီးယား ပြည်သူတွေ တခဲနက် မဲထည့် ခဲ့ကြပြီး သူတို့ အပေါ် ထောက်ခံမှု အပြည့်ပေးခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ပြီး၊ အာဏာလွှဲပြောင်းမှုဟာလည်း ဥပဒေနဲ့ ညီညွတ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပုံဖော်လိုတာ ဖြစ်တယ်ဆိုပြီး အကဲခတ်တွေက ဆိုပါတယ်။

တိုးရစ်တွေ အသွားများတဲ့ ဂရိကျွန်းပေါ်က တောမီး

လေပြင်းနေပြီး အပူချိန်လည်း ၄၀ ဒီဂရီ ကျော်နိုင်တဲ့နေ့မှာ တောမီးအန္တရာယ် ကျရောက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေပြင်းနေပြီး အပူချိန်လည်း ၄၀ ဒီဂရီ ကျော်နိုင်တဲ့နေ့မှာ တောမီးအန္တရာယ် ကျရောက်နေ

ဂရိနိုင်ငံက ကျွန်းတစ်ခု ဖြစ်တဲ့ ရုဒ်စ် ကျွန်းပေါ်မှာ တောမီး အကြီးအကျယ် လောင်နေတဲ့ အတွက် မီးသတ်သမားတွေ ကြိုးစား ငြိမ်းသတ်နေရပြီး၊ အဲဒီက ဒေသခံတွေ၊ အပန်းဖြေခရီး ထွက်လာကြတဲ့ နိုင်ငံခြား ခရီးသွားတွေ စုစုပေါင်း ထောင်ပေါင်းများစွာကို ကယ်ထုတ် ရွှေ့ပြောင်း ပေးထားပါတယ်။

တောမီးလောင်နေတာ ရက်တချို့ ကြာနေပြီ ဖြစ်ပြီး နေရာ အနှံ့မှာ လောင်နေတာ ဖြစ်ပါတယ်။ တချိူ့ နေရာတွေမှာ မီးကို မထိန်းနိုင်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အထူးသဖြင့် တောင်ဘက်ပိုင်း ကျေးရွာ ဖြစ်တဲ့ အပ်စ်လီပီအို ရွာရှိရာဆီ တောမီး ဦးတည် လာနေတယ်လို့ ဆိုပါတယ်။

လေပြင်းထန်နေတဲ့ အတွက် လောင်ကျွမ်းနေတဲ့ တောမီးတွေကို အားပိုကောင်း နေစေပြီး၊ ရာသီဥတု အပူချိန်ဟာလည်း အဲဒီ ရုဒ်စ် ကျွန်းပေါ်မှာ ဒီကနေ့ဆိုရင် ၄၀ ဒီဂရီ ရဲ့ အထက်ထိအောင် ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီမှာ အားလပ်ရက် အပန်းဖြေ ခရီးထွက်ပြီး ရောက်နေတဲ့ လန်ဒန်မြို့သား ရောဘတ် ဆလက်ဒ်ဒင်က ဂရိ အာဏာပိုင်တွေက အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာ မထုတ်ပြန် ပေးသလို၊ ဒေသခံတွေရော၊ ခရီးသွား ဧည့်သည်တွေပါ လုံလောက်တဲ့ အကူအညီ မရကြဘူးလို့ ဆိုပါတယ်။

“ဘယ်လို သတင်းအချက်လက်မျိုးမှ ရရှိမနေပါဘူး၊ ကျွန်တော်တည်းနေတဲ့ ဟိုတယ် အနေနဲ့လည်း ဘာတွေ ဖြစ်နေသလဲ ဆိုတာ ရေရေရာရာ သိပုံ မရပါဘူး။ ရွှေ့ပေးထားတဲ့ လူတွေကို ဘောလုံးကွင်းထဲမှာ စုထားပြီး၊ ကျွန်းကို သင်္ဘောတွေ ရောက်လာတာ ရှိပါတယ်။ ဒါပေမယ့် လူတွေကို ကျွန်းပေါ်ကနေ ခေါ်ထုတ်လ သွားမှာလား … ဘာဆက်လုပ်မှာလဲ ဆိုတာ ဘာမှ မသိရပဲ လူတွေကြား ထင်ကြေးနဲ့ပဲ အချင်းချင်း ပြောဆို နေကြပါတယ်” ဆိုပြီး ရောဘတ် ဆလက်ဒ်ဒင်က ပြောပါတယ်။

ကနေဒါမှာလည်း စံချိန်တင်အောင်ကို တောမီး ကြီးမား

နောက်ထပ် ရာပေါင်းများစွာသော နေရာတွေမှာ တောမီးထတောက်လာပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ထပ် ရာပေါင်းများစွာသော နေရာတွေမှာ တောမီးထတောက်လာပြန်

တခါ၊ ကနေဒါ နိုင်ငံ၊ဗြိတစ်သျှ် ကိုလံဘီယာ နယ်ထဲမှာလည်း တောမီးတွေ နေရာ အနှံ့ ဆက်လက် လောင်ကျွမ်းနေတဲ့ အတွက် မက္ကဆီကို။ ဘရာဇီးနဲ့ ဩစတြေးလျက မီးသတ်သမားတွေပါ ကနေဒါကို ကူညီနေကြရပါတယ်။

မနေ့က ဆိုရင်ပဲ နေရာပေါင်း နောက်ထပ် အခု ၅ ရာ လောက်မှာ တောမီး ထ တောက်လာတဲ့ အတွက်၊ တောမီးလောင်နေတဲ့ ဧရိယာဟာ နဂို ရှိနှင့်ပြီး ပမာဏထက် ၄ ဆ လောက် ပိုကျယ်ပြန့် သွားပါတယ်။

အခုဆိုရင် အဲဒီမှာ စံချိန်တင် စတုရန်းမိုင်ပေါင်း ငါးထောင့်လေးရာကျော် အကျယ်အဝန်းထိ တောမီးလောင် နေတာ ဖြစ်ပါတယ်။

အိုဒက်ဆာ ဘုရားကျောင်းကြီး ရုရှား မစ်ဆိုင်းဒုံးကျည်ကြောင့် ပျက်စီး

အိုဒက်ဆာရဲ့ အထင်ကရ  ဘုရားကျောင်းကြီး ရုရှားဒုံးကျည်ဒဏ် ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုဒက်ဆာရဲ့ အထင်ကရ ဘုရားကျောင်းကြီး ရုရှားဒုံးကျည်ဒဏ် ခံရ

ယူကရိန်းရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အိုဒက်ဆာဟာ ရုရှားတို့ရဲ့ မစ်ဆိုင်းဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ထပ်မံ တွေ့ကြုံ လာရပြန်ပါတယ်။

အခု တချီ တိုက်ခိုက်မှုကြောင့် လူနေအိမ် အဆောက်အအုံတွေ အများအပြား ပျက်စီး သွားခဲ့ပြီး၊ အိုဒက်ဆာ မြို့ရဲ့ အော်သိုဒေါ့စ် ခရစ်ယာန် ကက်သီဒရယ် ဘုရာကျောင်းကြီးလည်း ထိခိုက် ပျက်စီး သွားပါတယ်။

အနည်းဆုံး လူ တစ်ယောက် သေဆုံးပြီး၊ ဒဏ်ရာရာသူ နှစ်ဆယ့်နှစ်ယောက် ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

အိုဒက်ဆာ မြို့ခံ တစ်ယောက်က သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ကလေးတွေနဲ့ အတူတူ အိပ်နေတုန်းမှာပဲ ရုတ်တရက် ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကြောင့် လန့်နိုးသွားပါတယ်။ အိမ်နားက ဘုရားကျောင်းကြီး ရှိရာဘက်ကနေ ပေါက်ကွဲသံတွေ ထွက်လာတာပါ။ အဲဒါနဲ့ပဲ တမိသားစုလုံး အိမ်က ရေချိုးခန်းထဲ စုပြု ပြီး ပုန်းနေခဲ့ကြရပါတယ်။ အဲဒီမှာ နောက်ထပ် ပေါက်ကွဲသံတွေလည်း ဆက် ကြားနေခဲ့ရပါတယ်” ဆိုပြီး ပြောသွားတာပါ။

ကသည်း-ကူကီး အဓိကရုဏ်းတွေကြားက လိင်ပိုင်း အကြမ်းဖက်မှု

ဆဝါတီ မာလီဝါလ် (ဝဲ-အင်္ကျီအစင်း)၊ ဒေလီအမျိုးသမီးရေးရာ ကော်မရှင် ဥက္ကဋ္ဌ ပုံဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆဝါတီ မာလီဝါလ် (ဝဲ-အင်္ကျီအစင်း)၊ ဒေလီအမျိုးသမီးရေးရာ ကော်မရှင် ဥက္ကဋ္ဌ ပုံဟောင်း

မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် မဏိပူရ ရှိရာဆီ အိန္ဒိယ ဗဟို အစိုးရ စေလွှတ်တဲ့ ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ ဒေလီ အမျိုးသမီး ကော်မရှင်ရဲ့ အကြီးအကဲ ဆဝါတီ မာလီဝါလ် ရောက်လာပါတယ်။

မဏိပူရမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ လူမျိုးစုတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း လိင်ပိုင်း အကြမ်းဖက် ခံခဲ့ရသူတွေနဲ့ တွေ့ဆုံပြီး တတ်နိုင်သမျှ အကူအညီ ပေးလိုတယ်လို့ ဆဝါတီ မာလီဝါလ်က ဆိုပါတယ်။

ကသည်းလို့လည်း မြန်မာတွေ အများစု ရည်ညွှန်းခေါ်လေ့ ရှိတဲ့ မဏိပူရက လူများစု ‘မဲ့သေး’တွေရဲ့ ကျုးလွန်မှုတွေကို အဲဒီမှာ ပြည်နယ် အစိုးရလည်းဖြစ်၊ ဗဟို အစိုးရလည်း ဟုတ်တဲ့ BJP ပါတီက ဘာမှ မဟုတ်သလိုမျိုး လျှော့လျှော့ပေါ့ပေါ့ ပုံဖော်နေတယ် ဆိုပြီး လူနည်းစု ကူကီး မျိုးနွယ်စုက ပြစ်တင် ဝေဖန်နေပါတယ်။

စပိန် အစိုးရထဲ အမျိုးသားရေး အစွန်းရောက်တွေ ရောက်လာဖွယ်ရှိ

လက်ျာစွန်းရောက်တွေ အစိုးရထဲ ပြန်ရောက်လာနိုင်တဲ့ စပိန် ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်ျာစွန်းရောက်တွေ အစိုးရထဲ ပြန်ရောက်လာနိုင်တဲ့ စပိန် ရွေးကောက်ပွဲ

စပိန်မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပရမယ့် အချိန် မတိုင်ခင် စောစောစီးစီး ကျင်းပ နေပါတယ်။ စပိန်မှာ ဖက်ဆစ် အာဏာရှင် အလွန် ဒီမိုကရေစီ ပြည်လည် ထူထောင်ခဲ့တဲ့ ၁၉၇၀ ပြည့်ကျော်နှစ်တွေကစလို့ ပထမဆုံး အနေနဲ့ အခု ရွေးကောက်ပွဲ ကနေ တဆင့် လက်ျာစွန်းရောက် အမျိုးသားရေးပါတီ ညွန့်ပေါင်း အစိုးရထဲ ပြန်ပါလာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဗဟိုလက်ျာပါတီဖြစ်တဲ့ ပြည်သူ့ပါတီ မဲအများဆုံး ရနိုင်ပေမယ့်၊ အစိုးရ ဖွဲ့လောက်အောင် ပြည့်မှီနိုင်မှာ မဟုတ်တာကြောင့် လက်ျာစွန်းပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့လာဖွယ် ရှိတယ်လို့ စောင့်ကြည့် လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။